မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 20 augustus 2010

နာဂစ် INGO ဝန်ထမ်းများ ဗီဇာ ရတော့မည် မဟုတ်

ဧရာဝတီ Friday, August 20, 2010
.အစိုးရမဟုတ်သည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (INGO) များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည် “နာဂစ်အလွန် ပြန်လည် ထူထောင်ရေးမှ ဖွံ့ဖြိုးရေး လုပ်ငန်းများသို့” ပြောင်းရန်နှင့်  နာဂစ် ထူထောင်ရေး လုပ်ငန်းများအတွက် ဗီဇာသက်တမ်းတိုးခြင်း၊ ဗီဇာသစ်ထုတ်ပေးခြင်းများ ပြုလုပ်ပေးတော့မည် မဟုတ်ဟု စစ်အစိုးရက အကြောင်းကြားကြောင်း သတင်းရရှိသည်။
နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ မိန်းကလေးတဦး။ နာဂစ် ပြန်လည် ထူထောင်ရေး ကူညီဆောင်ရွက်မည့် နိုင်ငံခြားသားများကို ဗီဇာထုတ်ပေးတော့မည် မဟုတ်ဟု စစ်အစိုးရက ကြေညာလိုက်သည်။ (ဓာတ်ပုံ - Reuters)
သြဂုတ်လ ၁၆ ရက်နေ့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အကြောင်းကြားချက်တွင် “မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေးသည် ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများသို့ ပြောင်းသင့်ပြီး ယင်းသို့ လမ်းကြောင်း ပြောင်းလိုက်သည့် ဆောင်ရွက်မှုများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိတော့ကြောင်း၊ အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆောင်ရွက်ရမည် ဖြစ်သော ကြောင့် နားလည်မှုစာချွန်လွှာများ အသစ်ပြန်လည် ချုပ်ဆိုရန် လိုအပ်လိမ့်မည်” ဟု IRIN ၏ ကြေညာချက်အရ သိရသည်။
IRIN သည် လူမှုကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ သတင်းနှင့် သုံးသပ်လေ့လာသည့် ဌာနဖြစ်သည်။
ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရတို့ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG)၏ တာဝန်ယူ ဆောင်ရွက်သည့် သက်တမ်း ကုန်ဆုံးပြီး နှစ်ပတ်အကြာတွင် ဤသို့ INGOများ၏ အခန်းကဏ္ဍကို လျှော့ချသည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ တာဝန်ယူသည့် သက်တမ်းသည် ဇူလိုင် ၃၁ ရက်တွင် ကုန်ဆုံးသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနသည် နာဂစ် ပြန်လည်ထူထောင်ရေးအတွက် ထုတ်ပေးထားသည့် ဗီဇာများကို သက်တမ်းတိုးပေးမည် မဟုတ်ဘဲ ယခင် သဘောတူညီချက်များ၌ အကြုံးဝင်သည့် မည်သည့် ဗီဇာ အသစ်ကိုမျှ ထုတ်ပေးတော့မည်မဟုတ်ဟုလည်း ကြေညာလိုက်ကြောင်း၊ ထို့ကြောင့် INGOနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်း ၉၀ ကျော်သည် ဗီဇာဆက်လက်ရရန် မသေချာတော့ကြောင်း သိရှိရသည်။
“မြစ်ဝကျွန်းပေါ်ဒေသမှာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတုန်းပါပဲ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနနဲ့ရော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့နဲ့ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ လူတွေအတွက်လည်း အကျိုးရှိပြီး မြန်မာပြည်မှာ ထိရောက်တဲ့ အကူအညီတွေ ဆက်ပေးဖို့ တတ်နိုင်ပါသေးတယ်” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘစ်ရှော ပါရာဂျူလီကို ကိုးကား၍IRIN၏ ကြေညာချက်တွင် ဖော်ပြထားသည်။
နားလည်မှု စာချွန်လွှာ အသစ် ပြင်ဆင် ရေးထိုးနေစဉ်တွင် အဖွဲ့အစည်းများအနေဖြင့် ဗီဇာ သက်တမ်းတိုးခွင့်ရရန် မေတ္တာရပ်ခံထားကြောင်းလည်း ပါရာဂျူလီက ပြောထားသည်။
“မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။ ပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးခွဲတခုမှ ထိပ်တန်းအရာရှိတဦးက ပြောသည်။
၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ ကူညီကယ်ဆယ်ရေး ၀န်ထမ်းများ ပိုမို ၀င်ရောက်လာသော်လည်း ဆိုင်ကလုန်းဒဏ်သင့် ဒေသများသို့ ခရီးသွားခွင့်အတွက် လုပ်ထုံးလုပ်နည်း များပြားကာ ပိုမိုစိစစ်ခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော နိုဝင်ဘာလအတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် အထူးသဖြင့် INGOများမှ နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ပိုမိုတင်းကျပ်မည်ကို ကုလသမဂ္ဂနှင့် INGO များမှ ဝန်ထမ်းများက ယခင်ကတည်းက စိုးရိမ်နေခဲ့ကြသည်။
“ဒီနိုင်ငံကဘာဖြစ်မယ်ဆိုတာကိုခန့်မှန်းရအခက်ဆုံးပဲ”ဟုရန်ကုန်အခြေစိုက်INGOတခုမှ တာဝန်ရှိသူတဦးက မှတ်ချက်ပေးသည်။
ဆိုက်ရောက် ဗီဇာ စနစ် ကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် နှစ်ခုတွင် မေလ ၁ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနှုန်း မြင့်တက်ခဲ့သည်။ သို့သော် အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုတွင် ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ယာယီ ရပ်နားထားမည်ဟု ပြည်တွင်းမှ ElevenMediaGroupက လူဝင်မှုကြီးကြပ်ရေးဌာ တာဝန်ရှိသူတဦးကို ကိုးကား၍ ဖော်ပြထားသည်။
ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍ ရွေးကောက်ပွဲ စောင့်ကြည့်မည်ကို စိုးရိမ်ကာ နိုင်ငံခြားသားများ၊ အထူးသဖြင့် အနောက်နိုင်ငံသားများကို ရွေးကောက်ပွဲ ကာလတွင် ပြည်ဝင်ခွင့် ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း နေပြည်တော် သတင်းရပ်ကွက်နှင့် ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်လျက်ရှိသည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံ လာရောက်စဉ်ကလည်း ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံခြားသား လေ့လာသူများကို ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက တရားဝင်ပြော ဆိုခဲ့သည်။
မြန်မာနိုင်ငံသို့ ပြည်တွင်းခရီးသွား အေဂျင်စီများမှတဆင့် ချိတ်ဆက်လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသည်များ အနေနှင့် ဓာတ်ပုံ မရိုက်ရမည့်နေရာများ၊ လည်ပတ်ခွင့်မပြုသော တားမြစ်ဧရိယာများသို့ ၀င်ရောက်မှု မရှိစေရန် ခရီးသွားအေဂျင်စီနှင့် ဧည့်လမ်းညွှန်များက အပြည့်အဝ တာဝန် ခံရကြောင်း စုံစမ်းသိရှိရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးနောက် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်းသို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍ သတင်းယူခဲ့သောCNNသတင်းထောက်ကို နောက်ပိုင်းတွင် အကြောင်းပြချက် တစုံတရာမပေးဘဲ ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍ ရွေးကောက်ပွဲ စောင့်ကြည့်ရေးဆိုင်ရာများကို ပြည်တွင်းပါတီများနှင့် သတင်းထောက်များအား ဟောပြောသည်ဟုဆိုကာ ချက်နိုင်ငံသူ နိုင်ငံရေးသိပ္ပံပညာရှင် အမျိုးသမီးတဦးကို စစ်အစိုးရက ပြီးခဲ့သော ဇွန်လတွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။

                     ဧရာဝတီ သတင်းထောက် မျိုးမောင် ပူးပေါင်းရေးသားသည်။

Geen opmerkingen: