မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 22 januari 2010

နယ်ခြားစောင့်တပ်ရင်းမှ ထွက်ပြေးသူ များပြား အနားယူသူများလည်း ပင်စင်လစာ မရရှိသေး


  
ပေါက်ပေါက်/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

မကြာသေးခင်က အသွင်ပြောင်းခဲ့သည့် နယ်ခြားစောင့်တပ်ရင်းများတွင် ထွက်ပြေးမှု များ ရှိနေသကဲ့သို့ တပ်မှထွက်ခွင့်ရထားသူများကိုလည်း ယခုအချိန်ထိ ပင်စင်လစာ ထုတ်မပေးနိုင်ဘဲ ဖြစ်နေသည်။
ရှမ်းမြောက်အထူးဒေသ (၁)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့အား နအဖတပ်က ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်ကျန် ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့အား ဒီဇင်ဘာလဆန်းပိုင်းက အသွင်ပြောင်း လိုက်သည့် အမှတ် (၁ဝဝ၆)၊ နယ်ခြားစောင့်တပ်ရင်းမှ စစ်သည်များသည် ယခုအခါ စစ်သင်တန်း တက်ရောက်နေကြရာမှ ထွက်ပြေးမှု အများအပြားရှိနေသည်ဟု ကိုးကန့်ဒေသခံများနှင့် နီးစပ်သူ တရုတ်နယ်စပ် ဒေသခံတဦးက ပြောသည်။
၎င်းက “သင်တန်းတက်ရမယ်ဆိုတော့ အဲဒီထဲကစပြီး ထွက်ပြေးနေတာ။ သင်တန်းသွားတော့ လူ (၂ဝဝ) တောင် မပြည့်တော့ဘူး။ သင်တန်းက နှစ်နေရာမှာ။ အရာခံဗိုလ်နဲ့အထက်တွေက ဗထူးမှာ ပေးတယ်။ အကြပ်တပ်သားတွေက မန်ကပ်မှာ ပေးနေတယ်၊ အဲဒီ သင်တန်းကလည်း ပြန်ပြေးနေတယ်။ သူတို့ အိမ်တွေလည်း ပြန်မရောက်လာသေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့်တပ်ရင်း၊ အမှတ် (၁ဝဝ၁)၊ (၁ဝဝ၂) နှင့် (၁ဝဝ၃) ဟုဆိုကာ အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁) တွင်လည်း တပ်ပြေးမှုများရှိနေပြီး ယခင်ရဲဘော်များ မဟုတ်သည့် အပြင်လူများကို တပ်အင်အားအဖြစ် ပြန်ဖြည့်ခဲ့ရသဖြင့် နားလည်သဘောပေါက်မှုလွဲနေ၍ ယခုကဲ့သို့ တပ်ပြေးမှု ဖြစ်နေရကြောင်း ကချင်အထူး ဒေသ (၁) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “သဘောမပေါက်လို့ဖြစ်တယ်။ အသွင်ကူးပြောင်းတဲ့ထဲမှာ တချို့က တပ်ထဲက လူတွေ၊ လူအင်အားကို ပြန်ဖြည့်တယ် ဆိုတော့ တပ်ဖွဲ့ဝင် မဟုတ်တဲ့သူတွေ ပါသွားတာပေါ့လေ။ သဘောမပေါက်တဲ့သူတွေကို ဆွဲထည့် လိုက်တာရှိတယ်။ အခု နောက်ပိုင်း ပြေးတာ လျော့တော့ လျော့သွားပြီ” ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့တွင် ပါဝင်ခွင့်မရတော့သည့် အသက် (၅ဝ) ကျော် တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ကအနားယူခဲ့ရပြီး ယခုအချိန်အထိ ပင်စင်လစာ မရရှိသေးသဖြင့် ယခုလ (၁၃) ရက်မှ (၁၆) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်အထူးဒေသ (၁) ၏ အထူးအစည်းဝေးတရပ် ကျင်းပခဲ့ပြီး အနားယူထားသည့် တပ်ဖွဲ့ဝင်များအတွက် ကူညီထောက်ပံ့ရေး ဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးဟောင်း မုရင်ဒေါင်ဟောင်းက ပြောသည်။
၎င်းက “အဲဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ဆက်ဆွေးနွေးရမယ်။ သူတို့ကို တင်ပြပြီး သူတို့ပေးလာတဲ့ အဖြေပေါ်မှာပဲ ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ သူတို့နဲ့ ဆွေးနွေးဖို့ လိုသေးတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်အဖွဲ့များမှ အသွင်ပြောင်းလိုက်သည့် နယ်ခြားစောင့်တပ်ရင်းများ ယခုကဲ့သို့ အဆင်မပြေမှုများ ရှိနေချိန်တွင် ပြည်သူ့စစ်အသွင်ပြောင်းခဲ့ရသည့် ကချင်ငြိမ်းချမ်းရေးအဖွဲ့ ခေါ် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ခွဲထွက်) ၏ စီးပွားရေးလုပ်ငန်းအဖြစ် တရုတ်ပြည်သို့ ကုန်ပစ္စည်းများ တင်ပို့နေမှုကို မကြာသေးခင်ရက်ပိုင်းက ဖမ်းဆီးခဲ့ သည့်အပြင် မြစ်ကြီးနားမြို့နေ၊ အဖွဲ့နာယက တဦးကိုလည်း မူးယစ်တပ်ဖွဲ့က မူးယစ်ဆေးဝါး ရှာဖွေရင်း ရိုက်နှက်ခဲ့၍ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

Geen opmerkingen: