မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 19 augustus 2010

လူမှုအကျိုးဆောင် ပါရမီဖြည့်ဖက် ရွှေဇီးကွက်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၁၈ မိနစ် .
အမည်ရင်း = ဒေါ်မြင့်မြင့်ခင်ဖေ
အသက် = ၅၂ နှစ်
ဇာတိ = ရန်ကုန်၊
ပညာရေး = ၁၉၈၄၊ ရူပဗေဒ၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (RASU)
မိဘ = ဦးဌေးအောင်ဖေ၊ ဒေါ်တင်တင်လတ် (မြစ်သား ဇာတိ)
-------------------------------------------------------------------------------------------------------
ကုလသမဂ္ဂအဖွဲ့ဝင် မြန်မာနိုင်ငံမှ လူမှုကူညီရေး လုပ်ဆောင်နေသူများသည် အာဏာပိုင်များ၏ နည်းမျိုးစုံ ဟန့်တားနှောင့်ယှက်မှုကြားမှ ကြိုးပမ်းနေကြရသည်။ အထင်ရှားဆုံး ဖိနှိပ်မှုများကို နာဂစ်မုန်တိုင်းကာလ၌ တွေ့ခဲ့ကြသည်။
သူဟာ ရုပ်ရှင်မင်းသားဖြစ်လို့ ဒီဘက်မှာ အထောက်အကူ ဖြစ်တယ်ဆိုတာ ဒီအချိန် ကျမှ ကျမသိလိုက်တယ်။ ရုပ်ရှင်မင်းသား ဘဝတုန်းကတော့ ကျမ မိသားစုအရေး တွေမှာ မပျော်ခဲ့ဘူး။
ယနေ့သည် ကုလသမဂ္ဂ“ကမ္ဘာ့လူမှုကူညီရေးနေ့”ဖြစ်သည်။ ၂ဝဝ၃ ခု သြဂုတ်လ ၁၉ ရက်နေ့တွင် အီရတ်နိုင်ငံဆိုင်ရာ ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံ ဘရာဇီးနိုင်ငံသား ဆာဂျီယိုဗီရာဒီမဲလိုးနှင့် အဖွဲ့သား ၂၁ ဦး မြို့တော် ဘဂ္ဂဒက်ရှိ ကုလရုံး ဗုံးခွဲခံရမှုတွင် သေဆုံးသွားခဲ့သည်ကို အောက်မေ့ ဂုဏ်ပြုသည့်အနေနှင့်၂ဝဝ၈ခု ဒီဇင်ဘာ ၁၁ ရက်နေ့ ကုလအထွေထွေထွေ ညီလာခံမှ စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာတဝှမ်း တွင် အခမ်းအနားများ ကျင်းပလေ့ရှိသည်။
                                                        နာရေးကူညီမှုအသင်း အလုပ်အမှုဆောင် ဒေါ်ရွှေဇီးကွက်
မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအနက် စက်တင်ဘာ သံဃာ့ အရေးအခင်းတွင် ထောက်ခံအားပေးခဲ့ကြသည့် ဒေါ်ရွှေဇီးကွက်တို့ သမီးခင်ပွန်းနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လှုပ်ရှားမှုများကို အာဏာပိုင်များက မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ အသင်း အမှုဆောင် ဒေါ်ရွှေဇီးကွက်၏ လူမှုရေးနှင့် ပုဂ္ဂိုလ်ရေး ဖြတ်သန်းမှုအချို့ကို သိရှိနိုင်ရန် ကိုဝိုင်းက မေးမြန်းထားသည်။
-------------------------------------------------------------------------------------------------------
ဒေါ်ရွှေဇီးကွက်ရဲ့တိုက်တွန်းမှုကြောင့် ဒီလူမှုရေးအလုပ်ကို လုပ်ဖြစ်သွားတာပါလို့ အသင်း ဥက္ကဋ္ဌလည်းဖြစ်၊ ခင်ပွန်းလည်းဖြစ်တဲ့ ဦးကျော်သူက မဇ္ဈိမကို ပြောထားပါတယ်။ လူမှုရေးလုပ်ငန်းကို လုပ်ကိုင်ချင်စိတ် ဘယ်လိုစပြီး ဖြစ်လာတာလည်းဗျာ။
အစကတော့ ရိုးရိုးလေးပါပဲ။ ကျမရဲ့အဒေါ် မြန်မာစာပါမောက္ခဒေါ်လှမြတ်က ဗြဟ္မစိုရ်နာရေးကူညီမှုအသင်း နာယက မန္တလေးက။ အဲဒါ လူထုဒေါ်အမာတို့ဦးစီးပြီးလုပ်ခဲ့တာလေ။ ဗမာပြည်မှာ ပထမဆုံးလုပ်တာပဲ။ သူတို့က ကျမတို့ ထက် ၂ နှစ်ခွဲလောက်စောတယ်။ အဲဒီကတည်းက စိတ်ဝင်စားတာ။ အဲဒီတုန်းကတော့ ငယ်သေး တယ်ပေါ့လေ။ သူတို့အရွယ်ရောက်မှ လုပ်မယ်လို့ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျတော့ အဒေါ်က ပြောတယ်။ ရန်ကုန်မှာ ဦးသုခတို့ လုပ်တော့မယ်တဲ့ စိတ်ဝင်စားရင် သွားပါပါလားတဲ့၊ အဲဒါနဲ့ ဘဘဦးသုခကို သွားတွေ့ပြီးတော့ ကျမတို့လည်းပါချင်တယ်ဆိုပြီးပါတာ၊ အဲဒီတုန်းက အသက် ၄ဝ လောက်ပေါ့။

တခြား လူမှုရေးလုပ်ငန်းအစား လူအများရှောင်လေ့ရှိတဲ့ အသုဘချရတဲ့ အလုပ်ကို ရွေးချယ်တာ ကရော ဘာကြောင့်လည်းဗျာ။

ပထမဆုံးကတော့ အဒေါ်ကြောင့်ပေါ့နော်။ နောက်တချက်ကျတော့ သေဆုံးတာကို ဘယ်သူမှ ရှောင်လို့မရဘူး။ ပြီးတော့ သေဆုံးတဲ့အချိန်ကလည်း လူတွေရဲ့ စိတ်အဆင်းရဲဆုံးအချိန်ပေါ့နော်။ ကိုယ့်ရဲ့မိသားစုဝင်တယောက် သေဆုံးသွားတဲ့ အခက်ခဲဆုံးအချိန်မှာ ကျမတို့အနေနဲ့ သူတို့ကို နှစ်သိမ့်မှုတခုခု ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လို့ ကျမလုပ်ဖြစ်တာပါ။ ကိုကျော်သူကိုလည်း ပရိသတ်တွေအတွက် ပေးဆပ်ဖို့ ဒါက အကောင်းဆုံးပေါ့နော်။ ကျမက တိုက်တွန်းတာပေါ့။ ပထမကတော့ ပေါ့ပေါ့ပါးပါးပေါ့နော်။ ကျမတို့ လင်မယားနှစ်ယောက်လုံးက ကားမောင်းတတ်ကြ တော့ အသုဘယာဉ်မောင်းကြတာပေါ့။

၂ဝဝ၁ ခုကစဖွဲ့ခဲ့တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ ဘယ်အခန်းကဏ္ဍတွေကနေ ပါဝင်လုပ်ကိုင် ခဲ့ပါလဲ။

ကျမတို့ကတော့ Founder တွေဆိုတော့ အမှုဆောင်တွေအဖြစ် စခဲ့ကြရတာပေါ့။ နောက်ပိုင်းတော့ ဘဏ္ဍာရေးမှာ ပါရပါတယ်။ ကိုယ်တိုင်သွားလက်ခံရတာလည်းရှိတယ်။ နိုင်ငံခြားကဘာညာလာရင် ကျမက အီးမေးတွေဘာတွေသုံးတော့ လက်ခံဖြတ်ပိုင်းတွေ အီးမေးနဲ့ပြန်ပို့တာလုပ်ပေးရပါတယ်။ ဒါပေမယ့် စာကြည့်တိုက်တို့ ပညာရေးတို့မှာလည်း အားစိုက်ပြီးတော့ လုပ်ရပါတယ်။ အသုဘလည်း ကိုယ်ကိုယ်တိုင်ကားမောင်းပြီး အများကြီး လိုက်ပို့ခဲ့ဖူးပါတယ်။

နာရေးအပြင် ဆေးခန်း၊ စာကြည့်တိုက်နဲ့ ပညာရေးလုပ်ငန်းတွေလည်း တိုးချဲ့ခဲ့ပြီဆိုတော့ အသင်းကို လာဆက်သွယ်တဲ့ လူငယ်တွေရော ရှိပါလား။

လူငယ်အသစ်တွေ တလတလကို ၂ဝ-၃ဝ လောက်တော့လာတယ်။ အကုန်လုံးကို လက်ခံတာတော့ မဟုတ်ဘူးလေ။ သူတို့က Formတွေလာတင်တယ်။ သူတို့ရဲ့ စိတ်နေစိတ်ထား၊ အချိန် ပေးဆပ်နိုင်မှု၊ လုပ်ရည်ကိုင်ရည် စိစစ်ပြီးလက်ခံတယ်။ ဒီအသင်းမှာ ဘာတွေလုပ်နေလဲ။ လူတွေအတွက် ဘယ်လိုအကျိုးဆောင်ပေးနေလဲ။ စိတ်ထားဘယ်လိုထားရမလဲ။ ရည်ရွယ် ချက်တွေက ဘာတွေလဲဆိုတာ ကျမတို့က စနစ်တကျ သင်ပေးရတယ်။ တလမှာ ပထမဆုံး အပတ် ၄ ရက်ပေါ့။ နောက်လတွေကစပြီး တာဝန်တွေ ခွဲချပေးရတယ်။

အလှူရှင်တွေက ပြည်တွင်းကလား ပြည်ပကလား။

ပြည်တွင်းကများတယ်။ အခုကျတော့ နိုင်ငံခြားက မြန်မာတွေကလည်း ပြည်တွင်းက သူတို့ရဲ့ မိဘဆွေမျိုးတွေကနေတဆင့် ဗမာငွေပဲ လှူကြတာပါ။ တခါတလေတော့လည်း နိုင်ငံခြားငွေ နည်းနည်းပါးပါးပါတယ်။

ပြီးခဲ့တဲ့ ဧပြီ မေ ရေတွေရှားတုန်းက ရေလှူတာတွေ လုပ်ခဲ့သေးတယ်နော်။

ဟုတ်ပါတယ်။ ပထမဆုံးတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေါ့နော်။ ကိုကျော်သူ့ရဲ့အဖေအမေ အထောက်အပံ့နဲ့၊ အသင်းငွေနဲ့မဆိုင်ဘူး။ ရေလှူတယ် ရေတွင်းတွေ တူးတယ်ပေါ့။ မပြီးသေးဘူး။ ဆက်လုပ်ဖို့ရှိသေးတယ်။ လှူတုန်းကတော့ ပဲခူးနဲ့ ဒလလှူခဲ့တယ်။ ကျမတို့က ကိုယ်တိုင် သွားမနေ နိုင်တော့ နယ်ခံတွေကို တာဝန်ပေးရတယ်။ စာရင်းဇယားအတိအကျနဲ့။ ဟိုတုန်းက ရန်ကုန်မှာ ပလာဇာ ၃ခု ဗုံးကွဲတုန်းကလည်း အလှူဝိုင်းစုကြပြီး ဆေးရုံတွေမှာသွားလှူတယ်။ လှိုင်မြို့နယ် အိမ် ၁၄ဝဝ မီးလောင်တုန်းကလည်း ဘာမှမရှိတဲ့ ဝါးတရာဘက်ကို ရွှေ့လိုက်တယ်။ အဲဒီအထိလိုက်ပြီး အိုးတွေ၊ ပုဂံတွေ ကူဖူးပါတယ်။

နာဂစ်တုန်းကရော ကူဖူးတာတွေရှိလား။

အဲဒီတုန်းကလည်း စင်ကာပူက ကျမတို့အသင်းကထွက်သွားတဲ့ကလေးက ကူတာပေါ့။ ကျမ တယောက်ထဲ၊ ကိုကျော်သူက နေမကောင်းဖြစ်နေတယ်။ အဲဒီအချိန်မှာ လူမနိုင်တော့ဘူး။ ဖွင့်ချလိုက်တယ်။ လုပ်အားပေးချင်တဲ့လူ အကုန်လုံးလာလို့ရတယ်။ ကိုယ့်စားရိတ် ကိုယ်စားပြီး လာလို့ရတယ်လို့။ အခုကလေးတွေထဲမှာ အဲဒီက ကလေးတွေ တော်တော်ရလိုက်တယ်။

အရင်တုန်းကတော့ နာမည်ကျော် ရုပ်ရှင်မင်းသားတယောက်ရဲ့ ဇနီး၊ အခုတော့ လူမှုရေးသမား တဦးရဲ့ ဇနီးဖြစ်နေပြီ။ အဲဒီ အခြေအနေနှစ်ခုအကြား ခံစားချက်က ဘာတွေ ကွာသွားလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ရုပ်ရှင်ကို ဝါသနာလည်း မပါခဲ့ဘူး။ သူနဲ့ယူတဲ့အချိန်မှာလည်း သူက ရုပ်ရှင်မင်းသားမဟုတ်ဘူး။ ကျောင်းသားဘဝနဲ့ တွေ့ကြတာပဲ။ ယူခဲ့ကြပြီးမှ ရုပ်ရှင်မင်းသားဖြစ် သွားတာ။ ရုပ်ရှင်မင်းသား မိန်းမဘဝကို ကျမ သိပ်ပြီးတော့ ပျော်ပျော်ပါးပါး မဖြစ်ခဲ့ပါဘူး။ ကျမ စီးပွားရေးတခုလိုပဲ စဉ်းစားတာ။ အနုပညာကို သိပ်လည်း ဝါသနာမပါဘူးလေ။ ကျမသားသမီးတွေ ကိုလည်း အဲဒီလိုင်းကို မသွင်းခဲ့ပါဘူး။ လူမှုရေးဘဝကိုပဲ ကျမပိုနှစ်သက်တယ်။ ဒါပေမယ့် သူဟာ ရုပ်ရှင်မင်းသားဖြစ်လို့ ဒီဘက်မှာ အထောက်အကူဖြစ်တယ်ဆိုတာ ဒီအချိန်ကျမှ ကျမသိလိုက် တယ်။ ရုပ်ရှင်မင်းသားဘဝတုန်းကတော့ ကျမ မိသားစုအရေးတွေမှာ မပျော်ခဲ့ဘူး။

လူမှုရေးလုပ်ငန်းပဲ လုပ်တာလား။ မိသားစု စီးပွားရေး လုပ်ငန်းရော တခုခုရှိလား။

ဟိုနည်းနည်း ဒီနည်းနည်း ရှယ်ယာထည့်တာလောက်ပါပဲ။ အရင်တုန်းကတော့ ဗိုလ်ချုပ်ခင်ညွန့် သား ရဲနိုင်ဝင်းနဲ့ living color မှာ ရှယ်ယာဝင်ခဲ့တယ်။ အဲဒါကြီးပြန်ရောင်းလိုက်တဲ့အခါကျတော့ ကျမတို့ ရှယ်ယာ ပြန်နှုတ်ယူလိုက်ပါတယ်။

ဦးကျော်သူနဲ့ ဘယ်တုန်းက အိမ်ထောင်ကျပြီး သားသမီး ဘယ်နှစ်ယောက် ထွန်းကားခဲ့ပါသလဲ။

၁၉၈၁ ခု၊ ဒီလ ၃၁ ရက်နေ့မှာ ၂၉ နှစ်ပြည့်ပါပြီ။ သားတယောက်က ဒီနေ့ ၁၉ ရက်နေ့ ၂၆ နှစ် ပြည့်သွားပြီ။ သမီးက ၂၂ နှစ်။ သားက အမေရိကားမှာ ArizonaStateUniversityကနေ စက်မှုအင်ဂျင်နီယာ အောင်ထားတယ်။ သမီးကကျတော့သြစတြေးလျဆစ်ဒနီကUniversityofNewSouthWales မှာတက်နေတယ်။ အိမ်ထောင်ကျသွားပြီ။ ကျမက မြေးတယောက်ရပါပြီ။ ပတ်စ်ပို့မရှိလို့ မသွားရဘူး။ ပတ်စ်ပို့ပိတ်ထားတယ်။

ပတ်စ်ပို့က ဦးကျော်သူကိုရော ပိတ်ထားတာလား။

ကိုကျော်သူက ရုပ်ရှင်အစည်းအရုံးထောက်ခံစာရမှ လျှောက်လို့ရမှာပြောလို့။ ရုပ်ရှင်အစည်းအရုံး က မပေးလို့ လျှောက်လို့ကိုမရဘူး။ Extensionလုပ်ဖို့။ ကျမကိုတော့ လျှောက်ခွင့်ပေးလိုက်ပြီး တော့ သိမ်းသွားရော။

ဒေါ်ရွှေဇီးကွက်တို့ကို တောင်ကိုရီးယားကို လူပို့တယ်လို့ စွပ်စွဲတာ ကြားဖူးပါတယ်။ ရှင်းပြပါလား။

ဂျပန်နဲ့ တောင်ကိုရီးယားကို ကိုကျော်သူက ကားရိုက်သွားတယ်။ တောင်ကိုရီးယားတော့ ကျမ မပါသွားဘူး။ ဂျပန်တော့ ပါသွားတယ်။ အဲဒီမှာ သူတို့က အနုပညာကို အကြောင်းပြပြီး လူထုတ်တာ။ ကိုကျော်သူလည်း မသိဘူး။ ဟိုရောက်မှ သိတယ် လူထုတ်တယ် ဆိုတာ။ ရုပ်ရှင် crew(အဖွဲ့သား) ဆိုပြီးခေါ်တာ။ မြန်မာပြည် ပြန်လာတော့ ကိုကျော်သူ မန္တလေးမှာ ခေါ်စစ်ခံရတယ်။ ကျမတို့က အဲဒါမျိုးဝါသနာလည်းမပါဘူး။ ထုတ်လုပ်သူကလုပ်သွားတာ။ ဂျပန်မှာတုန်းကလည်း ဒေါ်မြမြဝင်းပေါ့။ ကျန်ခဲ့မယ့်လူတွေဆီက ပတ်စ်ပို့တွေ သိမ်းလိုက်တာ။ ရုပ်ရှင်လောကမှာ အဲဒီလို လူတွေလည်း ရှိတာပေါ့။

ကြံ့ဖွံ့က နာရေးကူညီမှုအသင်းကို သိမ်းလိုက်တယ် ဆိုပြီး သတင်းထွက်လာသေးတယ်။ အဲဒါကရော ဘယ်လိုဖြစ်တာလဲ။

ဗိုလ်ချုပ်ဌေးဦးက သိန်း ၄ဝ လာလှူတယ်။ နှစ်ခါပေါ့။ သူလည်း နာရေးအတွက် လုပ်နေပါတယ်ပေါ့။ ကျမတို့ဆီမှာလာပြီး သင်ချင်ပါတယ်ပေါ့။ ကျမတို့လို အမည်းအဖြူဝတ်ရမယ်လို့။ သူတို့က အဖြူအစိမ်းနဲ့ လာတော့မှာလေ။ အလိမ္မာနဲ့ ဖြေလိုက်ရတာပေါ့။ ဖြိုးစေတနာ ဆေးခန်းဖွင့်သေးတယ် သူတို့က။ ၂ဝဝ၇ မေမှာ အသင်း ၂၄ သင်း ထင်တယ် ဖျက်တယ်ပေါ့။ နောက်တော့ ကျမတို့ကို ပြန်ပေးတယ်။ တခြားအသင်းတွေကတော့ အသနားခံစာ တင်ကြရတယ်။ ကျမတို့က အသနားခံစာ မတင်ဘူး။ မေတ္တာရပ်ခံစာပဲ တင်လိုက်တယ်။

Geen opmerkingen: