မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 januari 2010

အပစ်ရပ် ရှမ်းပြည်တပ်မတော် ပြည်သူ့စစ်အသွင်ပြောင်းရန် အခက်ခဲဖြစ်နေ


  
ပေါက်ပေါက်/ ၂၀ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့အခြေစိုက် ရှမ်းပြည် တပ်မတော်အား ပြည်သူ့စစ်အသွင်ပြောင်းရန် အောက်ခြေတပ်ရင်းများက သဘောမတူသည့်အတွက် နအဖထံ အကြောင်းပြန်ရန် အဖွဲ့ခေါင်းဆောင်များ အခက်တွေ့နေသည်။
ဥက္ကဋ္ဌ ဦးလွယ်မောင်၊ ဒု-ဥက္ကဋ္ဌ ဦးကိုင်ဖ အပါအဝင် အဖွဲ့ခေါင်းဆောင်များကို ပြည်သူ့စစ်အသွင်ပြောင်းရန် နအဖဘက်က ဖိအားပေးတောင်းဆိုနေ သော်လည်း ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်သည့် ဝမ်ဟိုင်းအခြေစိုက် တပ်မဟာ (၁) နှင့် အောက်ခြေ တပ်ရင်း တပ်ဖွဲ့များက လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ အခက်တွေ့နေခြင်းဖြစ်သည်ဟု ရှမ်းတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ လတုန်းကလည်း စိန်ကျော့မှာ တပ်မှူးတွေနဲ့ ဆွေးနွေးပြီးပြီ။ အခု တပ်မဟာ (၁) မှာ ထပ်ပြီး ဆွေးနွေးနေတာ။ အဆင်မပြေကြဘူး။ တပ်မှူးတွေက လက်မခံတော့ ခေါင်းဆောင်တွေအနေနဲ့ နအဖကို ဘယ်လို အကြောင်းပြန်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ မျက်နှာ မပြရဲကြတော့ဘူး။ စိန်ကျော့တောင် ပြန်မလာတော့ဘူးလို့ ပြောနေတယ်” ဟု ပြောသည်။
၁၉၈၉ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်နေ့တွင် ထိုစဉ်က နဝတ ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အကြား ငြိမ်းချမ်းရေးယူစဉ်က နောင်တက်လာမည့် အစိုးရဖြင့်သာ နိုင်ငံရေးဆွေးနွေးမည်ဆိုသည့် သဘောတူညီမှုအရ ယခုအချိန်တွင် ပြည်သူ့စစ် အသွင်ပြောင်းရေးကိစ္စအပေါ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့၏ တပ်မှူးများနှင့် အောက်ခြေအဆင့်က လက်မခံနိုင်ကြဘဲ ဖြစ်နေသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူဒေသခံတဦးက ပြောသည်။
၎င်းက “ဥက္ကဋ္ဌ လွယ်မောင်၊ ကိုင်ဖတို့ဆိုတာ တပ်ကိုင်ထားတာ မဟုတ်ဘူး။ ပြည်သူ့စစ် ပြောင်းဖို့ဆိုတာ သူတို့နဲ့ချည်း မပြီးဘူး။ မနှစ်တုန်းက တပ်မှူး၊ တပ်သားတွေအားလုံးက လက်မခံနိုင်ဘူးဆိုတာ ပြောထားပြီးပြီ။ အခုထိ ဒီသဘောတည်းရှိနေလို့ ပြည်သူ့စစ်ပြောင်းဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။
ယမန်နှစ်၊ ဇွန်လကုန်ပိုင်းက ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးလွယ်မောင်က စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထံလိပ်မူပြီး ပြည်သူ့စစ် အသွင်ပြောင်းရေးအတွက် တပ်မှူးတပ်သားအများစု နားလည်သဘောပေါက် လက်ခံလာစေရန် စည်းရုံးရေးအတွက် မိမိတို့ များစွာအခက်ခဲရှိနေကြောင်း၊ နိုင်ငံတော် ခေါင်းဆောင်များအနေဖြင့် မိမိတို့အဖွဲ့၏ အခက်အခဲကို သဘောထားကြီးစွာဖြင့် စိတ်ရှည်သည်းခံကာ နားလည်ခွင့်လွှတ်ပေးရန် ရိုးသားပွင့်လင်းစွာတောင်းဆိုပါကြောင်း စာရေးသား တင်ပြခဲ့သေးသည်။

Geen opmerkingen: