မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ဦးနိုင်ငွေသိမ်း

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၁ မိနစ် .

ဦးနိုင်ငွေသိမ်း
(ဒုဥက္ကဋ္ဌ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့)

အမည် ဦးနိုင်ငွေသိမ်ုး
ရာထူး ဒုဥက္ကဋ္ဌ (၁၉၈၉ - လက်ရှိ)
အဖွဲ့အမည် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့
(Mon National Democracy Federation)
မွေးသက္ကရာဇ် ၁၉. ၃. ၁၉၂၃
မွေးရပ်ဇာတိ ထုံးအိုင်ရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်
မိဘများ ဦးနိုင်သာထွန်းအောင်၊ ဒေါ်မိငွေသုန်
မွေးချင်း မောင်နှမ ၅ ဦးအနက် အကြီးဆုံး
ဇနီး ဒေါ်မိနှင်းစိန်
သားသမီး သား ၁ ဦး
လက်ရှိလိပ်စာ အမှတ် ၂၁၁၊ အခန်း ၁၇၊ ၄ ရပ်ကွက်၊ အရှေ့မြို့နယ်၊ ရန်ကုန်တိုင်း
ပညာအရည်အချင်း ၁၉၄ဝ ခုနှစ်တွင် ဖျာပုံမြို့ အစိုးရအထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်။
ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာတန်း (၁၉၄ဝ - ၄၃)
ပါဝင်ခဲ့ဖူးသည့် BIA တပ်မတော် (၁၉၄၂)
အဖွဲ့အစည်းများ မွန်လူမျိုးရေးရာအဖွဲ့ - အထွေထွေ အတွင်းရေးမှူး (၁၉၄၆ - ၄၈)
မွန်ပြည်သူ့တပ်ဦး - နိုင်ငံခြားရေးရာ တာဝန်ခံ (၁၉၅၂ - ၅၈)
အထိန်းသိမ်းခံရမှု ၁၉၄၈ ခုနှစ်တွင် တကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင်တကြိမ်-နိုင်ငံရေးမှုများဖြင့် ထောင်ကျခဲ့။ ၁၉၉၁ ခုနှစ်တွင် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရ။ မွန်ပြည်သစ်ပါတီ၏ တောင်းဆိုမှုကြောင့် ၁၉၉၄ ခုနှစ်တွင် ပြန်လွတ်လာခဲ့။
၁၉၉၈ ခုနှစ်တွင် နောက်ဆုံးအကြိမ် ထောင်ကျခဲ့။

ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းအရင်း

“အစောကြီးကတည်းကအမျိုးသားညီလာခံကိုကျနော်တို့လက်မခံပါဘူး။အမျိုးသားညီလာခံရဲ့ လုပ်ပုံကိုင်ပုံကို မကြိုက်လို့ လက်မခံခဲ့ဘူး။ သူတို့ ဥပဒေထွက်လာတဲ့အခါကျတော့ ကျနော်တို့ ယူဖတ်တယ်။ ဥပဒေက ဒီမိုကရေစီ နည်းလမ်းလည်း မကျဘူး။ တိုင်းရင်းသား လူမျိုးတွေကလည်း ဘာမှအကျိုးခံရမယ့် ဥပဒေမျိုးလည်း မဟုတ်ဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း ရနိုင်မယ်မထင်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၄ဝ၅ မှာ ဖော်ပြထားတာက ပါတီဖွဲ့မယ်ဆိုရင် စစ်မှန်တဲ့ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံတဲ့အဖွဲ့ ဖြစ်ရမယ်ဆိုတဲ့ အချက်ကို မြင်ကတည်းက နိုင်ငံရေးပါတီတွေကို ဒီဟာနဲ့ချည်တော့မယ်။ ဒီဟာကို လက်မှတ်ထိုးမှ ဖွဲ့ရလိမ့်မယ်ဆိုတာကို ကျနော် အဲဒီအချိန်ကတည်းက အတိအလင်း ပြောခဲ့တယ်။ ဖွဲ့စည်းပုံကို လက်မခံဘူးလို့ ဆုံးဖြတ်ထားတဲ့လူက ဒီဖွဲ့စည်းပုံကို လက်ခံမှ နိုင်ငံရေးအဖွဲ့ ဖွဲ့ရမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဟိုကတည်းက ကျနော်တို့က ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ကျနော်တို့ မဝင်ဘူးဆိုတာ အဖွဲ့ထဲမှာ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကျနော်တို့တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့UNAကနေပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ဝ ရက်နေ့ကတည်းက အထူးကြေညာချက် ထုတ်ထားတယ်။ ကျနော်တို့ ပြောတာက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လုပ်ပါ၊ ဖွဲ့စည်းပုံထဲမှာပါတဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့အချက်တွေ ပြင်ပေးပါ။ အဲဒါတွေ မလုပ်ပေးရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ အတည်ပြု ဆုံးဖြတ်ထားပါတယ်”

စစ်အစိုးရအပေါ် သဘောထား

“စစ်အစိုးရကတိုင်းပြည်ရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကိုဘာမှလုပ်မှာမဟုတ်ဘူး။ အခြေခံဥပဒေကိုက အမျိုးသား ပြန်လည်သင့်မြတ်ရေးဘက်ကို ဦးတည်တာ မဟုတ်ဘူ။း တိုင်းပြည်က အမျိုးသားတွေကို ဖိနှိပ်ဖို့အတွက်ပဲ ဦးတည်တဲ့သဘော ဖြစ်နေတယ်။ ဒါကြောင့် အခုအုပ်ချုပ်နေတဲ့ အစိုးရက ဘယ်လိုပဲပြောပြော သူ့လုပ်ရပ်က တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ စည်ပင်သာယာရေးဖြစ်ဖို့ မရှိပါဘူး။ ဒီလိုပဲ မြင်တယ်”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“၂ဝဝ၈ ဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပမယ့် ဒီရွေးကောက်ပွဲကို နဂိုကတည်းက လက်မခံနိုင်ဘူး။ ဒီမိုကရေစီ နိုင်ငံလည်း ထူထောင်နိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ပြည်ထောင်စုကိုလည်း မတည်ဆောက်နိုင်ဘူး။ တိုင်းပြည်ရဲ့ တိုးတက်ရေးလည်း မဖြစ်နိုင်ဘူး။ ငြိမ်းချမ်းရေးလည်း မရနိုင်ဘူးလို့ ဟိုတုန်းကတည်းက အမြင်ရှိပါတယ်။ အခုလည်း အဲဒီအတိုင်းပဲ ရပ်တည်နေပါတယ်။ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲဆိုတော့ ကျနော်တို့ မှီခဲ့တဲ့ ဒိုင်အာခီခေတ်တို့၊ ၁၉၃၅ ခုနှစ် တွဲရေးခွဲရေးခေတ်တို့မှာ နိုင်ငံရေးအဖွဲ့အစည်းတွေက အတွေးအခေါ်တွေ မတူတဲ့အခါကျတော့ ခြံခုန်တဲ့ဟာတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဖွဲ့အစည်းတိုင်း လိုလိုပေါ့လေ ခြံခုန်တာတော့ ရှိနိုင်တယ်။ အဲဒီလို ခြံခုန်တာကို ကျနော်တို့က ဘာမှစိတ်ပျက်စရာ မရှိပါဘူး။ စည်းလုံးခြင်းဟာ အင်အားပဲ။ ကျနော်တို့ ပြည်သူလူထု တရပ်လုံးကို စည်းရုံးနိုင်လို့ရှိရင် ဘယ်ရန်သူကိုမဆို ကျနော်တို့ ရင်ဆိုင်နိုင်ပါတယ်”

ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်သည့် နိုင်ငံရေးအခြေအနေအပေါ် သုံးသပ်ချက်

“ဒါကကျနော့်အမြင်ပြောတာပါ။UWSA(ဝ'ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့)တို့၊KIO (ကချင်လွတ်မြောက်ရေးအဖွဲ့)တို့၊မွန်ပြည်သစ်တို့ပေါ့ဗျာ။အဲဒီအပစ်အခတ်ရပ်စဲရေးအဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ်မပြောင်းလဲနိုင်ဘူးဆိုရင်တိုက်ပွဲတွေဖြစ်ပြီး တိုင်းပြည်မှာ ပြည်တွင်းစစ် ပြန်ဖြစ်မယ်လို့ ကျနော်မြင်တယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးကို ငြင်းပယ်တဲ့ ရွေးကောက်ပွဲ ဖြစ်နေလို့ပါ“

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ အသိအမှတ်ပြုနိုင်ခြေအပေါ် သုံးသပ်ချက်

“ဒီရွေးကောက်ပွဲမှာဒေါ်အောင်ဆန်းစုကြည်အပါအဝင်တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ထောင်ကျနိုင်ငံရေး အကျဉ်းသားတွေမပါတော့နိုင်ငံတကာကလည်း အသိအမှတ်ပြုမယ် မထင်ပါဘူး”

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

“၁၉၉ဝရွေးကောက်ပွဲရလဒ်ဟာပြည်သူတရပ်လုံးမဲပေးပြီးတော့အတည်ပြုထားတာပဲ။ သူတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း ပြောထားတာပဲ။ နိုင်တဲ့လူကို လွှဲပေးမယ်၊ သူတို့ စစ်တပ်ပြန်မယ် ပြောခဲ့တာပဲ။ ကတိတွေ မတည်ခဲ့ဘူး။ နောက်ပြီးတော့ ၁/၉ဝ ထွက်လာတော့လည်း အမျိုးသားညီလာခံကို အနိုင်ရပါတီက ဦးဆောင်လုပ်ပါ။ သူတို့ ကူညီပေးပါ့မယ် ပြောတာပဲ။ သူတို့ပြောထားတဲ့ စကားတွေကို တခုမှ ကတိမတည်ခဲ့တော့ ၉ဝ ရွေးကောက်ပွဲက မအောင်မြင်ခဲ့ဘူး။ အဲဒီကတည်းက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြဲလိုလို ဖမ်းထားတယ်။ ဒီ ၉ဝ ရွေးကောက်ပွဲကို သူတို့ (နဝတ)ကိုယ်တိုင်ကလည်း စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောထားတာပဲ။ အဲဒါကို ငြင်းပယ်ခဲ့တာဟာ အင်မတန်မှ ရုပ်ဆိုးတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံရေး အခြေအနေကိုကြည့်ပြီး ပြောင်းလဲမှု ဖြစ်လို့ရှိရင် ဒီရလဒ်နဲ့ ဆက်သွားဖို့ လိုပါမယ်”

တိုင်းပြည်အတွက် လက်ရှိ လုပ်ဆောင်သင့်သော လုပ်ရပ်

“NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) က လူတွေကို ပြောချင်တာက တိုင်းပြည်တခုမှာ ညီညွတ်ရေးက အရေးကြီးပါတယ်။ မြေပေါ်မြေအောက်ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ မဟာဗျူဟာတကွက် ချပြီးတော့ လုပ်လို့ရှိရင် အဲဒီအင်အားက ဘယ်ရန်သူကိုမဆို ဖြိုခွင်းနိုင်မယ်လို့ ထင်တယ်။ အခုလည်း အဲဒီလိုအခြေအနေမျိုး ပေါ်ပေါက်လာဖို့ ရှိပါတယ်။ အဲဒီလို လက္ခဏာတွေ ပေါ်နေပါပြီ”

MNDF အနေနဲ့ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်

“ကျနော် ခုနက ပြောခဲ့သလိုပဲ ညီညွတ်ရေးအား တည်ဆောက်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ဆက်ပြီးတော့ လျှောက်လှမ်းသွားပါမယ်”

ဖြည့်စွက်ပြောကြားချက်

“ကျနော်တို့ဂျပန်တော်လှန်ရေးလုပ်ခဲ့ပါတယ်။ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ကလည်းဘယ်နေရာမှာမှပါတီမှတ်ပုံမတင်ခဲ့ပါဘူး။ခေါင်းဆောင်တွေရဲ့ ညီညွတ်မှု၊ ခေါင်းဆောင်တွေရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ခေါင်းဆောင်တွေရဲ့စည်းရုံးမှု၊တိုက်ပွဲပုံစံဖော်မှုတွေကြောင့် နိုင်ခဲ့တာပဲ။ ဟိုတုန်းက မြန်မာပြည်ရဲ့ အခြေအနေကို ဘယ်သူမှ မသိပါဘူး။ ဒီနေ့ အခြေအနေမှာ မိနစ်ပိုင်းမှာ တကမ္ဘာလုံးမှာ ပြန့်သွားတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကျနော်တို့ ဘာမှ အားငယ်စရာ မလိုပါဘူး။ ကျနော်တို့ အခုသွားနေတဲ့ လမ်းကြောင်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လမ်းကြောင်းပေါ် လျှောက်နေတာပဲ။ ဒါဟာ နောက်ဆုံးမှာတော့ အောင်မြင်ရမယ်လို့ ကျနော် တထစ်ချ ယုံကြည်ပါတယ်”

Geen opmerkingen: