မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 januari 2010

ရန်ကုန် ဗဟန်းမြို့နယ်တွင် အိမ် (၁၃) လုံး မီးလောင်ပျက်စီး

တက်လူ/ ၂၆ ဇန်န၀ါရီ ၂ဝ၁ဝ

ယမန်နေ့ညနေတွင် ရန်ကုန် ဗဟန်းမြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြိမ်းသတ်ရန် အလွယ်တကူ မီးသတ်ကားများ မ၀င်နိုင်သည့်အတွက် နေအိမ် (၁၃) လုံး မီးလောင်ပျက်စီးခဲ့သည်။
ညနေ (၅) နာရီကျော်ခန့်တွင် ငါးထပ်ကြီး (ငါးတောင်ရပ်ကွက်) အိမ်အမှတ် (၁၄၂) အိမ်ရှင် ဦးခင်စိုးဆိုသူ နေထိုင်သော (၁၀) ပေ (၁၅) ပေ သွပ်မိုးပျဉ်ထောင်အိမ်မှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မီးစတင်လောင်ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
“၀ါယာရှော့ခ်ကတော့ ဖြစ်နေမှာပဲ။ ရန်ကုန်မှာနေရတာ ကြောက်စရာကောင်းတယ်။ မီးက ပြတ်လိုက်၊ လာလိုက်၊ ဘယ်အချိန်လာလို့ ဘယ်အချိန်ပျက်မယ် မသိတဲ့ဘ၀။ ပြောတော့ အုပ်စုခွဲပြီးတော့ မီးပေးတယ်တဲ့။ ဘယ်လိုပေးပေး မီးပျက်တာကတော့ ပျက်တာပဲ။ ဒီလိုသာဆိုရင် ကျမတို့လို ရပ်ကွက်တွေ နွေရာသီရောက်လာရင်တော့ ကြောက်စရာ ကောင်းလာပြီ။ အိမ်တိုင်းသတိထားဖို့ လိုလာပြီ” ဟု မီးလောင်မှုဖြစ်ပွားရာ နေရာအနီး နေထိုင်သူတဦးက ပြောသည်။
အဆိုပါ မီးလောင်ရာသို့ မီးသတ်ကားများ သွားရောက်ခဲ့သော်လည်း လမ်းကျဉ်းကာ လမ်းပိတ်နေသောကြောင့် မီးငြိမ်းသတ်ရန် အလွယ်တကူ မ၀င်ရောက်နိုင်သည့်အတွက် သက်ဆိုင်ရာအနေဖြင့် ရပ်ကွက်လမ်းများအား ပြင်ဆင်ပေးစေလိုကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိတဦးက ပြောသည်။
၎င်းက “မီးလောင်နေတဲ့နေရာကို မီးငြိမ်းဖို့ ၀င်မယ့်လမ်းမကောင်းဘူး၊ မရှိဘူးဆိုရင် အလကားပဲ၊ ဆုံးရှုံးမှုလည်း များတယ်။ ရန်ကုန်မှာ ဒီလိုရပ်ကွက်တွေ အများကြီးရှိသေးတယ်။ အဲဒီအတွက် နွေရာသီလည်းရောက်လာတော့ စိတ်ပူမိတယ်” ဟု ပြောသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှုမှာ ငွေကျပ် (၁၄) သိန်းခန့်တန်ဖိုးရှိကြာင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တွက်ချက်သော်လည်း အမှန်တကယ်ဆုံးရှုံးမှုမှာ သိန်းထောင်ဂဏန်းနီးပါးရှိမည်ဟု ရပ်ကွက်မျက်မြင်များက ခန့်မှန်းသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် (၈၅) ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကာ ၎င်းတို့ကို ငါးထပ်ကြီးဘုရားလမ်းရှိ မြန်မာ့တိုင်းရင်းဆေးရုံဝင်းတွင် မီးဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ကာ ထားရှိပြီး မီးဘေးသင့်သူများကို နေရာစီစဉ်ပေးမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူက ပြောသည်။

Geen opmerkingen: