မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 20 augustus 2010

ရဲရွာ တမံ ရေလျှံ၍ လူနေအိမ်တချို့ ရွှေ့ပြောင်း

နရီလင်းလက် Friday,August 20, 2010
.ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေလှောင်တမံအတွင်း မိုးတွင်းကာလ ရေသိုလှောင်မှုများခြင်းကြောင့် ရေလျှံကျမှု ဖြစ်ပြီး တမံအနီးရှိ လူနေအိမ်တချို့ရွှေ့ပြောင်းထားရကြောင်း ဒေသခံများက ပြောသည်။
“လျှံကျတဲ့ ပမာဏ မများပေမယ့် လုံးဝမရပ်တော့ အိမ်တွေထဲ ရေ၀င်ကုန်ပြီး နေလို့မရတော့ဘူး။ တမံနဲ့ နီးတဲ့ အိမ်တချို့ကိုပဲ အခုလောလောဆယ် ရွှေ့ပေးထားတယ်။ ဒီကိစ္စကို ၀န်ကြီးကိုယ်တိုင်ဆင်းပြီး လာကြည့်သွားတယ်လို့ ပြောတယ်”ဟု ရေ လှောင်တမံ အနီး နေထိုင်သည့် ဒေသခံ တဦးက ပြောသည်။
ရေလှောင်တမံအနီးနေထိုင်သည့် အိမ်များ ရွှေ့ပြောင်းသကဲ့သို့ စီမံကိန်းတည်ရှိရာ မြစ်ရိုးတလျှောက်နေထိုင်သည့် ရွာ အများ အပြားမှာ ပြောင်းရွှေ့မှုအစီအစဉ်များ ပြုလုပ်ပေးခြင်းမရှိသောကြောင့် ရေလျှံကျမှုများပြားလာပါက စိုးရိမ်ဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။
ဒုဌ၀တီမြစ်နှင့် ဧရာဝတီမြစ် ၂ ခုပေါင်းဆုံသည့် နေရာမှ ရဲရွာစီမံကိန်းအထိ ကျေးရွာပေါင်း ၅၀ ခန့်ရှိပြီး မြစ်အနီး အနား တလျှောက်တွင် ကျေးရွာ ၂၀ ကျော်ရှိကြောင်း သိရသည်။
“၀န်ကြီး က ရေလှောင်တမံကိုလာကြည့်သွားတာ။ တမံနားမှာ နေတဲ့ အိမ်တွေ၊ ရွာတွေ အခြေအနေတော့ မကြည့်သွားဘူး။ အတတ်နိုင်ဆုံး ပညာရှင်တွေဘက်က ပွင့်ထွက်တာမျိုးမဖြစ်အောင် ထိန်းသွားမှာပါ။ လိုအပ်ချက်အရ တာတမံက ရေလွှတ် လိုက်လို့ မြစ်ရေတက်လာရင် မြစ်နားမှာနေတဲ့ ရွာတွေ အတွက် စိုးရိမ်ရတယ်”ဟု ရဲရွာစီမံကိန်းမှ တာဝန်ရှိသူတဦးက ပြော သည်။
ရဲရွာရေအားလျှပ်စစ် စီမံကိန်း ပင်မ ရေပိုလွှဲ ရေလျှံကျမှုအခြေအနေ ၊ ပင်မတမံအတွင်း ရေ၀င်ရောက်မှု အခြေအနေများကို သြဂုတ်လ ၅ ရက်နေ့က အမှတ် (၁)စက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း သွားရောက်ကြည့်ရှု့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ များတွင်ဖော်ပြခဲ့သည်။
ပင်မတမံအတွင်း ကိရိယာများဖြင့် စောင့်ကြည့် စစ်ဆေးမှု၊ တမံရေ၀င်ရောက်မှုတို့ကို ၂၄ နာရီပတ်လုံးအဖွဲ့များဖြင့် စစ်ဆေး မှတ်တမ်းတင်ရန် အသေးစိတ်မှာကြားခဲ့ကြောင်းလည်း ပါရှိသည်။
မန္တလေးတိုင်း ကျောက်ဆည်မြို့ရှိ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန်အတွက် ဒုဌ၀တီမြစ် ကို ပိတ်၍ ရေလှောင်ထားပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန် တည်ဆောက်ထားခြင်းဖြစ်သည်။
“မြစ်ပေါ်မှာ အခြေခံပြီး ဆည်တွေဆောက်တဲ့နေရာမှာ မြစ်ရဲ့ရေကျနှုန်း၊ ရေတက် အနည်းဆုံး ဘယ်လောက်ကနေ အများဆုံး ဘယ်လောက်အထိ တက်မယ်ဆိုတာ ရေတိုင်း ဆောင် ဆောက်ပြီး တနှစ်လောက် တိုင်းတာပြီးမှ ဆည်ကိုဆောက်တာ။ အမြင့်ဆုံး ရေတက်လာချိန်မှာလည်း ရေပိုလွှဲနေရာ တွေလုပ်ထားတယ်။ ဒီထက်ကျော်လာရင်တော့ ဘာမှ လုပ်နိုင်မှာ မဟုတ် တဲ့ အတွက် ကြိုတင်ပြင်ဆင်မှု ပဲ လုပ်ထားသင့်တယ်”ဟု စီမံကိန်း အင်ဂျင်နီယာတဦးက ဆိုသည်။
“လှောင်ထားတဲ့ရေတွေများလို့ ရေလျှံတာရယ်၊ မိုးထပ်ရွာတာရယ် နှစ်ခုဆုံတော့ ဆက်မထိန်းနိုင်ရင် တမံက ရေလွှတ်ထုတ်မှ ရတော့မယ်။ ဒီလိုဆို မြစ်ရေက အနည်းနဲ့ အများတက်လာနိုင်တယ်။ အခုလောလောဆယ် မိုးဇလက ကြိုတင်ပြီး မြစ်ရေသတိ ပေးချက် သတင်းထုတ်ထားတယ်”ဟု သူက ပြောသည်။
ယနေ့ ထုတ်ဝေသော အစိုးရပိုင်သတင်းစာတွင် ဒုဋ္ဌ၀တီ မြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန် ရောက်ရှိ နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
ဒုဋ္ဌ၀တီမြစ်ရေသည် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ငယ်မြို့တွင် ၈၂၉ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ ယနေ့ မွန်းတည့်မှ နောက်၂၄ နာရီအတွင်း စိုးရိမ်ရေမှတ် ၈၇၀ စင်တီမီတာကို ရောက်ရှိနေကြောင်း သိရသည်။
မိုးတွင်းကာလဖြစ်သည့်အပြင် ရေပိုစုဆောင်းမိခြင်းမဖြစ်စေရန် မြစ်ဆုံ ရေကာတာစီမံကိန်းအတွင်းရှိ တည်ဆောက်ပြီး ချီဖွေငယ် ရေကာတာစီမံကိန်းရှိ ရေလှောင်တမံများတွင်လည်း ယင်းကဲ့သို့ ဖြစ်ပေါ်မှုမရှိရန် ပညာရှင်များက စောင့်ကြည့်နေ ကြောင်း သိရသည်။
ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် စက်တလုံးလျှင် ၁၉၇.၅ မဂ္ဂါဝပ်ရှိသည့် စက် ၄ လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ်မှ တနှစ်လျှင် ပျှမ်းမျှဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၃၃၅၀ သန်း ထုတ်လွှတ်ပေးနိုင်မည့် စီမံကိန်းကြီးတခုဖြစ် ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
ယခုလက်ရှိ စက် ၄ လုံးအနက် အမှတ် (၁)စက်နှင့် အမှတ် (၂)စက်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မောင်းနှင်ပေးနေပြီး မကြာမီ အမှတ် (၃)စက်ကိုလည်း စက်တပ်ဆင်ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: