မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 30 augustus 2010

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး

NEJ / ၃၀ သြဂုတ် ၂၀၁၀
နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် (၂၇)ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်”ဟု ၎င်းက ပြောသည်။
စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။
နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။
ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အေအက်ဖ်ပီသတင်းတွင်မူအမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င်တပ်အရာရှိပေါင်း(၇၀)ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။
ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍သြဂုတ်(၂၇)ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည်ယခုနှစ်နိုဝင်ဘာ(၇)ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။

Geen opmerkingen: