မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 21 augustus 2010

ဝိတိုရိယပြည်နယ် ကိုယ်စားပြုမယ့် ချင်း ဘောလုံးသမားလေး

ဆလိုင်းထွန်း
စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၄၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ သြစတြေးလျသို့ လွန်ခဲ့သည့် ၄ နှစ်က အခြေချနေထိုင်ခဲ့သူ ၁၂ အရွယ် ချင်းအမျိုးသား ဂျယ်ရီ ဆလိုင်းသန် ဇဟောင်း (JerrySanLuaiThangZahau)ကို ဝိတိုရိယ ပြည်နယ် ကိုယ်စားပြု ဘောလုံးသမားအဖြစ် ရွေးချယ်ထားသည်။
တပြည်နယ်လုံးတွင် ၁၂ နှစ်အောက် ကျောင်းဘောလုံး အသင်း ၉ဝ ခန့်ရှိပြီး ကစားသမား ၁,ဝဝဝ ကျော် ထဲမှနေ၍ ပြီးခဲ့သည့်လက ဝိတိုရိယ ပြည်နယ် ကျောင်းအားကစား ဘောလုံးအသင်း အတွက် ရွေးချယ် ခံရသည်။
“ပြည်နယ်ကိုယ်စား ကစားရမှာကို တကယ် ဝမ်းသာတယ်။ ကျနော့်ထက် တော်တဲ့ သူငယ်ချင်းတွေကို မရွေးဘဲ ကျနော့်ကို တင်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်တယ်။ လေ့ကျင့်ရမှာက အလယ်တန်းနဲ့ နောက်တန်းမှာပါ။ ပြိုင်ပွဲမှာလည်း ဒီအတိုင်း ဖြစ်နိုင်တယ်” ဟု ဂျယ်ရီက မဇ္ဈိမကို ပြောသည်။
“ဘောလုံးကို တအားချစ်တယ်။ ငယ်ငယ်ကတည်းက ဘောလုံးပဲ ကစားတယ်။ ဒီရောက်တော့ သူ့အရည်အသွေးကို သိရတယ်။ ဒီမှာလည်း အကောင်းဆုံးဆုတွေ ရတယ်။ သူတို့ အသင်းမှာ သူ့ကို ခရစ်စတီနို ရော်နယ်လ်ဒို လို့ ခေါ်ကြတယ်။ လေ့ကျင့်ရေးဆင်းချိန် မပါနိုင်ရင် ဆရာတွေကိုယ်တိုင် အိမ်အထိ လိုက်လာတယ်။ အသွားအပြန်လည်း ဆရာတွေ လိုက်ပို့ပေးတယ်”ဟု မိခင်ဖြစ်သူ ရီဘက္ကာဇဟောင်း က ပြောသည်။
သြစတြေးလျနိုင်ငံက တတိယနိုင်ငံ အခြေချရေး အစီအစဉ်ဖြင့် အိန္ဒိယရှိ မြန်မာဒုက္ခသည်များကို ခေါ်ယူရာတွင် ၂ဝဝ၆ ခုနှစ်က ဝိတိုရိယ ပြည်နယ် မဲလ်ဘုန်းမြို့သို့ ဂျယ်ရီတို့ သားအမိ ရောက်ရှိလာရာ ၂ဝဝ၇ တွင် ခရိုက်တန်မူလတန်းကျောင်း၌ ၃ တန်းမှ စတင်တက်ရောက်ခဲ့သည်။
ယခုနှစ် ပထမအစမ်း စာမေးပွဲ၌ တကျောင်းလုံးတွင် အမှတ်အများဆုံး ရရှိထားကာ ၂ဝဝ၈ နှင့် ၂ဝဝ၉ တွင် Mooroolbark အငယ်တန်း ဘောလုံးကလပ်၌ အကောင်းဆုံး ဘောလုံးသမားဆု ၂ ကြိမ် ရရှိခဲ့သည်။
“ဂျယ်ရီကတော်တော်တော်တဲ့ကစားသမား။ကွင်းထဲဒီဘက်ဟိုဘက်ပြေးရမယ့်သူပါ။ တကယ်ဂိုးသွင်းကောင်းတယ်။ ဘဝမျှော်လင့်ချက် ကောင်းကောင်း ရှိတယ်။ ရိုးအေးပြီး ပျော်တတ်တဲ့ ကလေးပါ။ သူငယ်ချင်းတွေကိုလဲ ခင်တတ် အားပေးတတ်တယ် ” ဟု ခရိုက်တန်ကျောင်းမှ ကျောင်းဆရာမ ဂျင်နီဆဗာရီ က မဇ္ဈိမကို ပြောသည်။
ယခုလ ၃ဝ ရက်မှ စတင်ကာ ဝိတိုရိယ ၊ ကွင်းစလန် ၊ တောင်သြစတြေးလျ၊ မြောက်ပိုင်းနယ်မြေ နှင့် နယူးဆောက်ဝေးလ်စ် ပြည်နယ်တို့မှ ပြည်နယ်ကိုယ်စားပြု ၁၂ နှစ်အောက် ဘောလုံးအသင်းများ နယူးဆောက်ဝေးလ်စ် ပြည်နယ်ရှိ နယ်လ်ဆင်ဘေးမြို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
“ကျနော် ကြီးလာရင် နိုင်ငံတကာ အသင်းတွေမှာ ကစားမယ်။ နိုင်ငံတကာမှာ ကျနော့်နာမည် ရေးချင်တယ်။ မြန်မာနိုင်ငံကိုယ်စား ကစားချင်တယ်။ ကျနော့်ကို မြှင့်တင်ပေးတဲ့ သြစတြေးလျနိုင်ငံအတွက် ကိုယ်စားပြုသူ ဖြစ်ချင်တယ်” ဟု ဂျယ်ရီက ပြောသည်။
သူတို့သားအမိ ကျောင်းတက်နေကြဆဲဖြစ်၍ အလုပ်လုပ်စရာ မလိုဘဲ အစိုးရက ထောက်ပံ့လာခဲ့သည်။ ခရိုက်တန်မူလတန်းကျောင်းတွင် မြန်မာကျောင်းသား ၁၂ဝ ခန့် တက်ရောက်သင်ကြားနေကြသည်။
သြစတြေးလျနိုင်ငံသို့ ဂျယ်ရီတို့သားအမိကဲ့သို့ ဒုက္ခသည်အဖြစ်သာမက ပညာရေးနှင့် အလုပ်အကိုင်အတွက် လာရောက်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားစုံ ပညာတတ်များ အပါအဝင် ဦးရေ ၂ သောင်းခန့်ရှိကြောင်း ဘားမားကမ်ပိန်း (သြစတြေးလျ) မှ ပြောခွင့်ရ ဒေါက်တာမြင့်ချိုက ဆိုသည်။
’’ရာဇဝတ်မှုနည်းတယ်။ လူမှုဖူလှုံရေးစနစ် ကောင်းတော့ ကျောင်း၊ လုပ်ငန်းသင်တန်း တက်ချင်တယ်ဆို အခမဲ့ ဆက်တက်ခိုင်းတယ်။ အစိုးရ ထောက်ပံ့ငွေနဲ့ ရပ်တည်လို့ ရတယ်။ နိုင်ငံတကာ ပညာရေး ရင်ဘောင်တန်းနိုင်တော့ သားသမီး ပညာရေးကို အလေးထားတဲ့ မိဘတွေလည်း သြစတြေးလျ လာကြတာ များတယ်။ လူ့အခွင့်အရေးကို အလေးစားဆုံး နိုင်ငံထဲမှာ ပါတော့ ရောက်လာရင် မိမိရဲ့ လူမျိုး၊ ဘာသာ၊ သာသနာ မပျောက်ဘူး။ ဒါတွေကြောင့် ဒီနိုင်ငံကို လာကြတာ များတယ်’’ ဟု သူက ပြောသည်။
၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာကပြားများ သြစတေးလျနိုင်ငံ အနောက်ခြမ်းသို့ ဝင်ရောက်အခြေချမှု စတင်ခဲ့သည်။
၁၉၈၈ နောက်ပိုင်း ထိုင်း၊ မလေးရှားနှင့် အိန္ဒိယရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံလာသူများနှင့် မြန်မာပြည်တွင်း၌ ဖမ်းဆီးခံမည့်အရေးကြောင့် ထွက်လာသည့် နိုင်ငံရေး လှုပ်ရှားသူများကို ၎င်းတို့ရောက်ရှိရာ သြစတြေးလျသံရုံးက အထူးအစီအစဉ်ဖြင့် ခေါ်ယူကာ နေထိုင်ခွင့်ပြုနေဆဲ ဖြစ်သည်။

Geen opmerkingen: