မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 september 2010

ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ အသံလွှင့်ရန် တင်ပြချက် ပယ်ချခံရ

မျိုးချစ်သူ / ၂၂ စက်တင်ဘာ ၂၀၁၀
နအဖအစိုးရ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများမှ (၁၅)မိနစ်စာ မဲဆွယ်ခွင့်အတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရာတွင် ပယ်ချခံရကြောင်း သိရသည်။
ယင်းသို့ပယ်ချခံရခြင်းမှာ ရွေးကောက်ပွဲဥပဒေနှင့် ငြိသည့်အတွက်ဖြစ်ကြောင်း၊ ထို့ကြောင့် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံသို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
“ကော်မရှင်ကိုတင်ရတဲ့အခါ စာမျက်နှာ (၇)မျက်နှာ (အေဖိုး ၇ မျက်နှာ)တင်ရမယ်လို့ပါတယ်။ ကျနော်ဟောပြောလိုတဲ့ အကြောင်းအရာတွေမှာ ပုဂ္ဂိုလ်ရေးထိခိုက်စေမယ့် စကားတွေပါတယ်လို့ ပြောတဲ့အတွက် ပြန်တင်ရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ ဒီတခါ တင်လို့ အဆင်မပြေရင်တော့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မပြောနိုင်သေးပါဘူး။ အခု တကြိမ်မှာ လွတ်တယ်ဆိုရင်တော့ ဒီတရက် နှစ်ရက်မှာ လွှင့်ဖြစ်မယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။
ပါတီအသီးသီးသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် ပါတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်များအား ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှတဆင့် ဟောပြောတင်ပြခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် တင်ပြရမည်ဟု နအဖပိုင် သတင်းစာများမှ ကြေညာခဲ့ပြီးဖြစ်သည်။
ယင်းကြေညာချက်အရ ရေဒီယိုနှင့်ရုပ်သံတို့မှ ဟောပြောလိုသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက (၇)ရက်ကြိုတင်၍ ပါတီမူဝါဒနှင့်လုပ်ငန်းစဉ်များအား အေဖိုးအရွယ်အစား စာမျက်နှာ (၇)မျက်နှာထက် မပိုသော စာမူဖြင့် ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်သည်။ ပါတီများဟောပြောချိန်မှာ (၁၅)မိနစ်စာရမည်ဟု ကြေညာချက်တွင် ပါရှိသည်။
ဟောပြောမည့်စာမူများကို ရွေးကောက်ပွဲကော်မရှင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့က စိစစ်ကြမည်ဟုလည်း ဆိုထားသည်။
အသံလွှင့်ရန် အခွင့်အရေးရသည်ကို ပါတီများက ကြိုဆိုကြသော်လည်း ကန့်သတ်ချက် များသည်ကို မနှစ်သက်ကြကြောင်း နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းမှ သိရသည်။
၂၀၁၀ နိုဝင်ဘာ (၇)ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသို့ ၀င်ပြိုင်ကြမည့် ပါတီ (၃၇)ခုရှိကာ အင်အားအကြီးဆုံးမှာ ကြံ့ဖွံ့ပါတီဖြစ်ပြီး လွှတ်တော်(၃)ရပ်စလုံးတွင်(၁,၁၃၄) နေရာ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Geen opmerkingen: