မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 januari 2010

မြန်မာနှင့်ဆက်ဆံရေး စိတ်ရှည်မည်မဟုတ်ဟု အမေရိကန်အစိုးရ ထိပ်တန်းအရာရှိ ပြောကြား


  
NEJ/ ၂၀ ဇန်န၀ါရီ ၂ဝ၁ဝ

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် စိတ်ရှည်ရှည်ထားရန် လိုအပ်သော်လည်း အကန့်အသတ်မရှိ သည်းခံနေမည်မဟုတ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်ဘဲလ်က ပြောကြားလိုက်သည်။
၎င်းက “ဒီနေရာမှာ စိတ်ရှည်ဖို့ လိုအပ်တယ် ဆိုပေမယ့် ကျနော်တို့ဟာ အဆုံးမရှိ စိတ်ရှည်သည်းခံသွားမှာ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့ အချိန်အတွင်းမှာ တိုးတက်မှု အဆင့်တချို့ရှိဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
ဝါရှင်တန်ရှိ အမေရိကန်နိုင်ငံခြားရေးဌာနတွင် ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောဆိုသွားခြင်းဖြစ်သည်။
အမေရိကန်အစိုးရနှင့် ပြောဆိုဆက်ဆံနေမှုများအရ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှိမရှိ သိရှိနိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် မကြာမီအတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောသည်။
(၁၄) နှစ်ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအာဏာပိုင်များနှင့် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တွေ့ဆုံခဲ့သည့် မစ္စတာကာ့တ်ကမ်ဘဲလ်က မြန်မာစစ်အစိုးရနှင့် ပတ်သက်သည့်အချက်အလက်များကို ကြည့်ရှုရာတွင် ရောထွေးနေသည်ဟု ပြောဆိုခဲ့သည်။
၎င်းက “ကျနော်တို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု တချို့ရှိခဲ့ပါတယ်။ မကြာခင်မှာ ထပ်မံပေါ်ထွန်းလာမယ့် ဆွေးနွေးမှုတချို့ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးပြောင်းလဲမှုများကို တွန်းအားပေးရန်ကြိုးစားသည့်အနေဖြင့် အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ အာဏာပိုင်များနှင့် ပိုမိုနက်ရှိုင်းသည့် ထိတွေ့ဆက်ဆံများ ပေါ်ထွန်းလာစေရန် ယမန်နှစ်က လုပ်ဆောင်ခဲ့သော်လည်း စီးပွားရေးပိတ်ဆို့အရေးယူမှုကိုမူ ယခုတိုင် ရုပ်သိမ်းခြင်းမရှိသေးပေ။
မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အဆင့်မြင့်ဆက်သွယ်မှုအချို့နှင့် အခြား ဖြစ်ထွန်းတိုးတက်မှုအချို့ ရှိခဲ့သော်လည်း မြန်မာအစိုးရ၏ တိုင်းရင်းသားများအပေါ် ပြုမှုဆက်ဆံပုံများနှင့် အခြားသော ပြဿနာများ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာစစ်အစိုးရက မည်သို့လုပ်ဆောင်နေသည်ကို ရှင်းရှင်းလင်းလင်းသိနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မကြာမီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာ ကာ့တ်ကမ်ဘဲလ်က ပြောကြားသည်။
မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို အမေရိကန်သမ္မတ အိုဘားမားအစိုးရက ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ်တရပ်ကို ချမှတ်ခဲ့သည်။
ယင်းပေါ်လစီသစ်အရ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရားဝင်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်မြောက် စေရေးအတွက် အမေရိကန်အစိုးရက ဖိအားပေးသွားမည်ဟုလည်း ထုတ်ဖော်ပြောဆိုထားသည်။

Geen opmerkingen: