မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

ပလောင်ဒေသတွင် ဘိန်းစိုက်ပျိုးမှု (၅) ဆခန့်များလာဟု ပလောင်အမျိုးသမီးအဖွဲ့ ထုတ်ပြန်

ရဲရင့် / ၂၆ ဇန်န၀ါရီ ၂ဝ၁ဝ


မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်ရှိ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသတွင် လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု (၅) ဆနီးပါး မြင့်တက်လာသည်ဟု ဒေသတွင်းဘိန်းစိုက်ပျိုးမှုများကို (၂) နှစ်ကြာ သုတေသန ပြုခဲ့သည့် ပလောင်အမျိုးသမီးအစည်းအရုံး (PWO) က ပြောကြားလိုက်သည်။
ယနေ့စတင်ဖြန့်ဝေသည့် PWO အဖွဲ့၏ “အဆိပ်သင့်တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင် ၂၀၀၆ မှ၂၀၀၉ ခုနှစ်အတွင်း ပလောင်ဒေသ မန်တုန်နှင့်နမ့်ခမ်းမြို့နယ်တို့တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နေရာ (၅) ဆနီးပါးများပြားလာပြီး လက်ရှိတွင် ဘိန်းစိုက်ဧရိယာ (၄,၅၀၀) ဟက်တာခန့် ရှိသည်ဟု ဖော်ပြထားသည်။
အစီရင်ခံစာကို ဦးဆောင်သုတေသနပြုခဲ့သည့် PWO မှ လိုည်းနွေနှောင်းက “ပလောင်ဒေသမှာ ဘိန်းစိုက်နှုန်းက ၂၀၀၆-၀၇ ဆိုရင် (၉၆၃) ဟက်တာပဲရှိတယ်၊ ၂၀၀၈-၀၉ မှာကျတော့ (၄,၅၄၅) ဟက်တာဖြစ်လာတယ်။ အခုလို တနှစ်ထက် တနှစ် များပြားလာရတာကတော့ နအဖရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်။ ဘိန်းကြေးကောက်တာက စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်တွေ ဖြစ်တယ်။ မန်တုန်မှာဆိုရင် ခလရ (၁၃၀)၊ နမ့်ခမ်းမှာဆိုရင် ခမရ (၄၅)၊ ခမရ (၁၄၄) တို့ လာကောက်တာတွေရှိတယ်။ ၂၀၀၇-၀၈ ဘိန်းစိုက်ရာသီကဆိုရင် မန်တုန်မြို့နယ်တခုတည်းမှာပဲ ကျပ် (၃၇) သန်းပေးရတယ်။ ဒီလိုဖြစ်ရတာက နအဖတွေကိုယ်တိုင်က အားပေးအားမြှောက်လုပ်တာကြောင့်ဖြစ်တယ်” ဟု ပြောသည်။
အစီရင်ခံစာပါ အချက်အလက်များရရှိရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အများစု နေထိုင်ရာ မန်တုန်မြို့နယ်အတွင်းရှိ ကျေးရွာ (၇၅) ရွာနှင့် နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ(၁၆) ရွာမှ ဘိန်းစိုက်တောင်သူများ၊ ရောင်းဝယ်သုံးစွဲသူများ၊ ရပ်မိရပ်ဖများနှင့် အမျိုးသမီးများထံမှ အချက်အလက်များ စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးမှုများပြားလာသော်လည်း နအဖက ထိရောက်သည့်အရေးယူမှုမပြုဘဲ အားပေးအားမြှောက်ပြုနေသည့်အတွက် နိုင်ငံတကာကို မီးမောင်းထိုးပြလို၍ဖြစ်ကြောင်း၊ UNODC အနေဖြင့် ပြည်တွင်းတွင် ဘိန်းထုတ်လုပ်မှုနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရာတွင် အရည်အသွေးမြှင့်တင်ရန်လိုအပ်ပြီး ဘိန်းစိုက်ပျိုးမှုစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှသာလျှင် အောင်မြင်မည့် အစီရင်ခံစာကို ရရှိမည်ဖြစ်ကြောင်း လိုည်းနွေနှောင်းက ပြောသည်။
နှစ်စဉ်ထုတ်ပြန်နေသည့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ စစ်တမ်းကောက်ယူချက်နှင့် ယခုအစီရင်ခံစာပါ ကိန်းဂဏန်းများသည် ကွာခြားမှု အလွန်များပြားနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်တမ်းထဲတွင် ဘိန်းစိုက်ပျိုးမှုများပြားခြင်းကြောင့် ပလောင်ဒေသအတွင်း ခိုးမှု၊ ဓားပြမှု၊ လုယက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုများ တိုးပွားလာပြီး မန်တုန်မြို့နယ်ရှိ ကျေးရွာတရွာတွင် အသက် (၁၅) နှစ်အထက်အမျိုးသားများ ဘိန်းစွဲနေသည့်နှုန်းမှာ ၂၀၀၇ ခုနှစ် စစ်တမ်းများအရ (၅၇) ရာခိုင်နှုန်းသာရှိရာမှ ၂၀၀၉ ခုနှစ်တွင် (၈၅) ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။
ဒေသခံအာဏာပိုင်များ မြို့နယ်အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က အဓိကကျသည့် ဘိန်းခင်းများကို မတို့မထိဘဲထားစေပြီး ရဲဌာနချုပ်သို့ မူးယစ်ဆေးဝါးနှိမ်နင်းမှု အတုအယောင်သတင်းများကိုသာ လုပ်ကြံအစီရင်ခံကာ ၂၀၀၈-၀၉ ခုနှစ်များတွင် ဘိန်းစိုက်ပျိုးမှု၏ (၁၁) ရာခိုင်နှုန်းကိုသာဖျက်ဆီးခဲ့ကြောင်း၊ ဖျက်ဆီးခဲ့သည့်ဘိန်းခင်းများမှာ လူမြင်သာသည့် နေရာများမှ အခင်းများကိုသာ ဟန်ပြဖျက်ဆီးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် တင်ပြထားသည်။
စာမျက်နှာ (၆၀) ပါရှိသည့် အစီရင်ခံစာတွင် မန်တုန်နှင့်နမ့်ခမ်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုများ၊ အာဏာပိုင်များ၏ ပူးပေါင်းပါဝင်မှုများ၊ ရှားပါးမှတ်တမ်းဓာတ်ပုံများ၊ မြေပုံအညွှန်းများ၊ ဘိန်းစိုက်ပျိုးမှုဆိုင်ရာငွေပမာဏများ၊ အခြားကိန်းဂဏန်း အချက်အလက်များနှင့် နအဖပြည်ထဲရေးဌာန၏ မူးယစ်ဆေးဝါးမှတ်တမ်း အချက်အလက်များ ပါရှိသည်။

Geen opmerkingen: