မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 17 augustus 2010

မိုးနဲ- ကျိုင်းတုံ ရထားလမ်း စစ်ရေးအတွက်ဖောက်

ကိုဝိုင်း
အင်္ဂါနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရက ရှမ်းပြည်နယ်မှ မိုးနဲ-ကျိုင်းတုံ ရထားလမ်းကို စစ်ရေးရည်ရွယ်ချက်ဖြင့် ဖောက်ခြင်း ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့နှစ်ခုက သုံးသပ်ပြောဆိုလိုက်ပြီး စီမံကိန်းကို ရပ်တန့်ရန် တောင်းဆိုလိုက်ကြသည်။
မြေပြင်တိုင်းထွာရေး လုပ်ငန်းများကို ယခင်နှစ် ဇူလိုင်လတွင် စတင်ခဲ့သည့် ယင်းရထားလမ်း ဖြတ်ဖောက်ခြင်းကြောင့် မိုးနဲဒေသခံတို့၏ လယ်ယာမြေ ဧက ၁,ဝဝဝ ကျော် ဆုံးရှုံးခဲ့ရပြီး ကျိုင်းတုံ အနီးမှ ရွာသားများ၏ မြေဧက ၂,ဝဝဝ ကျော်လည်း အသိမ်းခံခဲ့ရသည်ဟု အဖွဲ့နှစ်ဖွဲ့ကဆိုသည်။
ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း SWANနှင့် ရှမ်းလူ့အခွင့်အရေး အဖွဲ့ SHRF တို့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ယနေ့ ပြုလုပ်ပြီး သတင်း ထုတ်ပြန် ပြောဆိုခြင်း ဖြစ်သည်။
နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီး ထိန်းချုပ်နိုင်ရန် စစ်အစိုးရက ကြိုးပမ်းနေမှုကို ငြင်းဆန်နေ သည့် အပစ်ရပ် ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် UWSAကိုဖြစ်စေ၊ စစ်အစိုးရအား လက်နက်ကိုင် ခုခံတိုက်နေသည့် ရှမ်းပြည်တပ်မတော် (တောင်)SSA-Sကိုဖြစ်စေ ထိုးစစ်ဆင်တိုက်ခိုက်ပါက ယင်းရထားလမ်းကို အသုံးပြု၍ တင့်ကား၊ အမြောက်နှင့် ရိက္ခာများသယ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရှမ်းလူ့အခွင့်အရေး အဖွဲ့ SHRF တာဝန်ခံ စိုင်းပင်ခမ်းက ပြောသည်။
“၂ဝဝ၉ ခုနှစ်ဦးမှာ တင့်ကားနဲ့ အမြောက်တပ်ကို သံလွင်အရှေ့ဘက်ပို့ဖို့ သံလွင်မြစ် ရောက်ခါနီးမှာ တင့်ကားက ချော်ကျတာ။ သံလွင်အနောက်ဘက် နမ့်စန်ကနေပြီးတော့ သံလွင်အရှေ့ဘက်ကမ်း ကျိုင်းတုံအထိ ပို့ဖို့ သံလွင်မြစ်ကို ကားလမ်းနဲ့ ကူးဖို့က သိပ်မလွယ်ဘူးပေါ့” ဟု သူက ပြောသည်။
မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းခုတ်မြို့နယ်များကိုဖြတ်သန်းဖောက်လုပ်ပြီး ၂၂၆ မိုင်ရှည်မည့် မိုးနဲ-ကျိုင်းတုံရထားလမ်း၏ မြေစစ်ဆေးတိုင်းထွာမှုကို ၂ဝဝ၉ ခု ဇူလိုင်လ က စတင်ခဲ့သည်။
မိုးနဲ-ထာဆန်းအပိုင်း ၆၇မိုင်၊ ထာဆန်း-မိုင်းဆတ်အပိုင်း ၇၂ မိုင်၊ မိုင်းဆတ်-ကျိုင်းတုံအပိုင်း ၈၇ မိုင်ဟူ၍ အသီးသီး ပိုင်းခြားဖောက်လုပ်နေကြောင်း တရားဝင် သတင်းများ အရသိရသည်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီး-နမ့်စန်ကားလမ်း၊ နမ့်စန်-မိုးနဲ ကားလမ်းနှင့် ရထားလမ်း စသည့် ရှိပြီးသား ဗျူဟာမြောက် လမ်းကြောင်းများကဲ့သို့ မိုးနဲ-မိုင်းဆတ်-ကျိုင်းတုံ ရထားလမ်းသည်လည်း ဗျူဟာလမ်း ဖြစ်သည်ဟု SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက သုံးသပ်သည်။
လေတပ်နှင့် ကြည်းတပ်စခန်းရှိသည့် နမ့်စန်နှင့် မိုင်းဆတ်တို့မှ စစ်တပ်များ စစ်ကြောင်းထွက်လျှင် ကားလမ်းတခုတည်း မလုံလောက်သဖြင့် ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်စပ်ပေး မည့် မိုးနဲ-ကျိုင်းတုံရထားလမ်းကို ဖောက်ခြင်းဖြစ်သည်ဟု သူကဆိုသည်။
ယင်းရထားလမ်း ဖြတ်သွားမည့် မိုင်းဆတ်၊ မိုင်းတုံ မြို့နယ်များသည် UWSA(တောင်ပိုင်း)က တပ်စွဲထားသည့် ဒေသများနှင့် ဆက်စပ်နေပြီး ကျိုင်းတုံမြို့သည် ဝတောင်ပိုင်းနှင့် မြောက်ပိုင်းကို ခြားနားထားသည့် ဒေသဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် SSA-Sတပ်များသည် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မှ ကယားပြည်နယ်အထိ တောက်လျောက် တပ်စွဲထားသည်ဟု ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က ပြောသည်။
၂ဝဝ၂-ဝ၃ ခုက SSA-S ၏ မိုင်းဆတ်မြို့ အရှေ့တောင်ပိုင်းရှိ လွိုင်ကော် ၁ ခေါ် အမှတ် ၁ စစ် ဒေသအား တိုက်ခိုက်ရန် နအဖ တပ်များက လက်နက်ကြီးများကို ရပခ အခြေစိုက် တောင်ကြီးမှ တြိဂံတိုင်း အခြေစိုက် ကျိုင်းတုံသို့ ကားလမ်းမှ သယ်ဆောင်ကြရာတွင် အခက်ခဲများဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ရကြောင်း သူကဆက်ပြောသည်။
မိုးနဲ-ကျိုင်းတုံ ရထားလမ်းပြီးလျှင် မိုင်းခုတ်မြို့ဒေသအတွင်းရှိ ကျောက်မီးသွေးမိုင်းမှ သက်နု ကျောက်မီးသွေး တန်ချိန်သန်းနှင့်ချီ၍ ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ရန် စစ်အစိုးရနှင့် ထိုင်းစီးပွားရေး သမားများက စီစဉ်နေသည်ဟုလည်း SWAN နှင့် SHRF တို့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၁၉၈၈ ခုမတိုင်မီက မြန်မာနိုင်ငံအနှံ့ ရထားလမ်းအရှည် ၁၉၇၆.၃၅ မိုင်သာရှိခဲ့ပြီး နဝတ-နအဖ စစ်အစိုးရ လက်ထက်တွင် ၃၃၃၅.၄၅ မိုင်အထိတိုးချဲ့တည်ဆောက်ခဲ့သည်ဟု ယခုနှစ် ဇန်နဝါရီ ၂၂ ရက်ထုတ် မြန်မာ့ အလင်းတွင် ဖော်ပြထားသည်။ ဘူတာပေါင်း ၄၈၈ ခုသာရှိခဲ့သည်ကိုလည်း ၈၄၉ ဘူတာအထိ တိုးချဲ့နိုင်ခဲ့သည်ဟု သတင်းစာက ဆိုသည်။



Geen opmerkingen: