မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 25 september 2010

သာယာဝတီ၌ ကြံ့ဖွံ့ပါတီက တစည ပါတီဝင်များကို အဓမ္မ ဘက်ပြောင်းခိုင်း

ရန်ပိုင် Saturday, September 25, 2010
.ပဲခူးတိုင်း သာယာဝတီ မြို့နယ်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဝင်များကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ၎င်းတို့ ပါတီဘက်သို့ အဓမ္မ ပြောင်းခိုင်းသည့် အတွက် တစည ပါတီက အမှုဖွင့် တိုင်ကြား ထားကြောင်း သိရှိရသည်။
                                                                           ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
ပြီးခဲ့သည့် တနင်္ဂနွေနေ့က သာယာဝတီမြို့နယ် မြောက် ၀ါးလေးရုံရွာရှိ “တစည” ပါတီဝင် ၁၆ ဦး၏ ပါတီဝင် ကတ်ပြားများကို ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူး ဦးစန်းဝင်းက သိမ်းယူပြီး ပါတီပြောင်းခိုင်းသည့် အတွက် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း သာယာဝတီ မြို့နယ် တစည ပါတီ စည်းရုံးရေးမှူး ဦးလှကြိုင်က ဧရာဝတီသို့ ပြောသည်။
“မင်းတို့ ကြံ့ခိုင်ရေးကလွဲရင် တခြားဘယ်ပါတီမှ မ၀င်ရဘူး၊ “တစညပါတီ” နိုင်လည်း ရှုံးမှာပဲ၊ ငါတို့ ကြံ့ဖွံ့ နိုင်ရင် “တစည” ဘာဖြစ် သွားမလဲ သိလား”ဟု ဦးစန်းဝင်းက ပြောကြောင်း ၎င်းက ဆိုသည်။
အဆိုပါ တစည ပါတီဝင်များသည် ၎င်းတို့ ပါတီဝင်ကတ်များကို ပြန်လည်တောင်းခံသော်လည်း ဦးစန်းဝင်းက သာယာဝတီမြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးထံ ပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ပြန်မပေးနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိသည်ဟု သိရသည်။
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဆိုသော်လည်း ယခုအခါ ကြံ့ဖွံ့ပါတီ ၏ အနိုင်အထက် ပြုကျင့်မှုများပိုမို များပြားလာ သည့်အတွက် ခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အပြင် သုံးဆယ်မြို့ ရဲစခန်းတွင်ပါ အမှုဖွင့်တိုင် ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးလှကြိုင်က ဆက်လက်ပြောသည်။
သာယာဝတီခရိုင် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တဦးကလည်း ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး အရေးယူပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ အကြောင်းကြားထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ယခုကိစ္စမှာ မိမိတို့ ကော်မရှင်မှ အရေးယူ၍ မရသည့်အတွက် ရဲစခန်းတွင်သာ အမှုဖွင့်တိုင်ကြားပါဟု တစည ပါတီကို ပြောကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။
“တစည”ပါတီသည် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းလဲပြီး ၁၉၈၈ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယင်း ပါတီတွင် ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည့် ဦးထွန်းရီ၊ ဦးသန်းတင်၊ ဦးချစ်လှိုင်စသည့် ဗိုလ် ချုပ်ဟောင်းများနှင့် ဖွဲ့စည်းထား ခြင်းဖြစ်သည်။
သာယာဝတီမြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် မှ တိုင်းစည်းရုံးရေးမှူး ဦးဝင်းသန်းကလည်း“တခြား ပါတီတွေ စည်းရုံးရေး ဆင်းရင်၊ ဟောပြောပွဲလုပ်ရင် နယ်မြေမှာရှိတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့ အသံချဲ့စက် ငှားမရအောင် လုပ်တယ်၊ လူထုမလာ ရဲအောင် ရဲသတင်းဖွဲ့က ဗီဒီယိုရိုက်ပြီး အနှောင့်အယှက် ပေးတယ်”ဟု ဆိုသည်။
ရွေးကောက်ပွဲဝင်မည့် ပါတီများတွင် ကြံ့ဖွံ့ပါတီသည် ကျန်သည့် ပါတီများစည်းရုံးရေး မဆင်းနိုင်အောင် ပြုလုပ်နေကြောင်း၊ လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးမည်ဆိုသော လက်ရှိအာဏာရရှိနေသူများ ပါဝင်နေသည့် ပါတီ အနေဖြင့် ထိုသို့ မပြုလုပ်သင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
သာယာဝတီခရိုင်တွင် ကြံ့ဖွံ့ပါတီ ၊ တစည ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: