မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

နေပြည်တော် သင်္ကြန်တွင် ကုမ္ပဏီကြီးများက သိန်း ၇၀၀၀ ကျော် သုံးမည်

နရီလင်းလက် Wednesday, March 24, 2010
.နာမည်ကြီး ကုမ္ပဏီကြီးများ အနေနှင့် နေပြည်တော် သင်္ကြန် စည်ကားရေး အတွက် တာဝန်ယူ ကျင်းပပေးရန် အာဏာပိုင်တို့က ညွှန်ကြားထား သောကြောင့် ဖျော်ဖြေရေး ကဏ္ဍအတွက် စုစုပေါင်း ကျပ် သိန်း ၇၀၀၀ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း နေပြည်တော် ကုမ္ပဏီ အသိုင်းအ၀န်းနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် မက်စ်မြန်မာ၊ ထူးထရေးဒင်း၊ ဧဒင်၊ အေစီအီး၊ အေ၀မ်း၊ နောင်တုံ၊ အော်ရီဂျင်နယ်၊ အေးရှားဝေါလ်၊ ရွှေသံလွင်၊ ရွှေတောင်၊ ကမ္ဘောဇ၊ ရွှေသံလွင် ကုမ္ပဏီတို့ အပါအဝင် ကုမ္ပဏီ ၂၀ ကျော်တို့က သူ့ထက်ငါ စည်ကားစွာ ကျင်းပရန် စီစဉ်နေကြောင်း နေပြည်တော် ဟိုတယ်ဇုန်မှ ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာ တဦးက ဆိုသည်။
“ကျနော်တို့ကုမ္ပဏီကတော့မနေ့ကပဲ သင်္ကြန် ဖျော်ဖြေရေးအတွက်ဆိုပြီး ကျပ် သိန်း ၇၀၀ ချပေးလိုက်ပါပြီ” ဟု သူက ပြောသည်။
ဖက်ရှင်အဖွဲ့များ၊ မော်ဒယ်များ၊ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်များ၊ တီးဝိုင်းများကို ဈေးကြီးပေး၍ အပြိုင်အဆိုင်ခေါ်ယူရန် ယခုကဲ့သို့ သုံးစွဲနေကြောင်း ၎င်းက ဆက်ပြောသည်။
“ကုမ္ပဏီတွေကဒီလိုဖျော်ဖြေရေးတွေမလုပ်မနေရဆိုတာမျိုးတော့မဟုတ်ဘူး။အစိုးရက ဒီနှစ်နေပြည်တော်ကို မစည်၊ စည်အောင် လုပ်နေတယ်ဆိုတော့ လုပ်ငန်းရှင်တွေကလည်း မျက်နှာရအောင် သူ့ထက်ငါအပြိုင် လုပ်ကြတာ” ဟု အေးရှားဝေါလ် ကုမ္ပဏီ မန်နေဂျာတဦးက ရှင်းပြသည်။
နေပြည်တော် သင်္ကြန် ကျင်းပသည့် ကုမ္ပဏီများမှ ၀န်ထမ်းများကို ရန်ကုန်ပြန်ခွင့်မပေးဘဲ မိသားစုများကို ခေါ်နိုင်သည်ဟု သူက ဆိုသည်။
“မိသားစုတွေအတွက် နေစရာကိုတော့ ရုံးက စီစဉ်ပေးမယ်လို့ ဝန်ထမ်းတွေကို ပြောထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဝန်ကြီးဌာန ၃၃ ခု ကလည်း ဖျော်ဖြေရေးအတွက် ယိမ်းအဖွဲ့များ၊ စင်တင်တေးဂီတများ တင်ဆက်ခြင်းအတွက် ဌာနတခုစီမှ အနည်းဆုံး ကျပ် သိန်း ၂၀၀ ကျော် အကုန်ကျခံ ပြုလုပ်သွားရန်ရှိကြောင်း နေပြည်တော် စည်ပင်ဌာနမှ အရာရှိ တဦးက ပြောသည်။
“၀န်ကြီးဌာနတွေချည်းပဲ ကုန်ကျစရိတ်က အနည်းဆုံး ကျပ် သိန်း ၆၀၀၀ အထက်မှာရှိမယ်။ အဲဒါ မြို့တော်ဝန် မဏ္ဍပ် မပါသေးဘူး။ သူက သီးခြားသုံးဦးမှာ” ဟု ၎င်းက ဆိုသည်။
အစိုးရဌာနများနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ ယခုနှစ်နေပြည်တော်သင်္ကြန်အတွက် စုစုပေါင်း အသုံးစရိတ်မှာ ကျပ် သိန်းပေါင်း တသောင်းခွဲ နီးပါး ရှိမည်ဖြစ်ကြောင်း နေပြည်တော်ရှိ ဟိုတယ်ပိုင်ရှင်တဦးက ပြောပြသည်။
နေပြည်တော်သင်္ကြန်၌ စစ်တပ်မိသားစုများ၊ အစိုးရဌာနများမှ မိသားစုဝင်များက အဓိက ဆင်နွှဲနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း အနီးအနားဝန်းကျင် ကျေးရွာများမှ ဒေသခံများနှင့် ရန်ကုန်၊ မန္တလေး၊ မေမြို့၊ တောင်ကြီး စသောမြို့များမှ ဧည့်သည်များပါ လာရောက် ဆင်နွှဲနိုင်ရန်လည်း စီစဉ်ခိုင်းထားကြောင်း ကြားသိရသည်။
We're having issues locating the IntenseDebate account for this blog. Please email our support team for assistance.

Geen opmerkingen: