မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

NLD ရွေးကောက်ပွဲ မ၀င်

ကိုထွေး Monday, March 29, 2010
.နိုင်ငံ တ၀န်းလုံးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် များသည် လာမည့် ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံ မတင်ရန် ဆုံးဖြတ်ချက်ကို ယနေ့ ချမှတ် လိုက်သည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပါတီ မှတ်ပုံတင်ရေး မတင်ရေး ယနေ့ အစည်းအဝေးမကျင်းပမီ NLD ရုံးချုပ်ရှေ့၌ တွေ့ရသော အဖွဲ့ဝင်လူငယ် တချို့ (ဓာတ်ပုံ - AP)
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က “ဗဟို ဦးစီး အဖွဲ့ဝင်များရဲ့ ဆွေးနွေး ချက်များအရ နအဖက ထုတ်ပြန် ထားသော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ များသည် လုံးဝ မျှတမှု မရှိတော့ပါသဖြင့် NLD ကို ထပ်မံ မှတ်ပုံတင် တော့မည် မဟုတ်ကြောင်း အများ သဘောတူ ကန့်ကွက်သူ မရှိ ဆုံးဖြတ်သည်” ဟု ပြောသည်။
ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီး ထားသော အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် ကိုလည်း ချမှတ် လိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
ဥက္ကဋ္ဌ ဦးအောင်ရွှေကကျန်းမာရေး အရ အစည်းအဝေးသို့ တက်ရောက်ခြင်း မရှိသော်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဆုံးဖြတ်ချက် အတိုင်း လိုက်နာမည်ဖြစ်ကြောင်း စာတစောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ မစတင်မီ ဦးအောင်ရွှေ၏စာနှင့် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့ခဲ့သော ၎င်း၏ သဘောထား ရေးသားထားသည့် စာကို ဦးဉာဏ်ဝင်းက ဖတ်ပြခဲ့ပြီး မဲခွဲ ဆုံးဖြတ်မှုများ စတင် ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ကိုင်ဆွဲထားဆဲ ဖြစ်ကြောင်း၊ မတရားသည့် ရွေးကောက်ပွဲ ဥပဒေဖြစ်သောကြောင့် NLD အနေဖြင့် မှတ်ပုံတင်ရန် လက်မခံ နိုင်ကြောင်း၊ NLDသည် ၎င်း၏ ကိုယ်ပိုင်မဟုတ်သကဲ့သို့ မည်သူ တဦး တယောက် ပိုင်မျှ မဟုတ်ကြာင်း ပါရှိသည်။
ယင်းအပြင် ပါတီအတွင်း အုပ်စုဖွဲ့သည့် လုပ်ရပ်ကို လုံးဝမကြိုက်သကဲ့သို့ လက်မခံနိုင်ကြောင်း၊ ပြည်သူလူထုကိုလည်း ဒီမိုကရေစီ ရရှိရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ပါတီဖျက်သိမ်းခံရရုံနှင့် ပါတီပျက်စီးသွားခြင်း မဟုတ်ကြောင်း ထည့်သွင်းရေးသား ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ ဥပဒေအောက်တွင် ပါတီ မှတ်ပုံတင်ရေး အတွက် စဉ်းစားခဲ့ခြင်း လုံးဝမရှိကြောင်း ပြောကြားခဲ့ပြီး ၆ ရက်အကြာ ယခု ဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။
အကျဉ်းကျခံနေသော NLD ခေါင်းဆောင်များ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေက တားမြစ် ထားသည့် အပြင် NLDအနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLDအဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
အဖွဲ့ချုပ်ဝင်လူငယ် ၅၀ ကျော်ခန့်ကNLDအဖွဲ့ချုပ်ရုံးရှေ့တွင် နိုးအမှတ်တံဆိပ်ပါ တီရှပ်အဖြူရောင် ဆင်တူဝတ်ဆင်ထားကြပြီး
ပြည်နယ်နှင့်တိုင်းအသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များကို စံပယ် ပန်းကုံးများနှင့် အောင်သပြေပန်းများ ကမ်း၍ ကြိုဆိုခဲ့ကြသည်။
“အခြေခံဥပဒေဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့အတွက် မှတ်ပုံမတင်ပါဘူး” ဟု တနင်္သာရီတိုင်း ရေဖြူ မြို့နယ် ကိုယ်စားလှယ် ဦးတိုးပိုး က ဆိုသည်။
ဦးတိုးပိုးကဲ့သို့ပင် ကချင်ပြည်နယ်မှ ဦးမြသိန်း၊ ကရင်ပြည်နယ်မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်မှ ဦးအောင်သာ၊ ပဲခူးတိုင်း မှ ဦးအောင်စိုးမြင့်၊ ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုးတို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်သင့်မခံကြောင်း၊ ရွှေဂုံတိုင် ကြေညာစာတမ်း ကိုသာ ကိုင်ဆွဲထား၍ မှတ်ပုံမတင်ကြောင်း ပြောဆိုသည်။ သို့သော်လည်း ကချင်ပြည်နယ်မှ ဦးတင်ဝယ်က မှတ်ပုံတင်သင့်ကြောင်း ပြောဆိုသည်။
NLDရုံးအနီးရှိလက်ဖက်ရည်ဆိုင်တွင်အရပ်ဝတ်ရဲများနှင့်ထောက်လှမ်းရေး၅၀ကျော်ခန့်က ဗီဒီယိုကင်မရာများဖြင့် မှတ်တမ်း တင်လျက်ရှိသကဲသို့ စွမ်းအားရှင် (၂၀၀) ကျော်ခန့် ပါဝင်သော ဒိုင်နာကား ၆ စီး ကလည်း နံနက် ၈ နာရီ မထိုးမီကတည်းက ရောက်ရှိနေကြောင်း သိရှိရသည်။
NLDပါတီသည်၁၉၈၈ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင် ရရှိခဲ့သည်။
ဤသတင်းကို ရန်ကုန် အခြေစိုက် ဧရာဝတီ သတင်းထောက် ခိုင်သွယ်က ပူးပေါင်းရေးသားသည်။

Geen opmerkingen: