မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 20 augustus 2010

မန္တလေးတိုင်းတွင် ကြံ့ဖွံ့ပါတီဝင် ၂၈ သိန်းရှိမည်ဟု ပါတီဖွင့်ပွဲတွင်ပြော

လွင်ကို Friday, August 20, 2010
.မန္တလေးတိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ် ဖွင့်လှစ်ပွဲကို ယနေ့ကျင်းပရာ ယင်းပါတီ၏ တိုင်းတွဲဘက် ရာထူး ယူထားသော ဦးအောင်ကျော်သာက မန္တလေးတိုင်း တတိုင်းလုံးတွင် ပါတီဝင်အင်အား ၂၈ သိန်းရှိမည်ဖြစ်ကြောင်း ပြောသည်။
                                   ကြံ့ဖွံ့ပါတီဖွင့်ပွဲ တက်ရောက်လာသော ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်
“မူလကရှိတဲ့ အသင်းဝင်အင်အားက တတိုင်းလုံးမှာ ၄၆ သိန်းကျော်တယ်။ ၀န်ထမ်းရယ်၊ ကျောင်းသား တွေရယ်နုတ်လိုက်ရင် ၂၈ သိန်းကျန်မယ်ဟု” ၎င်းကပြောသည်။
လူမှုရေးအသင်းအမည်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့အသင်း)ကို အသွင်ပြောင်းထားသော ကြံ့ဖွံ့ပါတီတွင် အမာခံ ပါတီဝင်အင်အား ၈ သန်းကျော်ရှိကြောင်း ကြံ့ဖွံ့ပါတီ အကြီးအကဲတဦးက ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။
ယင်းပါတီ ဖွင့်ပွဲအခမ်းအနားသို့ ကိုးကန့်၊ မွန် စသော တိုင်းရင်းသားများ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းများအသင်းချုပ် မှ တာဝန်ရှိသူများ၊ ရွှေဆိုင်တန်း အသင်းမှ တာဝန်ရှိသူများ စသောအဖွဲ့အစည်းများ တက်ရောက်လာကြသည်။
“အခုတက်လာတဲ့သူ အများစုက ဒီပွဲကို ကိုယ့်ဆန္ဒအလျောက် လာတာမဟုတ်ဘူး။ ခေါ်လို့ မလာ မဖြစ်လာရတဲ့ သူတွေများတယ်” ဟု မန္တလေး အခြေစိုက်လုပ်ငန်းရှင် တဦးကဆိုသည်။
ဖွင့်ပွဲအခမ်းအနားကို ၇၃ လမ်း၊ ၂၆ လမ်း x၂၇ လမ်းပေါ်ရှိ ယခင် မန္တလေးတိုင်း ကြံ့ဖွံ့အသင်း ရုံးတည်ရှိရာနေရာတွင် ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်နှင့် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။
မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်မှာ ကြံ့ဖွံ့ပါတီ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြု အနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည် ဟု သိရသည်။
ယင်းပါတီ ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်း၊ မန္တလေးခရိုင် ကြံဖွံ့ပါတီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် “တိုင်းပြည်၌ ခေတ်တွေ၊ စနစ်တွေ၊ အစိုးရအဖွဲ့တွေ အမျိုးမျိုးပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ယခုတကြိမ် ခေတ်အပြောင်းအလဲ၌ ပြည်သူတွေအတွက်၊ နိုင်ငံတော်ကြီးအတွက် အကောင်းဖြစ်ဖို့၊ စိတ်အေးချမ်းသာလုံခြုံဖို့ အဓိက ဦးစားပေးစဉ်ရန် အရေးကြီးနေသည်” ဟုဖော်ပြထားသည်။
ထို့ပြင် “ရွေးကောက်ပွဲ၌ မိမိတို့၏ ဆန္ဒမဲပြားကို ချင့်ချင့်ချိန်ချိန်စဉ်းစဉ်းစားစား မှန်ကန်စွာ အသုံးချရန် အရေးကြီးနေပြီ ဖြစ်သည်” ဟုလည်းပါရှိသည်။
ယင်းလက်ကမ်း စာစောင်နှင့်ပတ်သတ်၍ မန္တလေးမြို့ခံတဦးက “သူတို့လုပ်ချင်ရင် ဖြစ်နေတာပဲ။ မန္တလေးတိုင်း တတိုင်းလုံးမှာ ၂၈ သိန်းဆိုတာ သူတို့မစည်းရုံးဘဲနဲ့ ရထားတဲ့ အင်အားပဲ။ ကျောင်းသားနဲ့ ၀န်ထမ်းအင်အား တရားဝင် နုတ်ထွက်ခွင့် ပြုတယ်ဆိုတဲ့ အရေအတွက် အတိအကျကို မကြေညာဘူး” ဟုပြောသည်။
ယနေ့နံနက်ပိုင်းကလည်း မန္တလေးတိုင်းအတွင်းရှိ ၃၈ မြို့နယ်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက ခရိုင်တရားသူကြီး ရှေ့မှောက်တွင် ကတိစာချုပ်များချုပ်ဆိုခဲ့ကြောင်း တိုင်းကြံ့ဖွံ့မှ တာဝန်ရှိသူတဦးဆိုသည်။
မန္တလေးမြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ကြံ့ဖွံ့က စည်းရုံးရေးဆင်းရာ၌ ဆွမ်းလောင်းလှူ၍ ရွာလုံးကျွတ်ကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုများကို မျက်မှန်ကိုင်းများ တပ်ဆင်ပေးခြင်း၊ အင်္ကျီ၊ ဦးထုပ်၊ စာအုပ်နှင့် ဘောလ်ပင်များဝေခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းပါတီဆိုင်းဘုတ်တင်ပွဲတွင် “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပြွဲကီး အောင်ရမည်၊ ပြည်ခိုင်းဖြိုး ပါတီ နိုင်ရမည်”ဟုကြွေးကြော်ကြပြီး တေးသံရှင် ချောစုခင်သီဆိုထားသည့် “ခြင်္သေ့ကို မဲပေးပါ” သီချင်းအပါအ၀င် ၀ါဒဖြန့်သီချင်းများ ဖွင့်လှစ်၍ စတင်စည်းရုံးနေပြီဖြစ်သည်။

Geen opmerkingen: