မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 17 augustus 2010

မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းသို့ နေ့စဉ် ပုံမှန်တင်သွင်း

ရဲရင့် / ၁၇ သြဂုတ် ၂၀၁၀
မဲဆောက်-မြ၀တီ နှစ်နိုင်ငံနယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းဘက်သို့ ခိုးထုတ်သည့်လုပ်ငန်းကို မြန်မာအာဏာပိုင်များနှင့် နားလည်မှုယူကာ ပုံမှန်လုပ်ဆောင်လျက်ရှိသည်ဟု ရှေးဟောင်းပစ္စည်း ကုန်သည်များက ပြောသည်။
မြန်မာရှေးဟောင်းပစ္စည်း ကုန်သည်တဦးက “မြန်မာရှေးဟောင်းပစ္စည်းတွေကတော့ ညတိုင်း မြ၀တီကနေ မဲဆောက်ဘက် သယ်နေတာပဲ။ ဒီအလုပ်က ဒီနယ်စပ်မှာ တွင်ကျယ်နေတာ အနှစ် (၂၀)လောက်ရှိပြီ။ အရင်လ ဂိတ်တွေ စပိတ်ချိန်မှာတော့ တပတ်လောက် နားတာကလွဲပြီး အခုပုံမှန်ပြန်ဖြစ်သွားပြီ။ အရေးကြီးတာက အာဏာပိုင်အဖွဲ့စုံနဲ့ အဆက်မပြတ် ဆက်သွယ်နေရင် ဘာအခက်အခဲမှမရှိဘူး”ဟု ပြောသည်။
ရှေးဟောင်းပစ္စည်းများအား ထိုင်းဘက်သို့ ပို့ဆောင်ရာတွင် မြန်မာဘက်၌ အာဏာပိုင်အဖွဲ့များကို ပေးကမ်းရသကဲ့သို့ ထိုင်းဘက်တွင်လည်း ယူနီဖောင်းဝတ် ၀န်ထမ်းအဖွဲ့များကို ပေးကမ်းညှိနှိုင်း၍ လုပ်ဆောင်ရပြီး ဆယ်စုနှစ်တခုကျော် ကာလအတွင်း မည်သည့်အခက်အခဲမှ မရှိဘဲ လွပ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်ဟု ယင်းကုန်သည်က ပြောသည်။
ထိုင်းဘက်ပို့မည့် ရှေးဟောင်းပစ္စည်း အရေအတွက်ကို ကြည့်၍ မြ၀တီဘက်တွင် တရားမ၀င် ရာဖြတ်ပုံစံမျိုးဖြင့် ရာဖြတ်သည့်အတိုင်း ပေးရပြီး ထိုင်းဘက်တွင်လည်း ၎င်းတို့ရာဖြတ်သည့်အတိုင်း ပေးဆောင်ရသည်ဟု သိရသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများ မြ၀တီမြို့သို့ ယာဉ်တန်းတရက်ခြား ပုံမှန်ပါရှိတတ်ပြီး တခေါက်လျှင်အနည်းဆုံး(၁၀)ဘီးတပ်ယာဉ်တစီးစာခန့်ရှိသည်ဟုမြ၀တီမြို့မှ ရှေးဟောင်းပစ္စည်းပြုပြင်သော အလုပ်ရုံတခုမှ အလုပ်သမားတဦးက ပြောသည်။
၎င်းက “ရှေးဟောင်းပစ္စည်း သီးသန့်တော့ လာလို့မရဘူး။ အထူးသဖြင့် ကုန်ကားတွေမှာ အရောအနောလုပ်ပြီး သယ်ကြရတယ်။ လမ်းခရီးမှာ ကျိုးတာပဲ့တာတွေ ရှိတော့ အဲဒါတွေကို ကျနော်တို့အလုပ်ရုံမှာ မူရင်းအတိုင်းဖြစ်အောင် ပြန် ပြင်ပေးရတယ်။ ကျနော်တို့ရုံမှာဆိုရင် ရန်ကုန်-မန္တလေးက ပန်းပုကျောင်းဆင်းတွေ၊ အပြင်က ၀ါရင့်ပန်းပုပညာသည်တွေကို ငှားပြီး လုပ်ကိုင်နေတာပါ” ဟု ပြောသည်။
မြ၀တီမြို့မှ ဘုန်းတော်ကြီးတပါးက “ဒီကိစ္စ ခေါင်ကနေမိုးယိုတော့ ခက်တယ်။ မြ၀တီကို ဘန်ကောက်က ထိုင်းဒကာတွေ ဘုရားလာဖူးကြတယ်။ မြန်မာလက်ရာ ရှေးဟောင်းဘုရားတွေနဲ့ မြန်မာရှေးဟောင်း အနုပညာလက်ရာတွေကို သူတို့က ဖူးချင်တယ်၊ မြင်ချင်တယ်ဆိုတော့ ကိုယ့်မှာက ဘာမှပြစရာမရှိဘူး။ ရှက်ရှက်နဲ့ပဲ ပြန်ပြောရတယ်။ ရှေးဟောင်းဘုရားနဲ့ မြန်မာအနုပညာလက်ရာတွေ တနေရာတည်းမှာပဲ အစုံကြည့်ချင်ရင် မဲဆောက် ရှေးဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ရှိတယ်လို့ပဲ ပြောလိုက်ရတယ်” ဟု မိန့်ကြားသည်။
မြန်မာနိုင်ငံမှ ရှေးဟောင်းဘုရားမျိုးစုံနှင့် ရှေးဟောင်းလက်ရာပစ္စည်းများ နိုင်ငံတကာသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ရန်အတွက် ရှေးဟောင်းပစ္စည်း အများဆုံးခိုးထုတ်သည့် နယ်စပ်မှာ မြ၀တီနယ်စပ်ဖြစ်သည်ဟု မဲဆောက်တွင် နေထိုင်သည့် မြန်မာရှေးဟောင်းသုတေသနဦးစီးဌာနမှ အငြိမ်းစားပညာရှင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။
မြ၀တီခရိုင်မှ ကျောင်းဆရာတဦးက “မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့ မြ၀တီနယ်စပ် ဈေးကွက်ဆိုတာက မြန်မာသိ ကမ္ဘာသိပဲ။ လက်ရှိမြ၀တီခရိုင် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း အပါအ၀င် မြ၀တီမှာ ခရိုင်ဥက္ကဋ္ဌ လုပ်သွားတဲ့ လူတွေအားလုံးက ရက်ကြီးခါကြီးနဲ့ အခြားအစိုးရ အခမ်းအနားတွေမှာ ပြောလိုက်ရင် ကိုယ့်အမျိုးဂုဏ်ဆိုတာ ကိုယ်ထိန်းသိမ်းရမယ်၊ ကိုယ့်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကိုယ်ထိန်းသိမ်းရမယ်ဆိုပြီး မစားရ၀ခမန်း အမြဲပြောတယ်။ လက်တွေ့နဲ့က တခြားစီပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံ မြ၀တီမြို့၏တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ရောင်းချသည့် ဆိုင်ကြီး (၁၀) ဆိုင်ခန့်ရှိပြီး လက်ရှိရောင်းချနေသည့် ရှေးဟောင်းပစ္စည်းတခု၏ ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ (၃) ထောင်တန်မှ (၅) သိန်းတန်အထိ ရှိသည်။

Geen opmerkingen: