မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 5 januari 2010

ပုံနှိပ်မီဒီယာတွင် အရက်နှင့်ဘီယာ ကြော်ငြာအားလုံး ပိတ်ပင်

  

စိုးမိုး/ ၅ ဇန်န၀ါရီ ၂၀၁၀

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ရေးဦးစီးဌာနက ပြည်တွင်းထုတ် ပုံနှိပ်မီဒီယာများတွင် အရက်နှင့်ဘီယာ ကြော်ငြာအားလုံးကို ယခုလ (၁) ရက်နေ့မှ စတင် ပိတ်ပင်လိုက်ပြီဖြစ်သည်။
စာပေစိစစ်ရေးက ပုံနှိပ်မီဒီယာတွင် အရက်ဘီယာ ကြော်ငြာများကို ၂၀၁၀ နှစ်သစ်တွင် ဖော်ပြခွင့်မပြုကြောင်း ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့်အတိုင်း ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
“အရက် ဘီယာ ဈေးကွက်အသစ် ထပ်တိုးဖို့ ခက်သွားတယ်။ ဘီလ်ဘုတ်လည်း မရဘူးလေ။ ဂျာနယ်တွေလည်း မရဘူး။ ပိုစတာတခုတော့ ထုတ်လို့ ရသေးတယ်။ မားကတ်တင်းမှာတော့ နည်းနည်း အခက်အခဲ ရှိလာပါတယ်” ဟု ရန်ကုန်အခြေစိုက် ကြော်ငြာကုမ္ပဏီတခုက ပြောသည်။
ယခုပိတ်ပင်မှုကြောင့် အပတ်စဉ်ထုတ် ဂျာနယ်များ ထုတ်လုပ်မှုစရိတ် မြင့်တက်သွားပြီး ကြော်ငြာ ဒီဇိုင်းပညာရှင်များ အလုပ်ပါးသွားကြောင်း သိရသည်။
“မဂ္ဂဇင်းရော၊ ဂျာနယ်ရောအတွက် ဆေးကြော်ငြာတွေ ပိုအားထားလာရတယ်။ အရင်ကတော့ စင်ကာပူကျောင်း အကျိုးဆောင် ကြော်ငြာတွေနဲ့ အရက်ကြော်ငြာက ထုတ်လုပ်မှုစရိတ် အတော်ကာမိတယ်။ အခုက ကျောင်းကြော်ငြာကလည်း နည်းသွားပြီ။ အရက်က ပိတ်လိုက်ပြီ” ဟု ပြည်တွင်း ဂျာနယ်ကြော်ငြာ တာဝန်ခံတဦးက ပြောသည်။
ယမကာကုမ္ပဏီများအနက် ရှိရင်းစွဲ ဈေးကွက်ရပြီးသား အရက်၊ ဘီယာများအတွက် အခက်အခဲများစွာ မတွေ့ရသော်လည်း ဈေးကွက်အသစ် ထိုးဖောက်မည့် တံဆိပ်အသစ်များ အခက်အခဲဖြစ်သွားကြောင်း သိရသည်။
အရက်ကြော်ငြာများသည် ပြည်သူလူထု အကျင့်စာရိတ္တ ပျက်ပြားစေနိုင်သဖြင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးဟု အတိုကောက်ခေါ်သည့် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

Geen opmerkingen: