မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

NLD နိုင်ငံရေး ဆက်လုပ်မည်

ရန်ပိုင် Wednesday, March 31, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့် ပါတီ မှတ်ပုံမတင် သော်လည်း နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
ပါတီ၏ လက်ရှိ အနေအထားမှာ စစ်အစိုးရ၏ ဥပဒေအရ သတ်မှတ်ထားသည့် ကာလကျော်လွန်လျှင် ဖျက်သိမ်းရမည် ဖြစ်ကြောင်း၊သို့သော် အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အရေး၊ ပြည်ထောင်စုစနစ်ထူထောင်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အခြားသော လူမှုရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပါတီခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီ သို့ပြောသည်။
တနင်္လာနေ့က ပြုလုပ်သည့် ပါတီ မှတ်ပုံတင်ရေး မတင်ရေး အစည်းအဝေးတွင် NLD ဒု ဥက္ကဌ ဦးတင်ဦး တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
“ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပြီးပြီ၊ ပါတီကို ဥပဒေအရ ဖျက်လို့ မရဘူး၊ ပါတီ ရှိနေသေးတယ်လို့ ယူဆတယ်”ဟု ၎င်းက ဆိုသည်။
NLD ပါတီနှင့် ပါတီဝင်ထုကို ဆက်လက် ထိန်းသိမ်း ထားပြီး ဒီမိုကရေစီ အဖွဲ့အစည်း များနှင့် ဆက်လက် ဆက်ဆံ သွားရန်၊ နိုင်ငံတကာနှင့် သတင်း မီဒီယာများ ဆက်ဆံရေးကို ဆက်လက် ဆောင်ရွက်ရန်၊ တရားမ၀င် နိုင်ငံရေး လှုပ်ရှားမှုမျိုး မဟုတ်ဘဲ ဥပဒေဘောင် အတွင်းမှ ရနိုင်သမျှ လူထုအကျိုးပြု နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက် သွားရန် ဖြစ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံကြောင်း၊ ပါတီ ဖျက်သိမ်းခံရလျှင် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်ဟု ပြီးခဲ့သည့် တနလာင်္နေ့က ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးသို့ ပေးပို့ခဲ့သည့် စာတွင် ဒေါ်အောင်ဆန်းစုကြည်က ရေးသား ခဲ့သည်။
ပဲခူးတိုင်း NLDဗဟိုကော်မတီကလည်း နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ရန် ယမန်နေ့က ရန်ကုန်ရှိ NLDရုံးချုပ် တွင် အစည်းအဝေးတခုပြုလုပ်၍ ဆုံးဖြတ်ခဲ့ကြောင်း တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးမြင့် ကပြောသည်။
“ပါတီရပ်တည်ခွင့်အတွက်ကျန်နေသေးတဲ့သက်တမ်းကာလမှာဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ မတရားတဲ့ ဥပဒေတွေကို တရားဝင်ထပ်မံ ကန့်ကွက်ဖို့ကိုလည်း ဆုံးဖြတ်ချက်ချခဲ့တယ်”ဟု ၎င်းကဆိုသည်။
ပါတီဝင်များ အနေဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ မှတ်ပုံမတင်သော်လည်း ပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အတိုင်း တရားဝင်ပါတီဝင်များ အဖြစ်ခံယူပြီး ပြည်သူအကျိုးပြုလုပ်ငန်း များကို ဥပဒေဘောင်အတွင်းမှ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်စိုးမြင့်က ပြောသည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည်မဟုတ်သော်လည်း ပါတီရပ်တည် ရှင်သန်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းလိမ့်မည်မဟုတ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် တနလာင်္နေ့က NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦးတို့ ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။

Geen opmerkingen: