မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 september 2010

လက်မှတ်အသစ် လုပ်ပေးမည်ဟု ဝန်ကြီးပြောဆို

မြတ်ခိုင်ဦး / ၂၇ စက်တင်ဘာ ၂၀၁၀
အလုပ်သမားမှတ်ပုံတင်လက်မှတ်မရှိသေးသည့်ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင်လုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက စက်တင်ဘာ (၂၃)ရက်တွင် ပြုလုပ်သည့် ထိုင်းအလုပ်သမားဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြပါရှိသည်။
အဆိုပါ ပြောကြားချက်နှင့်ပတ်သက်၍ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသော နိုင်ငံတကာအဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက “လုပ်မယ်ဆိုရင် နိုဝင်ဘာလ ကက်ဘိနက် အစည်းအဝေးမှာ တင်ပြရမှာပါ။ ဒီမတိုင်ခင်တော့ အလုပ်သမားဝန်ကြီးဌာန အထက်မှာရှိတဲ့ အလုပ်သမားစီမံခန့်ခွဲရေး ကော်မတီကို တင်ပြရပါမယ်။ ကော်မတီက သဘောတူခွင့်ပြုရင် ကက်ဘိနက်ကလည်း သဘောတူမှာပါ” ဟု ပြောဆိုသည်။
အလုပ်သမားမှတ်ပုံတင် လက်မှတ်အသစ် ပြုလုပ်ပေးမည်ဆိုလျှင် ယခင်ဘတ်လက်မှတ်ကို သက်တမ်းဆက်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် စောင့်ဆိုင်းနေရသူများကိုလည်း လာမည့်ဖေဖော်ဝါရီတွင် အလုပ်လုပ်ခွင့် ဘတ်လက်မှတ် သက်တမ်း ထပ်မံတိုးပေးရမည် ဖြစ်ကြောင်းလည်း အဆိုပါအရာရှိမှ ပြောကြားသည်။
ထိုင်းနိုင်ငံတွင်းတွင်ရွှေ့ပြောင်းအလုပ်သမားဦးရေ(၂)သန်းခန့်ရှိမည်ဟုအလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက ခန့်မှန်းထားကြသည်။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလကုန်တွင် အလုပ်သမားလက်မှတ် သက်တမ်းဆက်ထားသော ဦးရေမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား (၃) နိုင်ငံလုံးမှ (၁,၀၄၂,၂၄၂) ဦးသာ ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၈၃၃,၀၁၃) ဦး ပါဝင်သည်။
ထို (၃)နိုင်ငံလုံးမှ ဘတ်လက်မှတ် သက်တမ်းမဆက်သူပေါင်းမှာ (၂၇၃,၆၉၀)ဦးရှိသည့်အတွက် ထိုသူများအားဇွန်လ(၂)ရက်ရက်စွဲဖြင့်ထုတ်ပြန်သောထိုင်းဝန်ကြီးချုပ်အမိန့်ဖြင့် လိုက်လံဖမ်းဆီးနေမှုများလည်း နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်နေသည်။
စက်တင်ဘာ (၂၂) ရက်စွဲဖြင့် ထုတ်ပြန်သော ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ သတင်းထုတ် ပြန်ချက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ယာယီပတ်စပို့ ထုတ်ပေးပြီးသည်မှာ ဇူလိုင်လ (၂၅) ရက်နေ့အထိ (၁၄၂,၃၃၈) ဦးသာရှိသေးကြောင်း သိရှိရသည်။ သို့အတွက် ဆက်လက်၍ စောင့်ဆိုင်းနေသူပေါင်းမှာ (၆၉၀,၆၇၅) ဦးရှိနေသေးသည်ဟု ပါရှိသည်။
နှစ်နိုင်ငံအစိုးရများမှ ယာယီပတ်စပို့ ထုတ်ပေးမှု လုပ်ငန်းစဉ်ကို၂၀၁၂ ခုနှစ်တွင် အပြီးသတ်စေရမည်ဟု မကြာသေးမီက တရားဝင် ပြောကြားခဲ့သေးသော်လည်း သတ်မှတ်ချိန်အတွင်း ပြီးစီးရန်မဖြစ်နိုင်ဟု အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များမှ ယူဆနေကြသည်။
နှစ်နိုင်ငံ သဘောထူစာချွန်လွှာအရ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို နယ်စပ်ဒေသများမှသာ ယာယီပတ်စပို့ဖြင့် တရားဝင်ခေါ်ယူမည်ဟုဆိုကာ ယမန်နှစ်မှစ၍ နိုင်ငံသားစိစစ်မှုလုပ်ငန်းကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့တွင် ပတ်စပို့ထုတ်ပေးရေးရုံးများ ဖွင့်လှစ်ကာ ပြုလုပ်လာခဲ့သည်။ ထို့အပြင် မိုးရာသီတွင် သွားလာရေးအဆင်ပြေရန်ဟု ဆိုကာ မြန်မာဘက်ခြမ်းရှိ ရုံးကို ထိုင်းနိုင်ငံဘက်အခြမ်းရှိ ရနောင်းမြို့သို့ ယခုနှစ် ဇူလိုင်လဆန်းမှစ၍ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်ပေးခဲ့သည်။
ဤအတောအတွင်း အဆိုပါ ရနောင်းမြို့ရှိ ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံးကိုလည်း စက်တင်ဘာလကုန်တွင် ပိတ်သိမ်းကာ အောက်တိုဘာလဆန်းမှစတင်၍ မြန်မာနိုင်ငံဘက်အခြမ်း၊ ကော့သောင်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်မည် ဆိုသည့် အတည်မပြုနိုင်သော ကောလာဟလများ ထွက်ပေါ်နေသည်။
ယာယီပတ်စပို့လုပ်ငန်း လုပ်ဆောင်နေသူ နေလကမ္ဘာ (SUNMOONWORLD)ကုမ္ပဏီမှ တာဝန်ခံတဦးကမူ “သူတို့သက်တမ်း ဆက်တိုးပေးထားတယ်လို့ စနေနေ့က ကျနော်တို့သွားတော့ ပြောတယ်” ဟု ဆိုသည်။
၎င်းက “ကျနော်တို့ (၃) လပိုင်းကတည်းက စလုပ်လာတာ (၄၀၀) ကျော် ပြီးစီးခဲ့ပါပြီ။ ဒီဘက်မှာ လုပ်တာ တနေ့ လူ (၈၀၀-၉၀၀) လောက်ပြီးတယ်။ ဟိုဘက်ရွှေ့သွားရင် တနေ့ကို (၃၀၀) လောက်ပဲ ပြီးမယ်ထင်တယ်” ဟု ဆိုသည်။
သို့သော် ရနောင်းပတ်စပို့ရုံးတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းတဦးက အတည်ပြု ပြောကြားရာတွင် “မပိတ်သေးဘူး၊(၁၀)လပိုင်းကုန်လောက်မှပိတ်မယ်လို့ပြောတယ်။ကျနော်တောင်(၂၈)ရက်နေ့ ထပ်သွားရမယ်။ ဒီအပတ်ဆို လုပ်ပေးတာ (၄,၀၀၀) ပြည့်တော့မယ်” ဟု ဆိုသည်။

Geen opmerkingen: