မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 22 januari 2010

ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ် နောက်ကျ

စိုးမိုး/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

နိုင်ငံပိုင် စက်ရုံအလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ ဓာတ်သတ္တုရှာဖွေရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးအပ်မှု နောက်ကျကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။
နအဖစစ်အစိုးရက နိုင်ငံပိုင် ရုပ်ရှင်ရုံများ၊ အိမ်ရာများ၊ စက်ရုံ အလုပ်ရုံများ စုစုပေါင်း (၁၁၀) ကျော်ကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှတဆင့် လေလံတင်လိုက်သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပြောင်းမပေးခဲ့သော စစ်အစိုးရက အာဏာသိမ်းကာလ နှစ် (၂၀) ကျော်အကြာ၊ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဆိုသည့် ယခုနှစ်တွင် ယခုကဲ့သို့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်းဖြစ်သည်။
“သူတို့ ဘာစိတ်ကူးနဲ့ လုပ်တာလဲ ဆိုတာကိုတော့ မသိဘူးပေါ့။ ဒါပေမယ့် လုပ်ဖို့ကောင်းတာကတော့ ကြာလှပြီ။ အခုမှ လုပ်ရမှာ မဟုတ်ဘူး။ ဟိုဘက်ကတည်းက လုပ်ရမှာပဲ။ လုပ်လည်း လုပ်သင့်တဲ့ အလုပ်တွေပဲ။ လုပ်ဖို့ လိုတာတော့ ကြာလှပြီ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောဆိုသည်။
ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးမည်ဟု စစ်အာဏာပိုင်များက အာဏာသိမ်းစဉ်ကစပြီး မူဝါဒ ချမှတ်ထားသော်လည်း သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သဘာဝ သယံဇာတနှင့် စက်ရုံအလုပ်ရုံအများစုကို စစ်အစိုးရက ချုပ်ကိုင်ထားဆဲဖြစ်သည်။
စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် စီးပွားရေးလုပ်ငန်းရှင်များကို လုပ်သာကိုင်သာရှိစေရန် စည်းမျဉ်းများ ဖြေလျှော့ပေးခြင်း၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်နေခဲ့သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးပညာရှင်အများက သုံးသပ်ကြသည်။
ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ပြောင်းလဲပေးခြင်းမှာ စီးပွားရေး ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်အတွက် တစိတ်တဒေသ လုပ်ငန်းစဉ်တခုသာဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာစေရန်အတွက်မှာမူ လုပ်ဆောင်စရာ များစွာလိုအပ်နေသည် ဟုလည်း ဦးခင်မောင်ညိုက ပြောကြားသည်။
နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လုပ်ငန်းများအဖြစ် လွှဲပြောင်းပေးမှုတွင် လွှဲပြောင်းမပေးသင့်သည့် လုပ်ငန်းမရှိဘဲ လွှဲပြောင်းမှု နည်းစနစ် စည်းမျဉ်းစည်းကမ်းသာ အရေးကြီးသည်ဟု ၎င်းက ပြောသည်။
“ကာကွယ်ရေးလို ဟာမျိုးကိုတောင် ပုဂ္ဂလိကပိုင် ပေးလို့ရတယ်။ ပုဂ္ဂလိကကို ပေးလို့မရတဲ့ လုပ်ငန်းဆိုတာ မရှိသလောက်ဘဲ။ ဘယ်လို ပေးမလဲ။ ပေးပုံ ပေးနည်းပဲ လိုတယ်။ ပေးလို့မရတာ မရှိဘူး။ ၀န်ဆောင်မှုတွေ ကောင်းအောင်၊ ဈေးတွေ ကြီးမသွားအောင် ဘယ်လို ပေးမလဲဆိုတဲ့ လုပ်ပုံလုပ်နည်းပဲ အရေးကြီးတယ်” ဟု ဦးခင်မောင်ညိုက ဆက်လက်ရှင်းပြသည်။
ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ကြေညာချက်အရ ရုပ်ရှင်ရုံများ၊ အိမ်ရာများ၊ စက်ရုံများ အများအပြားပါဝင်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များကလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။
သို့သော် စစ်အစိုးရက ယခင် လေလံခေါ်ယူရောင်းချမှုများတွင် လေလံအောင်ဈေးနှုန်းကို တရားဝင်ကြေညာခြင်း၊ မည်သူ လေလံအောင်သည်ကို ထုတ်ပြန်ခြင်း မရှိသလောက် နည်းပါးသည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက ပြောကြားသည်။

Geen opmerkingen: