မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ စည်းဝေးမည်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၁ မိနစ် .
မဇ္ဈိမသတင်းဌာန ။ ။ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂ဝဝ၉ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့အရေးအား ယနေ့တွင် စုံညီစည်းဝေးကြမည်ဖြစ်ပြီး မြန်မာစစ်အစိုးရမှ လတ်တလော ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ အား ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရပေသည်။
လုံခြုံရေးကောင်စီ၏ အစီရင်ခံစာ အရ လုံခြုံရေးကောင်စီ အဖွဲ့ ဝင် ၁၅နိုင်ငံသည် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ရာထူးမှ ထွက်ခွာသွားသော ယခင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီ၏ နေရာတွင် အစားထိုး တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီ အထူးအကြံပေး အရာရှိ ဗီဂျေနမ်းဘီးယားထံမှ ဆွေးနွေးတင်ပြမှုများအား ကြားနာရန် မျှော်လင့်နေကြသည်။
မြန်မာနိုင်ငံတွင် ယခုလဆန်းပိုင်းက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေများအား အဓိကထား တင်ပြဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
သို့သော် အဆိုပါ အစည်းအဝေး ကြားနာမှု၏ ရလဒ်အဖြစ် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် တစုံတရာကို ချမှတ်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ဟု ထင်မြင်ယူဆရပေသည်။
စစ်အစိုးရသည် လာမည့်ရွေးကောက်ပွဲအတွက် ကျင့်သုံးရန် ရွေးကောက်ပွဲ ဥပဒေများအား မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုဥပဒေများတွင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့်ကို ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ပါတီမှ ထုတ်ပယ်ပစ်လိုက်ရသည်အထိ ဦးတည်သွားစေနိုင်သည့် အခြား ကန့်သတ်ပိတ်ပင်ချက်များလည်း ပါဝင်သည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေများသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မျှော်လင့်နေကြသော မျှတမှန်ကန်သည့် နိုင်ငံရေးတိုးတက်ဖြစ်ထွန်းရေး မျှော်လင့်ချက်များအား ပျက်သုဉ်းသွားစေခဲ့သည်ဟု သူ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံကမူ ရွေးကောက်ပွဲ ဥပဒေများသည် အလွန်အမင်း စိတ်ပျက်စရာကောင်းသည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ဗြိတိန် (ယူကေ)နိုင်ငံကမူ ရွေးကောက်ပွဲ ဥပဒေသစ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီမှ ထုတ်ပယ်ခံရမှုကို ရင်ဆိုင်ရနိုင်သဖြင့် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောဆိုခဲ့သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံသည် ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။



Geen opmerkingen: