မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 21 januari 2010

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးခဲ့

NEJ/ ၂၁ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် ကျင်းပရန်ကြေညာထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများမှာ ဆက်လက်ဆိုးဝါးနေခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကြီးက ပြောကြားလိုက်သည်။
ဇန်န၀ါရီလ (၂၀) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ၂၀၁၀ နိုင်ငံတကာလူ့အခွင့်အရေး အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
မြန်မာနအဖစစ်အစိုးရက ပြည်သူများ၏ အခြေခံအခွင့်အရေးများဖြစ်သော လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် စသည်တို့ကို စနစ်တကျ ပိတ်ပင်ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကျော် အကျဉ်းထောင်များအတွင်း ရှိနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် (၁၈) လ ချမှတ်လိုက်ခြင်းသည် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ စစ်မှန်သည့် ပါဝင်ယှဉ်ပြိုင်ခွင့် မပေးလိုခြင်းကို စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟုလည်း ထောက်ပြထားသည်။
ထို့အပြင် စစ်အစိုးရက တိုင်ရင်းသားဒေသများတွင် သာမန်ပြည်သူများအား တရားဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အဓမ္မလုပ်အား ခိုင်းစေမှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေသည် ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) ကြီးသည် ကမ္ဘာတ၀န်းရှိ နိုင်ငံများမှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်လေ့လာ သုံးသပ်ကာ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်နေခြင်းဖြစ်သည်။

Geen opmerkingen: