မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 17 augustus 2010

လွှတ်တော် အဆောက်အအုံ အပြီးသတ်ရန် ဗိုလ်ချုပ်မှူးကြီး မှာကြား

နရီလင်းလက် Tuesday, August 17, 2010
.၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်လာပါက အသုံးပြုရန် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အပြီးသတ် ဆောက်လုပ်ရေး အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာကြားကြောင်း သိရသည်။
အစိုးရသစ်အတွက်ဆောက်လုပ်နေသောနေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ(ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
ယမန်နေ့က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)စစ်ဆင်ရေး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည့် အထူး စီမံကိန်းများ အကောင် အထည် ဖော်ရေး အဖွဲ့၏ (၂ /၂၀၁၀) ညှိနှိုင်း အစည်းအဝေးတွင် ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။
အထူး စီမံကိန်း အဖြစ် အကောင် အထည်ဖော် တည်ဆောက် နေသည့် အဆောက် အအုံများတွင် ပါလီမန် လွှတ်တော် အဆောက် အအုံများ၊ ဒု သမ္မတ အိမ်တော်၊ သမ္မတ အိမ်တော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးချုပ်နှင့် တခြား အရေးကြီး အဆောက် အအုံများ ပါဝင်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
“ရွေးကောက်ပွဲလုပ်မယ့်နိုဝင်ဘာမတိုင်မီလွှတ်တော်အဆောက်အအုံအပါအ၀င် အကုန်လုံးကိုပြီးစေချင်တာ။ရွေးကောက်ပွဲပြီးတာနဲ့ချက်ချင်းအစိုးရဖွဲ့ပြီး တက်မှာဆိုတော့ကြိုပြီးစေချင်တော့ မြန်မြန်ပြီးအောင်လုပ် ဆိုတဲ့ သဘောပါပဲ”ဟု ၎င်းက ဆက် လက်ပြောဆိုသည်။
ယင်းအစည်းအဝေးတွင် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချူပ် မှူးကြီး သန်းရွှေ အပါအ၀င် ဒုတိယ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ၀န်ကြီးချုပ် ဦးသိန်းစိန်၊ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဌာနဆိုင်ရာ ၀န်ကြီးများ၊ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။
“အဆောက်အအုံ တော်တော်များများက အတွင်းပိုင်းအလှဆင်တာလောက်ပဲ ကျန်တော့တယ် ပြီးနေပြီ။ ပုံစံ အကုန်လုံး နီးပါး က ထုထည်ကြီးကြီးမားမားနဲ့ ခမ်းခမ်းနားနားလုပ်ထားတာ သေးသေးလေးတခုမှမပါဘူး။ နေပြည်တော်မှာ ဒီလို အဆောက် အအုံကြီးတွေ ရှိနေမယ်လို့ မထင်ရလောက်အောင် ဆောက်ထားတာ”ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦးက ဆိုသည်။
စစ်အစိုးရ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားသည့် USDPပါတီ ရုံးချုပ် အဆောက်အအုံကိုလည်း ခမ်းခမ်းနားနား တည် ဆောက်ထားကာ USDPအမှတ်တံဆိပ် ခြင်္သေ့ ရုပ်ဖြင့် အလှဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။
စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ထောင် ရွှေ့ပြောင်းပြီးနောက် စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာ ရုံး အဆောက်အအုံ အများအပြားကို ရွှေ့ပြောင်းကာ နန်းမြို့တော်ကြီး တခုသဖွယ် ပြောင်းလဲ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ နေထိုင်ရန် စီမံကိန်းများရေးဆွဲကာ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ခဲ့ပြီး နေပြည်တော် တပ်ကုန်းကို အထူး နေရာ အဖြစ် သတ်မှတ်ကာ လျှပ်စစ်မီးနှင့် သောက်သုံးရေ အလျှံအပယ် သုံးစွဲမှုများပြုလုပ်ထားသည်ဟု ၎င်းက ဆက်ပြော သည်။
“ဒီ အစည်းအဝေးပြီးတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကလည်း နေပြည်တော် ဆောက်လုပ်ရေး လုပ်နေတဲ့ အဓိက ကုမ္ပဏီ ၂၀ ရယ် တခြား ဆောက်လုပ်ရေး ကုမ္ပဏီလေးတွေပါ ခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးပြောတဲ့အတိုင်း အမြန်ဆုံးပြီးအောင်လုပ်ဖို့ ထပ်ပြော သွားတယ်”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။
ယင်း အဆောက်အအုံများ တည်ဆောက်သည့် ကုန်ကျစရိတ်သည် ကျပ် သန်းပေါင်း ထောင်ချီ ကုန်ကျနိုင်သော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကာ အကုန်ကျခံ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။
နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူးကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် ကြောင်း သိရသည်။
စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

Geen opmerkingen: