မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 september 2010

စစ်ကိုမလို ငြိမ်းချမ်းရေးလိုသည်ဟု ကချင်အမျိုးသမီးများ ပြော

ကိုဝိုင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ်အတွင်း စစ်ငွေ့သမ်းနေချိန်တွင် စစ်ဖြစ်မှာကို မလိုလားကြောင်း ပြသကာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကချင်အမျိုးသမီးများက ကျင်းပခဲ့ကြသည်။
“ကျမတို့ ကချင်အမျိုးသမီး လူငယ်တွေကလည်း စစ်ကို မလိုချင်ဘူးလေ။ အခုလောလောဆယ်က စစ်ပွဲဖြစ်မလို ဖြစ်နေတယ်လေ။ အနိုင်ကျင့်တာ ဖိနှိပ်တာတွေ မလိုချင်ဘူး”ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူ အမျိုးသမီးတဦးက ပြောသည်။
သူမအပါအဝင် လူငယ် ၂ဝ ကျော်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲနှင့် ဆုတောင်းခြင်း အခမ်းအနားလေး တခုကို လုပ်ခဲ့ကြသည်ဟုဆိုသည်။ အလားတူပင် မိုးမောက်မြို့နယ်တွင် လုပ်သော အခမ်းအနားကို လူ ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။
“ဥပမာ ကိုယ့်သူငယ်ချင်းတယောက်ကို ခေါ်ပြီးမှ သူ့သူငယ်ချင်းတွေကို ပြန်ခေါ်ခိုင်း အဲဒီလိုမျိုးပေါ့။ လာတဲ့လူ အားလုံးကိုတော့ မသိဘူး”ဟု စစ်အစိုးရက အတိုက်အခံ လှုပ်ရှားမှုကို ဒေါက်ထောက် ကြည့်နေသော ကာလတွင် လူစုရပုံကို သူမက ပြောပြသည်။
နေပြည်တော်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၏ တပ်များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းကို လက်မခံဘဲ တင်းမာမှုများကြောင့် ဒေသရှိ ရွှေမှော်များတွင် လုပ်ကိုင်နေသူများ စွန့်ခွာသွားကြပြီ ဖြစ်သည်။
ရန်ကုန်တိုင်းတွင်လည်း နီးစပ်ရာ လူငယ်အမျိုးသမီးများက ဦးဆောင်၍ အစုအဖွဲ့လိုက် ဆွေးနွေးပွဲ ဆုတောင်းပွဲများ ကျင်းပခဲ့သည်ဟု သတင်းပေးပို့ကြသည်။
မြေအောက် အစုအဖွဲ့တခုဖြစ်သော “သဲတပွင့်နှင့် သူငယ်ချင်းတစု”ကွန်ယက်မှ အမျိုးသမီး ၃ဝ ဦး (စစ်တပ်မှ အမျိုးသမီးများ အပါအဝင်) သည် မရမ်းကုန်းမြို့နယ်အတွင်း၌ ဝါယာလက်ဈေး၊ မင်္ဂလာဒုံဈေး၊ ထောက်ကြံ့ဈေးနှင့် လှည်းတန်း ဇေယျာသီရိလမ်းတို့တွင် ပို့စ်ကဒ်များ ဖြန့်ဝေခဲ့ကြသည်ဟု မဇ္ဈိမက ဆက်သွယ်ရရှိသော အဖွဲ့ဝင်တဦးက ပြောသည်။
“ကျမအမျိုးသားက တပ်ထဲက အရာရှိတယောက်ပဲ။ ဒီကွန်ယက်က အမျိုးသမီးလူငယ်တွေ လူမှုရေးတွေ နိုင်ငံရေးတွေ တက်ကြွတာ အားရပြီး တပ်မတော်ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဖိတ်ခေါ်ချင်တယ်ဆိုလို့ ကျမလည်း စိတ်အားတက်ကြွပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာ” ဟု သူမက မဇ္ဈိမကို ပြောသည်။
ပို့စ်ကဒ်လေးမျိုး ၂,ဝဝဝ ခန့် ဖြန့်ဝေခဲ့ပြီး ထိုပို့စ်ကဒ်များထဲတွင် ဒေါင်းအလံ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ သင်္ကေတ ဂျိုးငှက်ပုံ၊ တပ်နဲ့ပြည်သူ လက်တွဲကူ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်စို့စာသား၊ ရွေးကောက် ပွဲဆန့်ကျင်ရေး၊ မဝင်းမော်ဦးကို ရည်စူး၍ ဒေါင်းပျိုမလေးအတွက် တမ်းခြင်း တို့ပါဝင်သည်။
၁၉၈၁ ခု ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှ စက်တင်ဘာ တတိယပတ်၏ အင်္ဂါနေ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ဟု သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် စက်တင်ဘာ ၂၁ ရက်ကိုသာ အတည်ပြုပြီး ယင်းနေ့တွင် ကမ္ဘာတလွှား အပစ်အခတ်နှင့် အကြမ်းဖက်မှုများ ရပ်ဆဲထားကြလေ့ရှိပြီး အခမ်းအနားများလည်း ကျင်းပကြသည်။
ကုလအထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းကလည်း “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် လူငယ်များ” ဟူသည့် ယခုနှစ်ဆောင်ပုဒ်နှင့် အညီ ကမ္ဘာတလွှားရှိလူငယ်များအား ငြိမ်းချမ်းရေးအတွက် ရပ်တည်ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။
မြောက်ဥက္ကလာပမြို့နယ်မှ လူငယ်အမျိုးသမီး ၂၂ ဦးကလည်း တပ်နှင့်ပြည်သူလက်တွဲ၍ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး သူငယ်ချင်း အိမ်တအိမ်တွင် ဖယောင်းတိုင်ထွန်း ဆုတောင်းခဲ့ကြသည်။
“စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူဖို့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်စို့” စာတန်းပါ ဂျိုးငှက်ပျံနေသောပုံ ၅ဝဝ ကိုလည်း ဆူးလေဘုရား၊ ကျောက်တံတား၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပေါက်ကံ၊ သာကေတ မြို့နယ်များတွင် ဝေခဲ့သည်ဟု ဆိုသည်။
ယင်းအစုအဖွဲ့ ပြောခွင့်ရ အမျိုးသမီးက “ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြတယ်။ မဲပေးတာဟာ တကယ် ဟုတ်ပါ့မလားဆိုတာ ပြောဆိုကြတယ်။ သူငယ်ချင်း တယောက်အိမ်မှာ မွေးနေ့ဆုတောင်း ပွဲပုံစံမျိုးလိုလို လုပ်ခဲ့ရတာပါ” ဟု ပြောသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကလည်း ဂျိုးငှက် ၅ ကောင်လွှတ်၍ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။ ဒုဥက္ကဌ ဦးတင်ဦးအပါအဝင် NLD ပါတီဝင်များ၊ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်များ၊ မဝင်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် မိသားစုဝင်များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများ တက်ရောက်ခဲ့ကြသည်။



Geen opmerkingen: