မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 16 augustus 2010

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အောင်နိုင်ရေး ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီမံ

နရီလင်းလက် Monday, August 16, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)၏ “ရွေးကောက်ပွဲ အောင်နိုင်ရေး”အတွက် လုပ်ဆောင်ချက်များ ဆိုင်ရာ အစည်းအဝေး ပထမပိုင်းကို နေပြည်တော်တွင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် တက်ရောက်ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြားစစ်ဗိုလ်ချုပ်များ နာဂစ်ဒေသတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ကြံ့ဖွံ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ၀န်ကြီး၊ ဒုဝန်ကြီး၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်နှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း နေပြည်တော်သို့ ရောက်ရှိနေပြီး အဆိုပါ အစည်းအဝေး ဒုတိယပိုင်းကို ယနေ့ ဆက်လက် ပြုလုပ်ကြောင်း သိရသည်။
ယင်းအစည်း အဝေးတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၀န်ကြီးများသည် မည်သည့် ဒေသတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ကို မေးမြန်းပြီး အောင်နိုင်ရေး စီမံချက်များ ရေးဆွဲကာ ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ်စည်းရုံးရေး မန်နေဂျာ ခန့်အပ်တာဝန်ပေးခြင်းများ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးက ညွှန်ကြားကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။
“ဒီနေ့တော့ တချို့ ကိုယ်စားလှယ်တွေဆို ဘယ်ဒေသကနေ ၀င်အရွေးခံမယ်ဆိုတဲ့ နယ်မြေရွေးချယ်မှုတွေ၊ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ခန့်လိုက်တာတွေ၊ အောင်နိုင်ရေးအတွက် ဘယ်လိုလုပ်သွားမယ်ဆိုတာတွေ တင်ပြနေပြီ” ဟု အဆိုပါ အရာရှိကြီးက ပြောသည်။
လွှတ်တော် ၃ ရပ်အနက် ၀န်ကြီး၊ ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်ဟောင်းများက အမျိုးသားလွှတ်တော်၊ အငြိမ်းစားပေးထားသည့် ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အရာရှိဟောင်းများက ပြည်သူ့လွှတ်တော်၊ စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဆီကုန်သည်၊ ဆန်ကုန်သည်များ၊ စီပွားရေးအသင်း ဥက္ကဋ္ဌများက တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တို့တွင် အသီးသီး ၀င်ရောက် အရွေးခံသွားမည်ဟု ကြံ့ဖွံ့ပါတီ၏ တာဝန်ရှိသူတဦးက ပြောသည်။
“ကိုယ်စားလှယ်လောင်း တယောက်အတွက် ရွေးကောက်ပွဲ ဥပဒေအရ ကျပ်သိန်း ၁၀၀ ကို သတ်မှတ်ထားတဲ့အတိုင်း သုံးသွားဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီတခုသည် ကိုယ်စားလှယ်လောင်း တဦးစီအတွက် ရွေးကောက်ပွဲ အသုံးစရိတ် ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်ဟု သတ်မှတ်ထားပြီး ယင်းထက် ပိုမိုသုံးစွဲပါက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဆိုရင် ရွေးကောက်ပွဲအတွက် ကျပ် သိန်း ၁၀၀၀ သုံးမယ်လို့ ပြောသွားပြီး သူကိုယ်တိုင်လည်းတနင်္သာရီတိုင်း၊မြိတ်မြို့ကနေကိုယ်စားလှယ်လောင်းဝင်အရွေးခံလိမ့်မယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။
ကြံ့ဖွံ့ပါတီသည် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဌာနဆိုင်ရာအရာရှိများအား ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် အငြိမ်းစားပေးခြင်းတို့ကို အစောပိုင်း ကာလကတည်းက ကြိုတင်ပြုလုပ်နေခဲ့ပြီး ယခုထပ်မံ၍ အောင်နိုင်ငံရေး စီမံချက်များ ရေးဆွဲကာ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၀င်ရောက်ယှဉ်ပြိုင်မည့် အဆင့်မြင့်အရာရှိတဦးက ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၃၀ ရက်နေ့အထိ အချိန် ၂ ပတ်သာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်သတ်မှတ်ပေးခဲ့သည်။
ထို့ကြောင့် ယခုလအတွင်း အစိုးရအဖွဲ့မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ၀န်ကြီးနှင့် ဒုဝန်ကြီးများ နုတ်ထွက်မည်ဖြစ်ပြီး နေရာအပြောင်းအလဲများ ရှိနိုင်ကြောင်း၊ လစ်လပ်သောနေရာတွင် တာဝန်ထမ်းဆောင်ရန် စီစဉ်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယနေ့အထိ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၁ ပါတီအနက် ပါတီ ၄၀ ကို ခွင့်ပြုခဲ့သည်။ ခွင့်ပြုပြီးသည့် ပါတီ ၄၀ အနက် ပါတီဝင်အင်အား စာရင်းတင်ပြသော ပါတီ ၁၅ ပါတီ ရှိပြီ ဖြစ်သည်။

Geen opmerkingen: