မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 27 augustus 2010

စစ်အစိုးရ နျူကလီးယား စီမံကိန်း စောင့်ကြည့်ရန်လိုအပ်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးပြော

ဇာနည်မာန် Friday, August 27, 2010
.မြန်မာနိုင်ငံ၌ နျူကလီးယား စီမံကိန်း လတ်တလော အခြေအနေအရ မရှိသော်လည်း စောင့်ကြည့်ရန် လိုအပ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးက ကြာသပတေးနေ့က ပြုလုပ်သည့် အထက်လွှတ်တော် အစည်းဝေးတွင် ပြောဆိုလိုက်သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် နှင့် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ အက်စ် အမ် ခရစ္စရှနား တို့ ပြီခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ကျန်းမာရေး၊ သိပ္ပံ နှင့် နည်းပညာ ကဏ္ဍ အပါအ၀င် နှစ် နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးကြစဉ်(ဓာတ်ပုံ - အမေရိကန်နိုင်ငံခြားရေး ၀က်ဘ်ဆိုက်)“မြန်မာ အစိုးရက နျူကလီးယား စီမံကိန်း မရှိပါဘူးလို့ အခိုင်အမာ ပြောထားတော့ အိန္ဒိယက ဒါကို ယုံကြည်ရမှာပါပဲ။ ဒါပေမယ့်လည်း ကျနော်တို့ နိုင်ငံရဲ့လုံခြုံရေး အတွက် စုံစမ်းရေး အဖွဲ့တွေနဲ့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့် နေမှာပါ”ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ အက်စ် အမ် ခရစ္စရှနားက ပြောဆိုသည်။
အိန္ဒိယ၏ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ပါကစ္စတန်နှင့် တရုတ်နိုင်ငံ တို့တွင် နျူကလီးယား စီမံကိန်းများ အပြင် နျူကလီးယား လက်နက် ပိုင်ဆိုင်မှုများပါ ရှိနေသည်ဖြစ်၍ အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိပါးမှု မဖြစ်စေရန် အထူးစုံစမ်းရေး အဖွဲ့များဖြင့် စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်လျက် ရှိသည်ဟုလည်း ၎င်းက ပြောဆိုသွားသည်။
အိန္ဒိယနိုင်ငံတွင် လိုအပ်သော စွမ်းအင်ကဏ္ဍအတွက် နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုကို အမေရိကန်နိုင်ငံမှ နည်းပညာ အထောက်အပံ့များ ပေးအပ်ကူညီမည်ဖြစ်ရာ နျူကလီးယား အန္တရာယ်နှင့် ဖြစ်ပေါ်လာမည့် အကျိုးအပြစ်များကို အိန္ဒိယ အထက်လွှတ်တော်တွင် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးမှ ထိုကိစ္စကို အတည်ပြုရေးအတွက် ထုတ်ပြန်ကြေညာ ချိန်တွင် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့နျူကလီးယား စီမံကိန်းနှင့် ပတ်သက်၍ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြောဆိုချက်သည် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမပျက်ပြားလို၍ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ ငြင်းဆိုမှုကို လက်ခံယုံကြည်ဖွယ်ရှိသော်လည်း လုံခြုံရေးအရ စိုးရွံ့မှုများကို ဖော်ပြနေသည်ဟု အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက သုံးသပ်ကြသည်။
“အစိုးရချင်း သဘောတူညီချက်တွေကလည်း ရှိထားတော့၊ မိတ်ပျက်မှာလည်းစိုးတော့ သူတို့က မတင်မကျပြောလိုက် တယ်လို့ ယူဆရမှာပဲ။ ဒါပေမယ့် သူတို့နိုင်ငံရဲ့လုံခြုံရေးနဲ့ကလည်း တိုက်ရိုက်ပတ်သက်နေတော့ အမှန်တကယ် စိုးရိမ် နေတယ်ဆိုတာကတော့ သေချာတယ်”ဟု အိန္ဒိယ အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)အနောက်ဘက် ဒေသ နိုင်ငံခြားရေးတာဝန်ခံ ကိုဇင်နိုင်က ပြောသည်။
အိန္ဒိယအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် စွမ်းအင် အရင်းအမြစ်နှင့်ပတ်သက်၍ သဘောတူညီချက်များအပြင် စီးပွားရေး သဘောတူညီချက် အများအပြား ပြုလုပ်ထားပြီး တဖက်တွင်လည်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးလာနေမှုကို စိုးရွံ့မှုများလည်း ရှိနေသောကြောင့် အစိုးရချင်း သံတမန် ဆက်ဆံရေး ပျက်ပြားမည်ကိုလည်း စိုးရိမ်နေသည်ဟု သူကဆို သည်။
စစ်အစိုးရသည် ရုရှနှင့် မြောက်ကိုးရီးယားသို့ ပညာတော်သင် စစ်သည်များစေလွှတ်၍ နျူကလီးယားနှင့် ပတ်သက်သည့် ပညာရပ်များကို သင်ကြားစေပြီး မြန်မာနိုင်ငံတွင် လျှို့ဝှက် နျူကလီးယား၊ ဒုံးကျည် နှင့် ဥမင်လိုဏ်ခေါင်း စီမံကိန်းများ ပြုလုပ်နေကြောင်း၊ ဒုံးပျံ အင်ဂျင် အထူးပြုဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဗိုလ်မှူး စိုင်းသိန်းဝင်း က ဖော်ထုတ်ခဲ့သည်။
အဆိုပါ စီမံကိန်းများကို မြောက်ကိုရီးယား နိုင်ငံမှ အကူအညီများဖြင့် အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း အများက ပြောဆိုနေကြပြီး နိုင်ငံတကာမှ စောင့်ကြည့် လေ့လာမှုများ ဖြစ်ပေါ်လာကာ ဒေသတွင်းနိုင်ငံများကလည်း လုံခြုံရေး အတွက် စိုးရိမ်မကင်း ဖြစ်နေကြသည်။
စစ်အစိုးရကမူ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း အခိုင်အမာငြင်းဆိုခဲ့သည်။
သို့သော် မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် စစ်အစိုးရ ထိပ်ပိုင်းအရာရှိကြီးများနှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)၏ “တပ်မတော်ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များ”တွင် တပ်မတော် ကို ပြည်တွင်း ပြည်ပရန်မှ အပြည့်အ၀ ကာကွယ် နိုင်စွမ်းရှိရန် စွမ်းအားစုကြီး ၃ ရပ် အပေါ် အခြေခံ တည်ဆောက် သွား မည်ဟု ဖော်ပြထားသည်။
ကြံ့ဖွံ့ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်း၏ စာမျက်နှာ ၁၁ ပါ “ကာကွယ်ရေးလုပ်ငန်းစဉ်”များတွင် “နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အဓိကကျသည့် နိုင်ငံရေးစွမ်းအား (PoliticalMight)၊ စီးပွားရေး စွမ်းအား (EconomicMight) နှင့် ကာကွယ်ရေး စွမ်းအား (MilitaryMight) တို့ကို ခိုင်မာအောင် တည်ဆောက် သွားမည်”ဟု ဖော်ပြထားသည်။
ကာကွယ်ရေးစွမ်းအားကို ခိုင်မာအောင် တည်ဆောက်ရေးအတွက် စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်မှု ရရန် ကြိုးပမ်းမှုများ ပြုလာသည်ဟု မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြသည်။
ကိုဇင်နိုင်က ဆက်၍ “စစ်အစိုးရကတော့ ဖြစ်နိုင်မယ်ဆိုရင် မြောက်ကိုးရီးယားလို ဒေသတွင်းမှာ နျူကလီးယား လက်နက် ပိုင်တဲ့သူဖြစ်အောင် နည်းမျိုးစုံနဲ့ ကြိုးစားမှာပဲ။ ဒါပေမယ့် အိန္ဒိယကတော့ ဒီကိစ္စမှာ နောက်ကွယ်ကနေ နည်းပညာ ထောက်ပံ့ တာမျိုးတွေတော့ လုပ်လိမ့်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်ဆီကနေ သူ့ရဲ့ စွမ်းအင်လိုအပ်ချက် အတွက် နျူကလီးယား စွမ်းအင်ရဖို့ အကူအညီယူထားရတာလေ”ဟု ပြောသည်။
မြန်မာ့ နျူကလီးယား အရေးနှင့် ပတ်သက်၍ အိန္ဒိယအစိုးရအနေဖြင့် သံတမန်ရေးအရ ပျော့ပြောင်းစွာ ကိုင်တွယ်ခြင်းသာ ဖြစ်သော်လည်း နိုင်ငံခြားရေးဝန်ကြီးတဦးအနေဖြင့် မြန်မာနိုင်ငံတွင် နျူကလီးယားစီမံကိန်းမရှိသေးဟု ပြောဆိုခြင်းသည် မှားယွင်းသော သတင်းအချက်အလက်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု အိန္ဒိယအခြေစိုက် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်(ABSL) ဥက္ကဌ ကိုကျော်သန်းက သုံးသပ်သည်။
“စစ်အစိုးရကဘယ်တုန်းကမှနိုင်ငံတကာကိုရောပြည်သူကိုရောသတင်းအချက်လက် အမှန်ပေးတာမဟုတ်ခဲ့ဘူး။ဒါကိုစစ်အစိုးရနဲ့ ဆက်ဆံရေးမပျက်ချင်လို့ သံတမန်ရေးအရပြောလိုက်တာဆိုပေမယ့် ကိုယ့်နိုင်ငံကိုရော၊ ကမ္ဘာကိုပါ သတင်း အချက်အလက် အမှားတွေ ပေးလိုက်တာမျိုးဖြစ်သွားတော့ မကောင်းဘူးပေါ့”ဟု ကိုကျော်သန်းက ပြောသည်။
အိန္ဒိယ-မြန်မာ အစိုးရချင်း ဆက်ဆံရေးသည် ၁၉၉၀ နောက်ပိုင်းတွင် တစစ တိုးမြှင့်လာခဲ့ပြီး စီးပွားရေး၊ နည်းပညာ ဖလှယ်ရေး၊ စစ်ရေး ပူးပေါင်း လေ့ကျင့်ရေး တို့ကို လုပ်ဆောင်ခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇူလိုင်လအတွင်းက အိန္ဒိယ ခရီးစဉ်တွင်လည်း နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် အဆင့်မြင့်နည်းပညာ ဖလှယ်ရေးများ အတွက် သဘောတူ စာချုပ်များလည်း ချုပ်ဆိုခဲ့ကြသည်။

Geen opmerkingen: