မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 30 maart 2010

NLD ဆုံးဖြတ်ချက်အပေါ် အမြင်ကွဲပြားနေ

အောင်သက်ဝိုင်း Tuesday, March 30, 2010
.အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက်၍ ပြည်သူလူထု ကြားတွင် အမြင် အမျိုးမျိုး ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
ယမန်နေ့က ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ် လိုက်သည့် အစည်းအဝေး ပြီးနောက် NLDရုံးချုပ် အပြင်ဘက်တွင် တွေ့ရသော အဖွဲ့ဝင်တချို့ (ဓာတ်ပုံ - AP)
ယမန် နေ့က NLDဗဟိုဦးစီး အဖွဲ့ အစည်းအဝေး ခေါ်ယူကာ ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေး အတွက် အများဆန္ဒ သဘောထားဖြင့် ဆုံးဖြတ် ခဲ့ခြင်းအပေါ် ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ ပြည်သူများကို မေးမြန်း ကြည့်ခဲ့ရာ တချို့က NLD ဆုံးဖြတ်ချက်သည် ပြတ်သား ခိုင်မာပြီး လူထုဘက်မှ မားမား မတ်မတ် ရပ်တည် သည်ကို ပြသသည့် လုပ်ရပ် ဖြစ်သည်ဟု ပြန်လည် ဖြေကြား ကြသည်။
“အာဏာရှင်က သူ့အာဏာ အတွက် သူဆွဲထားတဲ့ အစီအစဉ် အတိုင်း ဆက်လုပ်ဖို့ ပြင်ဆင်ချိန်မှာ NLD က ပြည်သူ့ဘက်၊ အမှန်တရား ဘက်က ရပ်တည်ပြီး မတရားတဲ့ ဥပဒေကို ဖီဆန်တဲ့ လုပ်ရပ်လို့ပဲ ယူဆတယ်” ဟု ရန်ကုန်မြို့နေ အသက် ၆၀ ကျော်အရွယ် ရှေ့နေတဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကို NLDမ၀င်ရန်ဆုံးဖြတ်ခြင်းသည် သင့်လျော်ပြီး လက်ခံနိုင်သော ဆုံးဖြတ်ချက်ဖြစ်သော်လည်း အနာဂတ်မြန်မာ့နိုင်ငံရေး အခြေအနေမှာမူ အကျပ်အတည်းအတွင်းသို့ ပြန်လည် ရောက်ရှိသွားပြီဟု ယူဆနိုင်ကြောင်း တက္ကသိုလ် ကျောင်းသားတချို့က သုံးသပ်သည်။
“NLDပါတီကအလုပ်သင့်ဆုံးလုပ်ရပ်ကိုလုပ်တယ်လို့ထင်ပါတယ်။NLDပါတီကိုအစိုးရက မတရားအသင်းအဖြစ် သေချာပေါက် ကြေညာမယ်၊ နိုင်ငံရေးအကျပ်အတည်းတွေ အများကြီး ထပ်ဖြစ်လာဦးမယ်”ဟု အသက် ၂၈ နှစ်အရွယ် နိုင်ငံရေးလေ့လာသူ တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်အခဲ၊ ပင်ပန်းဆင်းရဲမှုများ တွေ့ကြုံ ဖြတ်သန်းခဲ့ရသော၊ လူထုက ချစ်ခင်လေးစား၍ ထောက်ခံ မဲပေးခဲ့သော ပါတီတရပ် မကြာမီ ပျက်ပြယ်တော့မည် ဆိုသောကြောင့် ပြည်သူများအကြား ၀မ်းနည်းမှုများ ဖြစ်ပေါ်နေသည် ဟုလည်း သိရှိရသည်။
“နှစ်ပေါင်း ၂၀ လုံး ပြည်သူကြားမှာ ရှိခဲ့တဲ့၊ လူထုအားလုံး ချစ်ခင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ ပျောက်ကွယ်တော့မယ် ဆိုတာ တကယ် ၀မ်းနည်းဖို့ ကောင်းတယ်။ ဒါပေမယ့် လူတွေရဲ့ ရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဘယ်တော့မှ မပျောက်ပျက်သွားဘူး” ဟု အသက် ၇၀ ကျော် အငြိမ်းစား အထက်တန်းပြ ကျောင်းဆရာမ တဦးကရှင်းပြသည်။
လူထု ကိုယ်စားပြု NLD ပါတီရွေးကောက်ပွဲတွင် ပါဝင်လာခြင်းမရှိသည့်အတွက် ပြည်သူများကြား လာမည့် ရွေးကောက်ပွဲတွင် မဲပေးရန် ဝေခွဲမရဖြစ်နေပြီး တချို့က မဲမပေးတော့ဟု ဆိုကြသည်။
“ပထမတော့ NLD ပါရင် မဲပေးမယ်လို့ စဉ်းစားထားတယ်။ NLD မပါတော့ဘူး ဆိုတော့ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ မဝေခွဲတတ်တော့ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။
NLD ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခြင်းသည် လွဲချော်သော ဆုံးဖြတ်ချက်အဖြစ် ရှုမြင်ကြ သူများလည်း ရှိသည်။
“NLD ကို ထောက်ခံနေတဲ့ ပြည်သူတွေက ဒုနဲ့ဒေးရှိနေသေးတယ်။ NLD သာ ရွေးကောက်ပွဲ ၀င်ရင် ဒီပြည်သူတွေက NLD ကိုပဲ မဲပေးကြမှာ။ ခု NLD မပါတော့ဘူးဆိုတော့ ပြည်သူတွေဘာ လုပ်သင့်သလဲ၊ ဘာလုပ်ရမလဲ။ NLD ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာ မှားတယ်လို့ မပြောပါဘူး။ လွဲချော်မှုတရပ်လို့တော့ ပြောချင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
တရားဝင် ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်ရန်မှာ စိတ်ကူးဖြင့် အဆင်ပြေနိုင်သော်လည်း လက်တွေ့တွင် မလွယ်ကူနိုင်ကြောင်း၊ ပါတီမရှိဘဲ နိုင်ငံရေးဆောင်ရွက်မှုများ ပြုလုပ်လျှင် စစ်အစိုးရက အကြောင်းပြ ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်နိုင်ကြောင်း၊ ပါတီဝင်များ စုစုစည်းစည်း မရှိနိုင်တော့သည့်အတွက် အင်အားယုတ်လျော့သွားမည်ဖြစ်ကြောင်း တချို့က သုံးသပ်ကြသည်။
“တရားဝင် ပါတီအဖြစ် ရပ်နေတဲ့ အချိန်မှာတောင် ဖမ်းဆီးထောင်ချတာတွေ လုပ်နေသေးတာပဲ။ တရားဝင်ပါတီမရှိဘဲ နိုင်ငံရေးလုပ်ရင် စစ်အစိုးရစိတ်ကြိုက် အရေးယူလို့ ရသွားမယ်။ ပါတီ မရှိတော့ရင် ပါတီဝင်တွေစုဖို့ တကယ့်ကို မလွယ်ပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ပါဝင်ခွင့်မပေးသော စစ်အစိုးရ၏ လုပ်ရပ်ကြောင့် အမေရိကန်၊ ဥရောပနိုင်ငံများ အပါအ၀င် အနောက်အင်အားကြီးနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ပိုမို တိုးလာနိုင်ပြီး ပြည်တွင်းစီးပွားရေး အခြေအနေများ ကျပ်တည်း လာနိုင်သည်ဟု ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းက သုံးသပ်သည်။
“ပုဂ္ဂလိကဈေးကွက်စီးပွားရေးစနစ်ပြောင်းမယ်လို့အစိုးရကပြောပေမယ့်အမေရိကန်၊ဥရောပနိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်ရှိဦးမယ်၊ ထပ်ပြီးလည်း တိုးလာမယ်ဆိုရင် မြန်မာ့စီးပွားရေးက အလားအလာ မကောင်းဘူး” ဟုစီးပွားရေးတက္ကသိုလ် ပါမောက္ခတဦးက ပြောသည်။
နိုင်ငံရေး အကျပ်အတည်းများကြောင့် မြန်မာ့ စီးပွားရေးအခြေအနေမှာ အခက်အခဲများ သေချာပေါက် တွေ့ကြုံနေရဦးမည်ဟု သုံးသပ်သူ များလည်း ရှိသည်။
တိုးမြင့် လာနိုင်ဖွယ်ရှိသည့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန် ခက်ခဲ နိုင်သကဲ့သို့ မြန်မာ့ပို့ကုန် မြှင့်တင်ရန်လည်း မဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဆိုသည်။
“စားဝတ်နေရေး ကျပ်တည်းလာရင် ၁၉၈၈ တုန်းကလို လူထုအုံကြွမှု အလိုလို ပေါ်လာနိုင်တယ်” ဟု ရန်ကုန် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင် တဦးက ပြောသည်။
စစ်တပ် ချုပ်ကိုင်သော စီးပွားရေးစနစ်မှ ပုဂ္ဂလိက စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း ဖြစ်သည့်အတွက် မူဝါဒပိုင်းတွင်မှာတင်းကျပ်မှု လျော့လာနိုင်သောကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ကွက် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ပြည်တွင်းစီးပွားရေး တိုးတက်လာနိုင်သည်ဟု သုံးသပ်သည့် စီးပွားရေး လုပ်ငန်းရှင် တချို့လည်းရှိနေသည်။
“အမေရိကနဲ့ ဥရောပက တချိန်လုံး စီးပွားရေးပိတ်ဆို့ခဲ့တာတောင် အခု ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ လည်ပတ် နေသေးတာပဲ။ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် မြန်မာ့စီးပွားရေး အတက်ပဲ ရှိမယ်။ အကျမရှိဘူး” ဟု ဆန်စပါး လုပ်ငန်းရှင်တဦးက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက်စစ်အစိုးရက ဖိအားပေးနိုင်သောကြောင့် နယ်စပ်အရေး မတည်ငြိမ်နိုင်ဟုလည်း ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက သုံးသပ်သည်။
“နယ်ခြားစောင့်တပ် လုပ်ဖို့ သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေသေးတော့ ဒီ ၂၀၁၀ အတွင်းမှာကိုသွေးမြေကျမယ့် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်” ဟု ထိုအယ်ဒီတာက ဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပေဒများကို ထုတ်ပြန်ပြီးသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်ကို အတိအကျ ထုတ်ပြန်ခြင်းမပြုသေးပေ။

Geen opmerkingen: