မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 31 augustus 2010

(၅) သိန်းတန် ကမ်းရိုးတန်းဖုန်းများ အပိုကြေး (၅) သောင်းကျပ် ပေးသွင်းနေရ

အောင်ထက် / ၃၁ သြဂုတ် ၂၀၁၀
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း (၅)သိန်းတန် ကမ်းရိုးတန်းဖုန်း (CDMA450MHz) များ ငှားရမ်းသုံးစွဲခွင့်ပြုလိုက်ရာ သတ်မှတ်ပေးသွင်းငွေထက် အပိုကြေး(၅)သောင်းကျပ် ပေးသွင်းနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။
ဖျာပုံခရိုင် (၄)မြို့နယ် အထူးစီမံချက် ပထမအသုတ်အရ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဘိုကလေးမြို့နယ်များသို့ ဩဂုတ် လလယ်အတွင်း ၀ါယာလက်စ် (၅) သိန်းတန်ဖုန်းများ အငှားချထားပေးခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးမှ ဘိုကလေးမြို့နယ်အတွင်း (၅)သိန်းတန် CDMA450MHzအလုံးရေ (၂၀၀) အငှားချထားပေးမည်ဖြစ်ရာ မည်သည့်အပိုကြေးမှ ပေးသွင်းရန်မလိုဟု အသံချဲ့စက်ဖြင့် ကြေညာကာ လျှောက်လွှာများ ခေါ်ယူခဲ့သည်။
“ဖုန်းတွေ ငှားရမ်းသုံးစွဲခွင့် ပြုလိုက်တော့ မြန်မာ့ဆက်သွယ်ရေးကို စီးပွားရေးဘဏ်ကနေ (၅) သိန်း ပေးသွင်းရတယ်။ မြို့နယ် တယ်လီဖုန်းဌာနကို စာရွက်စာတမ်းကြေးက (၃,၀၀၀)ကျပ်၊ အမျိုးအမည် တပ်မရတဲ့ ဘက်စုံပြုပြင်ရေးဆိုတဲ့ ချလန်နဲ့ (၅)သောင်းကျပ် အပိုကြေး ပေးသွင်းခဲ့ရတယ်”ဟု ဘိုကလေးမြို့၊ အမှတ် (၂) ရပ်ကွက်နေ ရေလုပ်ငန်းရှင်တဦးက ပြောသည်။
ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ အရောင်းအ၀ယ်သမားများနှင့် မော်တော်ယာဉ်လုပ်ငန်းရှင်တို့ကလည်း ဆက်သွယ်ရေးသို့အပိုကြေး(၅)သောင်းကျပ်ပေးသွင်းကာ အငှားသုံးစွဲခဲ့ရသည်ဟု အတည်ပြုပြောဆိုသည်။
ယခုအခါ ဘိုကလေးမြို့ပေါ်နှင့် ၀ဲကြီး၊ သက္ကာယ်ဆိပ်၊ ဘုရားသုံးဆူ၊ မြသိန်းတန် ကျေးရွာအုပ်စုအပါအ၀င် ကျေးလက်ဒေသများမှ (၅) သိန်းတန်ဖုန်း သုံးစွဲလိုသူတို့သည် (၅) သောင်းကျပ် အပိုကြေး တောင်းခံခြင်း မပြုသည့် ကျိုက်လတ်၊ ဖျာပုံ၊ ဒေးဒရဲမြို့နယ်များ၏ မြို့ခံဆွေမျိုးများမှတဆင့် လျှောက်ထားရယူနေကြသည်ဟု သိရသည်။
“ခုလို (၅) သောင်းကျပ် အပိုကြေး သွင်းနေရတော့ ဘိုကလေး ဆက်သွယ်ရေးကနေ ဘယ်သူမှ ဖုန်းလျှောက်ထားခြင်း မပြုကြတော့ဘူး။ ကျန် (၃)မြို့နယ်ကနေ သွားယူနေကြတယ်။ အခု ဩဂုတ်လကုန်ပိုင်းမှာ အပိုကြေး (၅) သောင်းကျပ်ကနေ (၃) သောင်းကျပ်အထိ လျှော့ချပေးသွင်းပါလို့ ဌာနက ကြေညာတယ်။ ဒါပေမယ့် စိတ်ဝင်စားသူ အရမ်းနည်းသွားပြီ” ဟု ဘိုကလေးမြို့ခံတဦးက ဆိုသည်။
အဆိုပါကိစ္စ ဘိုကလေး ဆက်သွယ်ရေးစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် “မြို့နယ်အစီအစဉ် ဘက်စုံပြုပြင်ဖို့ (၃) သောင်းကျပ် ပေးသွင်းရမယ်လို့ ညွှန်ကြားထားပါတယ် ” ဟုသာ တာဝန်ရှိသူတဦးက ဖြေကြားသည်။

Geen opmerkingen: