လင်းနိုင်ဦး/ ၄ ဇန်န၀ါရီ ၂၀၁၀
ဧရာဝတီမြစ်ဆုံ အောက်ပိုင်းနှင့် အထက်ပိုင်းတွင် ဆောက်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းများ၏ ရေလွှမ်းဧရိယာတွင် ကျရောက်နေသည့် ကျေးရွာတို့ကို လာမည့် ဖေဖော်ဝါရီလ၌ စတင်ပြောင်းရွှေ့ခိုင်းမည်ဖြစ်ပြီး လိုအပ်သည့် နေအိမ်များကို ဆောက်လုပ်ပေးနေကြောင်း အေးရှားဝေါလ်ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ကျနော်တို့ ကျိန်ခရမ်ရွာအနားမှာ မြို့ကွက်သစ် ဖော်ထုတ်ပြီး သွပ်မိုးအိမ် အလုံး (၅ဝဝ) တည်ဆောက်နေတယ်။ ရေအားလျှပ်စစ်စီမံကိန်းနဲ့ မလွတ်တဲ့ ကျေးရွာကလူတွေကို ရွှေ့ပြောင်း နေရာချထားပေးဖို့၊ မြေတကွက်ဟာ ပေ (၁ဝဝ) စီကျယ်တယ်။ နောက် လမ်းတွေ၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေပါ ပါတယ်။ မြို့သစ်ပုံစံ ဆောက်ပေးနေတယ်” ဟု ပြောသည်။
၎င်း၏ပြောပြချက်အရ မြို့သစ်နေရာသည် မြစ်ကြီးနားမှ မြစ်ဆုံသို့အသွား လမ်းခရီး (၂၁) မိုင်အကွာ ကျိန်ခရမ် ရေအားလျှပ်စစ် စက်ရုံအလွန် ဘယ်ဘက်အခြမ်းတွင်ဖြစ်ပြီး ကျိန်ခရမ် ကျေးရွာဟောင်း ဧရိယာအတွင်း၌ ပါဝင်ကာ မြစ်ဆုံအောက်ဘက် (၆) မိုင်အကွာ မြစ်ဆုံရေတမံ စီမံကိန်း နယ်မြေနှင့်လည်းနီးကြောင်း သိရသည်။
အဆိုပါ မြေကွက်လပ်ကြီးတွင် အေးရှားဝေါလ်ကုမ္ပဏီက မြေကွက်ရှင်းလင်းခြင်း၊ လမ်းဖောက်ခြင်း၊ အိမ်ဆောက်ခြင်းတို့ ပြုလုပ်နေပြီး သွပ်မိုးပျဉ်ကာ အိမ်အချို့ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြစ်ဆုံရေကာတာမှာမူ ကျိန်ခရမ်ကျေးရွာမှ ညာဘက် ဧရာဝတီမြစ်ရှိရာသို့ သွားရပြီး အဆိုပါလမ်းပေါ်တွင် တရုတ်အင်ဂျင်နီယာနှင့် အလုပ်သမားများ နေထိုင်ရန် အဆောက်အဦတို့ ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
မြို့ကွက်သစ်တွင် မြစ်ဆုံရေကာတာ အထက်ဘက် ရေလွှမ်းဧရိယာအတွင်း ပါဝင်မည့် တန်ဖရဲ၊ မိုင်ဂျာယန်၊ ခပါး၊ ဒွန်ပန်၊ ပဒန်ကွင်းခေါ် အင်ခန်းခထောင် ကျေးရွာတို့ရှိ ရွာသားများကို နေရာချထားပေးမည်ဟု သိရသည်။
တန်ဖရဲကျေးရွာသူ အမျိုးသမီးတဦးက “ကျမတို့ကို (၂) လပိုင်း အပြီးရွှေ့ရမယ်လို့ ပြောတယ်။ ကျမတို့ လယ်တွေ၊ ခြံတွေ ဆုံးရှုံးရမယ်။ စာရင်းကောက်တာ ရှိပေမယ့် ဘယ်လို လျော်ကြေးပေးမယ်ဆိုတာ မသိရသေးဘူး။ နေစရာတော့ ဆောက်ပေးနေတယ် ကြားတယ်။ နေစရာက အရေးမကြီးဘူး။ ကျမတို့ ထမင်းစားဖို့ အသက်မွေးဝမ်းကျောင်း အလုပ်ရှိဖို့ လိုတယ်။ အဲဒီအတွက် မြေရှိဖို့လိုတယ်။ အဲဒါမရှိဘဲ ရွှေ့ရရင် ကျမတို့ အသက်ရှင်ရပ်တည်ဖို့ မလွယ်ဘူး” ဟု ပြောသည်။
အဆိုပါမြို့ကွက်သစ်သည် မြစ်ကြီးနားမြို့နှင့် (၂၁) မိုင်သာ ကွာဝေးသော်လည်း ကားလမ်းမကောင်းခြင်း၊ ပုံမှန်ဘတ်စ်ကားများ မရှိဘဲ သုံးဘီးဆိုင်ကယ်များသာ အသုံးပြု သွားလာခြင်းတို့ကြောင့် လူသူ အရောက်အပေါက်နည်းပါးသည်။
ရေအားလျှပ်စစ်စီမံကိန်းကို တရုတ်စွမ်းအင်ကုမ္ပဏီ စီပီအိုင်က တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီက လုပ်ငန်းအချို့အတွက် တဆင့်ခံ ကန်ထရိုက်ရရှိထားကြောင်း သိရသည်။
ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီး ရလာသည့်လျှပ်စစ်ဓာတ်အား အများစုကို ကချင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် မဟုတ်ဘဲ တရုတ်ပြည်သို့ ရောင်းစားမည်ဆိုသည့် သတင်းကြောင့် ကချင်ဒေသခံပြည်သူတို့ မကျေမနပ်ဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
Geen opmerkingen:
Een reactie posten