မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

မြန်မာ့ဆိုင်းဝိုင်းတွင် ခေတ်ပေါ်တူရိယာ ဆက်သုံးရန် ပရိသတ်တောင်းဆို

Wednesday, 27 January 2010 15:52 သဲသဲ
.မြန်မာ့ဆိုင်း အဖွဲ့များတွင် အနောက်တိုင်း တူရိယာ ပစ္စည်းများ ထည့်သွင်း အသုံးပြု၍ တီးခတ်ခြင်း မပြုရန် တားမြစ်ထား သော်လည်း ယခုနှစ် ဆိုင်းရာသီတွင် အထက် မြန်မာပြည် ဆိုင်းအဖွဲ့များက ဆက်လက် တီးခတ် ဖျော်ဖြေ နေကြောင်း သိရသည်။


ဆိုင်းပညာရှင် ကျော်ကျော်နိုင်နှင့်အဖွဲ့ မြန်မာ့ဆိုင်းဝိုင်းဖြင့် တီးခတ်ဖျော်ဖြေနေစဉ် (ဓာတ်ပုံ - cantaloupemusic.com)
“ဆိုင်းအဖွဲ့တွေကို အထက်က စာပို့တာ နည်းနည်း နောက်ကျ သွားတယ်။ ဒီမှာက ဆိုင်းရာသီ တ၀က် ကျိုးနေပြီ။ အဲ့ဒါကြောင့် တီးနေ ကြတုန်း ပါပဲ။ လာမယ့်နှစ် ဆိုင်းရာသီ မစခင်ကျမှ အစည်းအဝေး ထိုင်ပြီး သဘော တူညီချက် ယူရမှာပေါ့" ဟု မန္တလေး မဟာ အောင်မြေ မြို့နယ် သဘင် အစည်းရုံး ဒုဥက္ကဌ ဆိုင်းဆရာ ဗိုလ်ဟိန်းက ဧရာဝတီကို ပြောသည်။
၎င်း ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စတင်ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ ဆိုင်းအဖွဲ့များ အနေဖြင့် ခေတ်ပေါ် တေးသီချင်းများနှင့် တူရိယာများကို နေရာဒေသ အလိုက်၊ ပရိသတ် တောင်းဆိုမှုအပေါ် မူတည်၍ ဖျော်ဖြေ တင်ဆက်ရခြင်း ဖြစ်သောကြောင့် အဆိုပါ ပြဌာန်းချက်မှာ မဖြစ်သင့်ကြောင်း မန္တလေးမှ ဆိုင်းပညာရှင် စိန်တင့်လွင်က ဆိုသည်။
“တနေရာနဲ့ တနေရာ ဖျော်ဖြေပေးရတာချင်း မတူဘူး။ ပခုက္ကူတို့ မုံရွာတို့ဘက်ဆိုရင် ခေတ်သီချင်း တီးတာကို ပရိသတ်က လုံးဝ လက်မခံဘူး။ စိန်ဗေဒါခေတ်က သီချင်းမျိုးတွေကိုပဲ တီးစေချင်တယ်။ အဲဒီတော့သူတို့ သတ်မှတ်ပေးစရာမလိုဘူး၊ ပရိသတ်က သူ့ ဘာသာသူ သတ်မှတ်ပြီးသားပါ” ဟု သူက ဆက်ပြောသည်။
ဆိုင်းအဖွဲ့များ အနေဖြင့်လည်း နားထောင်သည့် ပရိသတ်ပြောင်းလဲလာခြင်း၊ တီးခတ်သူများပြောင်းလဲခြင်း၊ ခေတ်၏တိုးတက်မှု အခြေအနေပြောင်းလဲလာခြင်း အပေါ် မူတည်၍ လိုက်လျောညီထွေစွာ ဖျော်ဖြေကြရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အရင်တုန်းက လာကြည့်တဲ့ ပရိသတ်က တောင်ရှည်ဝတ်ပြီး ရောင်ထုံး ထုံးတာလေ။ အခုပရိသတ်က ဘောင်းဘီ၊ စကတ်ဝတ်ပြီး ဆံပင် အဖြောင့်တွေဖြစ်ကုန်ပြီ။ အဲဒီတော့ သူတို့နဲ့လိုက်လျောညီထွေဖြစ်မယ့် တင်ဆက်မှုဖြစ်မှရတော့မယ်။ အဓိကက သရုပ်ပျက် မဖြစ်ရင်ပြီးတာပါပဲ၊ ပရိသတ်နဲ့ အဆင်ပြေရေးက အဓိကပါ” ဟု စိန်တင့်လွင်က ပြောသည်။
မြို့နှင့်နီးစပ်သည့် နေရာဒေသများတွင် လာကြည့်သည့် ပရိသတ်များအနေဖြင့် ခေတ်သီချင်း တီးခတ်မှုကိုတောင်းဆိုသည့်အခါ ဆိုင်းအဖွဲ့များအနေဖြင့် ဖျော်ဖြေမပေးနိုင်ပါက ပရိသတ်နှင့် အဆင်မပြေမှုများ ရှိကြောင်း သိရသည်။
“စစ်ကိုင်းဘက်က ဂျီတီစီကျောင်းနားမှာ သွားတီးတော့ ကျောင်းသားပရိသတ်တွေက ခေတ်သီချင်းကို မတီးမချင်း အော်ဟစ် တောင်းဆိုကြတယ်။ နောက်ဆုံး တီးပေးလိုက်တော့ သူတို့ကျေနပ်သွားတယ်။ တီးမပေးရင် သူတို့နဲ့ကိုယ်နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ မျိုးမှာရှိတယ်။ တကယ်လို့များ ရန်ဖြစ်နိုင်မယ့် ကိစ္စမျိုးတွေဖြစ်လာရင် သဘင်အစည်းအရုံးက ရှင်းပေးမှာလား” ဟု ၎င်း ဆိုင်းဆရာကပြောသည်။
ယခုခေတ် ပရိသတ်များမှာ ခေတ်သီချင်း တီးခတ်ဖျော်ဖြေမှု မပြုမချင်း စိတ်ရှည်ရှည်ဖြင့် အားပေးကြပြီး ခေတ်သီချင်းပြီး၍ နောက်ပိုင်း ဗလာဆိုင်း တီးခတ်သည့်အချိန်တွင် ထပြန်သွားခြင်းမျိုးရှိသဖြင့် ဆိုင်းအဖွဲ့များ အနေဖြင့် တီးခတ်မှုပိုင်းတွင် အခက်အခဲ ရှိလာကြောင်း ဆိုင်းပညာရှင် ဗိုလ်ဟိန်းက ပြောသည်။
“ခေတ်သီချင်းတွေ ဆိုနေတုန်းပဲ ထိုင်နားထောင်ကြတယ်၊ အဲဒါမဆိုမချင်းကိုလည်း ဆူပွက်နေတာပဲ။ ခေတ်သီချင်း တီးပြီးလို့ ဗလာဆိုင်း တီးတော့မယ်ဆိုရင် ထပြန်သွားကြရော” ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့ ဆိုင်းအဖွဲ့များတွင် ခေတ်ပေါ်တေးသီချင်း ဖျော်ဖြေတင်ဆက်မှုမှာ ယခုမှစတင်၍ တင်ဆက်လာခဲ့ကြခြင်းမဟုတ်ဘဲ ရှေး ယခင်က ဆိုင်းဆရာကြီးများကိုယ်တိုင်ကပင် ၎င်းတို့ခေတ်ကာလ၌ ရေပန်းစားသည့် တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ခြင်း များလည်း ရှိခဲ့ဖူးကြောင်း သူကပြောသည်။
မြန်မာ့ဆိုင်းနှင့် ခေတ်ပေါ်တူရိယာ၊ ခေတ်ပေါ်တေးသီချင်းများ ပူးတွဲတီးခတ်ဖျော်ဖြေမှု ပြုခြင်းမှာလည်း တီထွင်ဆန်းသစ်ခြင်း တခုသာဖြစ်သောကြောင့် အားပေးလက်ခံသင့်ကြောင်း မန္တလေးတွင် နေ၀င်းအောင်၊ စည်သူဗို စသည့်ဇာတ်အဖွဲ့များကို ထူထောင်ထားသူ ဦးနေ၀င်းအောင်က ဧရာဝတီကိုပြောသည်။
“ကျနော့် အမြင်ကတော့ အဲ့ဒီလိုစည်းကမ်းသတ်မှတ်တာ သဘာဝမကျဘူး။ ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းပြီး လုပ်နေကြတာလေ။ အတွေးအခေါ်တွေ နောက်ပြန်ဆွဲနေလို့မရဘူး။ ဂီတနဲ့ ပတ်သက်ပြီးတော့ အများအမြင်မှာ သရုပ်ပျက်တယ် ဆိုတာမရှိပါဘူး၊ အားလုံး လက်လှမ်းမီသလောက်ကြိုးစားနေကြတာပါ” ဟု ၎င်းကဆက်ပြောသည်။

Geen opmerkingen: