မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 maart 2010

ဒေါက်တာ တူးဂျာ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၁ မိနစ် .

ဒေါက်တာ တူးဂျာ
(ဥက္ကဋ္ဌ၊ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)

အမည် ဒေါက်တာ တူးဂျာ
အမည်ရင်း ဦးမနမ်တူးဂျာ
အဖွဲ့အမည်၊ ရာထူး ဥက္ကဋ္ဌ - ကချင်ပြည်နယ် တိုးတက်ရေးပါတီ
(Kachin State Progressive Party)
မွေးသက္ကရာဇ် ၂. ၂. ၁၉၄၆
မိဘများအမည် ဦးလှနမ်၊ ဒေါ်ခွန်တင့်
မွေးရပ်ဇာတိ ပါဟုကျေးရွာ၊ မိုးညှင်းမြို့နယ်၊ ကချင်ပြည်နယ်။
မွေးချင်း မောင်နှမ ၅ ဦးအနက် အကြီးဆုံး။
ဇနီးအမည် ဒေါ်ဇလန်း
သားသမီး ၅ ဦး
လက်ရှိလိပ်စာ အမှတ် ၃၆၈၊ ယုဇနရပ်ကွက်၊ မြစ်ကြီးနားမြို့။
ပညာအရည်အချင်း ၁၉၆၄ ခုနှစ်တွင် မြစ်ကြီးနား အထက (၁) မှ ၁ဝ တန်းအောင်မြင်ခဲ့။
၁၉၆၆ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊
ရန်ကုန်မြို့တွင် တက်ရောက်ခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ရရှိခဲ့။
နိုင်ငံရေးလောကသို့ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မြို့၌ သွားဘက်ဆိုင်ရာ အလုပ်သင်
ရောက်ရှိလာပုံ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေခိုက် ကချင်လွတ်မြောက်ရေး အဖွဲ့-KIOက တာဝန်ထမ်းဆောင်ရန် လာရောက်ခေါ်ယူခဲ့။
ပါဝင်ခဲ့သည့် အဖွဲ့များ ကချင်လွတ်မြောက်ရေး အဖွဲ့
(Kachin Independence Organization)
ဒု - ဥက္ကဋ္ဌ - ၂ (၁၉၇၅ - ၂ဝဝ၉ စက်တင်ဘာလ)
ဝင်ရောက်
ယှဉ်ပြိုင်မည့် နယ်မြေ ကချင်ပြည်နယ်
ပါတီဝင် အင်အား ၅ဝဝ ကျော်

ပါတီအတွက် ပြင်ဆင်ထားသည့် လက်ရှိအခြေအနေ

''ပါတီတရပ် ဖွဲ့စည်းဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါပြီ။ မကြာတော့တဲ့ အချိန်ကာလမှာ ပါတီကို တရားဝင် ဖွဲ့စည်းမယ်။ အစိုးရက ရက်ပေါင်း ၆ဝ အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ လျှောက်ထားရမယ်ဆိုတော့ ဒီသတ်မှတ်ထားတဲ့ ကာလအတွင်းမှာ ပါတီကို မှတ်ပုံတင်သွားဖို့ ကျနော်တို့ အခုပြင်ဆင်နေပါတယ်။ ပြည်နယ်အဆင့်ဆိုရင် ပါတီဝင်အင်အား ၅ဝဝ အနည်းဆုံး ရှိရမယ်ဆိုတော့ ကျနော်တို့မှာက ဒီထက်တောင် ကျော်နိုင်ပါတယ်။ ပါတီ ဗဟိုကော်မတီဝင် ၁၅ ဦးလည်း အဆင်သင့်ရှိပါတယ်''

ရွေးကောက်ပွဲဝင်ရသည့် အကြောင်းအရင်း

''အစိုးရကလမ်းပြမြေပုံအတိုင်းပြုပြင်ပြောင်းလဲရေးကိုစပြီးတံခါးဖွင့်ပေးတာပေါ့လေ။အဲလို နားလည်သဘောပေါက်တယ်။ အဲဒါကြောင့် လမ်းပြမြေပုံ အကောင်အထည်ဖော်ရာမှာလည်း ညီလာခံလည်း တက်ရောက်ခဲ့တယ်။ ညီလာခံ ပြီးတဲ့နောက်ပိုင်း အခြေခံဥပဒေလည်း အတည်ဖြစ်လာပြီဆိုတော့ ရွေးကောက်ပွဲလည်း ကျင်းပပေးမယ်ဆိုတဲ့ အခါကျတော့ အားလုံးဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးပြီးတော့မှ ကချင်ပြည်နယ် တိုးတက်ရေးပါတီ ဖွဲ့စည်းဖို့ ဆွေးနွေးဆုံးဖြတ် ဖြစ်ကြတယ်။ ဒါက ဘာပဲပြောပြော ကျနော်တို့ လုပ်နိုင်တဲ့ အဆင့်ကနေစပြီးတော့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးကို စပြီးလုပ်သွားဖို့ ခံယူပြီးတော့မှ ပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ဖြစ်တာပါ။ ပြီးတော့ ကချင်ပြည်နယ်ရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့ ရည်ရွယ်ချက်ထားပြီးတော့လည်း ပါတီကို ဖွဲ့စည်းဖြစ်တာပါ။ ဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖို့ဆိုရင် အစိုးရက ခင်းကျင်းပေးတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမယ်။ ဝင်ပြိုင်ပြီး မဲနိုင်တဲ့ အခါကျရင် အစိုးရအဖွဲ့ထဲမှာလည်း ပါတီက ပါဝင်လာမယ့်လူတချို့ ရှိလာမယ်။ အဲဒီလူတွေကလည်း အစိုးရအဖွဲ့ထဲကနေ ကချင်ပြည်နယ်သားတွေရဲ့ အကျိုးကို ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်''

ပါတီအာဏာရလာပါက ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

''ပါတီအနေနဲ့ အောင်မြင်မှု ရရှိပြီဆိုရင် ကချင်ပြည်နယ်တိုးတက်ရာ တိုးတက်ကြောင်းကို အဓိကထားပြီး လုပ်ဆောင်သွားမယ်။ ကချင်ပြည်နယ်သားများ အားလုံးအကျိုးအတွက် လုပ်ဆောင်သွားမယ်။ ကျနော်တို့က ပါတီတရပ်အနေနဲ့ကတော့ ကြီးကြီးမားမား ပြဿနာတွေ ဝင်ရောက်ဖြေရှင်းပေးဖို့ အခက်အခဲရှိနိုင်တယ်။ ကျနော်တို့ပါတီရဲ့ သဘောထားကိုတော့ ထုတ်ဖော်သွားလို့ရတယ်။ ပြီးတော့ အစိုးရဖြစ်လာပြီဆိုတာနဲ့ ဒေသတိုးတက်လာအောင် တဆင့်ပြီးတဆင့် လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်။ အောက်ခြေ ကျေးရွာအဆင့်ကစပြီး မြို့ပြအထိ တပြည်နယ်လုံးအထိ တိုးတက်လာအောင် လုပ်ဆောင်သွားချင်တယ်။ လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေပေးဝေရေးစီမံကိန်း၊ ကျောင်း၊ ကျန်းမာရေး ဒါတွေကို အခြေခံပြီးတော့ အဓိကထားပြီး တိုးတက်အောင် လုပ်ဆောင်သွားချင်ပါတယ်။ စီးပွားရေးကစ လူတိုင်းလူတိုင်း မိသားစုတိုင်းရဲ့ ဝင်ငွေတွေမြင့်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်''

စစ်အစိုးရအပေါ် အမြင်သဘောထား

''ဒီအစိုးရအနေနဲ့ကလည်းပြုပြင်ပြောင်းလဲရေးအတွက်တတ်နိုင်သလောက်လုပ်ပေးနေတယ်လို့ကျနော်တို့ မြင်တယ်။ အားလုံး တချိန်တည်းမှာ အပြည့်အဝ၊ ခုန်ပျံကျော်လွှားနည်းနဲ့ မဟုတ်သည့်တိုင်အောင် တဖြည်းဖြည်းခြင်း ပြောင်းလဲသွားအောင် လမ်းစဖော်ပေးနေတယ်လို့ မြင်ပါတယ်''
''တပ်မတော်က အခြေအနေအရ အခုအချိန်ခါမှာ ဒီလောက်ထိတော့ ကုပ်ထားရဦးမယ်။ နေရာ ချန်ထားရဦးမယ်ဆိုတဲ့ သဘောလို့ပဲ မြင်တယ်။ ၇၅ ရာခိုင်နှုန်းက ပြည်သူတွေအပ်တယ်။ ၂၅ ရာခိုင်နှုန်း သူတို့ ယူထားတယ်ဆိုတော့ ဒါက အာဏာအများစုကို ပြည်သူလက်ထဲ ရောက်လာပြီဆိုတော့ ပြည်သူတွေက ကောင်းကောင်းမွန်မွန် အသုံးချတတ်ဖို့ပဲ အရေးကြီးပါတယ်။ ပြည်သူဘက်ကတက်လာတဲ့ လူကြီးတွေကလည်း ကောင်းကောင်းမွန်မွန် အသုံးချတတ်ဖို့ ဒါပဲ အရေးကြီးပါတယ်။ တပ်မတော်က ယူထားတဲ့အာဏာကိုလည်း နောက်ပိုင်း ယုံကြည်မှု တည်ဆောက်လာတဲ့ အပိုင်းကျရင် တဖြည်းဖြည်း ပြည်သူ့လက်ထဲ ပြန်ရောက်လာအောင် လုပ်ယူလို့ရမယ်လို့ ယုံကြည်တယ်။ တပ်မတော်က သူတို့အာဏာကို တသက်လုံးဆွဲကိုင်ဖို့ ဒါတွေလုပ်တယ်လို့တော့ ကျနော် မမြင်ဘူး''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''အဲဒီရွေးကောက်ပွဲကတော့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတော့ဖြစ်ပါတယ်။ဒါပေမဲ့ မဲနိုင်တဲ့ပါတီနဲ့ အာဏာလက်ရှိ ကိုင်ဆွဲထားတဲ့ တပ်မတော်အစိုးရကြား အပေးအယူလုပ်မှု၊ ညှိနှိုင်းဆွေးနွေးမှုအပိုင်းတွေမှာ ဘယ်လို အားနည်းမှု ရှိသွားသလဲတော့ မသိဘူးပေါ့။ အာဏာလက်လွှဲပေးတာ မရှိဘူး။ အခုချိန်မှာ ဆိုလို့ရှိရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲဟာ သမိုင်းမှာပဲ တွင်ကျန်ရစ်မယ့် သဘောဖြစ်နေပြီ''

၂ဝဝ၈ အခြေခံဥပဒေအပေါ် သဘောထား

''၂ဝဝ၈ အခြေခံ ဥပဒေကို ကြည့်ခြင်းအားဖြင့် အားနည်းချက်တချို့ရှိသလို ကောင်းတဲ့အချက် တချို့လည်း ရှိပါတယ်။ ကောင်းတဲ့အပိုင်းကို ပြောမယ်ဆိုရင်တော့ ပြည်ထောင်စုစနစ်ကို စတင်ကျင့်သုံးနိုင်တော့မှာ ဖြစ်တယ်။ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာသုံးရပ်ကို ဗဟိုမှာလည်းထားမယ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ထားမယ်။ အခု ရွေးကောက်ပွဲပြီးတာနဲ့ လွှတ်တော်ရုံးတွေ ပြည်နယ်တွေမှာ ရှိလာမယ်။ အဲဒါကတော့ ပြည်ထောင်စုသဏ္ဍာန်ပေါ့ဗျာ။ ဥပဒေပြုအာဏာဟာ ပြည်နယ်တွေကို တခါမှ မပေးခဲ့ဖူးဘူး။ အခုကစပြီး ဒါတွေ ခွဲဝေပေးမယ်ဆိုတော့ ပြည်ထောင်စုသဏ္ဍာန်လို့ ပြောလို့ရတယ်။ ဒါက အပြည့်အဝ မဟုတ်သေးရင်တောင် ပြည်ထောင်စုပုံစံကို စတင်ကျင့်သုံးပြီလို့ မြင်တယ်''
'နောက်တခုက ဘာလဲဆိုရင် ပါတီစုံဒီမိုကရေစီစနစ်။ အရင်ကလည်း ရှိတော့ ရှိတယ်။ ဒါပေမဲ့ ပါတီစုံ ဒီမိုကရေစီစနစ် မကျင့်သုံးနိုင်တာ ကြာပြီ။ ဒါကို ပြန်စတော့မယ်ဆိုတော့ ဒါလည်း ကြိုဆိုစရာကောင်းတဲ့ အချက်ဖြစ်တယ်။ ပါတီစုံဆိုတော့ ယှဉ်ပြိုင်မှုရှိတယ်။ ယှဉ်ပြိုင်မှု ရှိတယ်ဆိုတာ တိုးတက်တာပဲ။ ပြည်သူတွေအနေနဲ့ စိတ်ကြိုက်ရွေးချယ်လို့ ရမယ်။ တပါတီတည်းဆိုရင် ကောင်းကောင်း၊ မကောင်းကောင်း ဒီပါတီကိုပဲ အားပေးမှု ရှိတယ်။ ဒီပါတီကိုပဲ မဲထည့်မှု ရှိတယ်။ ဒီပါတီကိုပဲ ဝေဖန်မှု ရှိတယ်။ အဲဒီအခါကျတော့ မတိုးတက်နိုင်ဘူး။ အခုက ပါတီစုံဆိုတော့ ပြည်သူတွေအတွက် ရွေးချယ်ခွင့်ရတယ်။ လွှတ်တော်မှာပဲဖြစ်ဖြစ် ပါတီစုံက ကိုယ်စားလှယ်အစုံ ရောက်သွားတယ်ဆိုတော့ အမြင်သဘောထားတွေလည်း အမျိုးမျိုး ပေါ်ပေါက်လာပြီး အကောင်းဆုံးအမြင် သဘောထားကို ဝိုင်းဝန်းရွေးချယ်လို့ ရတယ်။ နောက်တခုက ပါတီစုံရဲ့ အကျိုးက လွှတ်တော် ပေါ်ပေါက်လာပြီဆိုတော့ အဲဒီလွှတ်တော်ကနေ အစိုးရကို စောင့်ကြည့်ပြီး ထိန်းချုပ်လို့ရမယ်။ အာဏာကိုလည်း အညီအမျှထိန်းထားနိုင်မယ်။ ဒါတွေက အကျိုးရှိမှုတွေပေါ့''
''တိုင်းပြည်မှာ ဈေးကွက်စီးပွားရေးစနစ်ကလည်း အင်မတန် လိုအပ်တယ်လေ။ ဒီအခြေခံ ဥပဒေအရ ဒါတွေ ပေါ်ပေါက်လာတော့မယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်ပေါ်ပေါက်လာပြီဆိုတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ ပုံသဏ္ဍာန်တွေ စပြီးပေါ်လာပြီပေါ့။ နောက်ပြီးတော့ ပြည်နယ်မရရှိသေးတဲ့ တိုင်းရင်းသားတွေအတွက်လည်း မိမိဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် သတ်မှတ်ပေးတယ်ဆိုတော့ အရင်က မရခဲ့ဘူးတဲ့ အခွင့်အရေးတွေပေါ့။ အားနည်းချက်ကို ပြောမယ်ဆိုရင်တော့ လူတိုင်းမြင်နေတာပဲ။ ဒီမိုကရေစီစနစ်အရ ပြောစရာ၊ ဆိုစရာရှိနေတာက တပ်မတော်ကနေ ၂၅ ရာခိုင်နှုန်းပါဝင်ထားတဲ့ အပိုင်းပေါ့။ နောင်ကို တဖြည်းဖြည်း ဒါကို ပြင်သွားရမှာပဲ။ ဥပဒေမှာလည်း ပြင်ဆင်နိုင်တဲ့ ပုဒ်မပါနေတာပဲ။ ဒါက နောက်ပိုင်းမှာ ပြင်လို့ရတဲ့ ပုဒ်မတခုလို့ပဲ မြင်ပါတယ်''

လက်ရှိ စီးပွားရေးမူဝါဒအပေါ် အမြင်သဘောထား

''အခုလက်ရှိ လုပ်နေတဲ့ စီးပွားရေးကတော့ စနစ်ရယ်လို့တောင် ပြောလို့မရပါဘူး။ ကြိုက်သလိုလုပ်တဲ့ စီးပွားရေးလို့ပြောရင် မှားမယ်မထင်ပါဘူး။ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ဈေးကွက်စီးပွားရေးစနစ် ပေါ်လာမယ်။ အဲဒီစနစ်က နိုင်ငံခြားကလည်း လာရောက်ရင်းနှီးမြှုပ်နှံလို့ ရတယ်။ ပြည်တွင်းက လုပ်ငန်းရှင်တွေလည်း ရင်းနှီးမြှုပ်နှံလို့ ရတယ်။ အဲတော့ အလုပ်လက်မဲ့ ပြဿနာတွေကို တော်တော်လေး ဖြေရှင်းလို့ ရသွားမယ်။ အရင်းအနှီး များများစားစား မရှိတဲ့ ဆင်းရဲသားတွေလည်း မိမိလက်ထဲမှာရှိတဲ့ ငွေသားလေးတွေနဲ့ ဝင်ငွေရအောင် လုပ်လို့ရတာပဲ။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်လို့ရသွားတဲ့အတွက်ကြောင့်ပါ။ ပြီးတော့ စိုက်ပျိုး၊ မွေးမြူရေးအပိုင်းမှာလည်း မိမိခြံက၊ လယ်မြေက ထွက်တဲ့ ပစ္စည်းတွေကို ကြိုက်တဲ့ ဈေးကွက်ကို သွင်းလို့ရမယ်။ ဈေးနှိမ်မှုတွေမရှိဘဲ လွတ်လွတ်လပ်လပ် ရောင်းလို့ရမယ်ပေါ့ဗျာ။ ဒါတွေက ဈေးကွက်စီးပွားရေးစနစ်ရဲ့ အကျိုးရှိမှုတွေ ဖြစ်တယ်။ အဲဒီစနစ်ပေါ်လာလို့ရှိရင် အခြေခံ အကုန်လုံး စီးပွားရေး တက်လာနိုင်တယ်။ အဲဒီစနစ်ကို ပီပီပြင်ပြင် အသုံးချနိုင်ဖို့ အကောင်အထည်ပေါ်နိုင်ဖို့ပဲ လိုတယ်လို့ ကျနော်မြင်တယ်''

လတ်တလော ဖြေရှင်းသင့်တဲ့ နိုင်ငံရေးပြဿနာများ အပေါ်အမြင်

''အခုချိန်ကတော့ဗျာ၊ ဖြေရှင်းသင့်တာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လက်ရှိ အနေအထားမှာတော့ လုပ်နိုင်သလောက်ကနေစပြီး လုပ်ရမယ်လို့ပဲ မြင်တယ်လေ။ ဒါက လုံးဝ အပြစ်အနာအဆာ မရှိဘူးလို့တော့ မမြင်ပါဘူး။ ဖြေရှင်းသင့်တာတွေ ရှိနေတယ်ဆိုတာ အားလုံးလည်း မြင်နေတာပဲ။ အနည်းနဲ့ အများပေါ့။ အခုချိန်မှာ ဒီအဆင့်ကနေ စလိုက်လို့ရှိရင် အခုချက်ချင်း မဖြေရှင်းနိုင်တဲ့ဟာကို နောင်တဖြည်းဖြည်း ဖြေရှင်းသွားနိုင်မယ်လို့ ကျနော် အဲလိုပဲ မြင်ပါတယ်။ ပြဿနာတွေအားလုံး တပြိုင်နက်ထဲ ဖြေရှင်းဖို့ဆိုတာတော့ လွယ်မယ် မထင်ဘူး''

စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် အမြင်

''မီဒီယာ လွတ်လပ်ခွင့်တော့ ရှိသင့်တာပေါ့။ မီဒီယာလွတ်လပ်ခွင့်မရှိပဲ၊ အမှန်ကို အမှန်အတိုင်း ပြည်သူတွေ ပိုပြီး နားလည်သဘောပေါက်အောင် အမှန်တရားကို တင်ပြရမယ့် အပိုင်းမှာတော့ မီဒီယာက အရေးပါတာပေါ့။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်ကို ဖွင့်ပေးရမယ်။ ဒီအခြေအနေမျိုးဆို ပိုပြီးတော့ ဖွင့်ပေးသင့်တယ်''

ဖြည့်စွက် ပြောကြားချက်

''တိုင်းပြည်မှာအခုလိုအကြီးကြီးပဲဖြစ်ဖြစ်၊အသေးလေးပဲဖြစ်ဖြစ်ပြောင်းလဲနိုင်မယ့် အခွင့်အရေးပေါ်လာတယ်။ ရေလာမြောင်းပေး လုပ်လာတယ်ပေါ့။ အဲတော့ ကျနော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဖြစ်နိုင်တဲ့အပိုင်းကနေ စဖို့လိုအပ်တယ်။ ရွေးကောက်ပွဲရှိမှ တိုင်းပြည်မှာ လွှတ်တော်အသစ် ပေါ်မယ်။ အစိုးရအသစ် ပေါ်ပေါက်လာမယ်။ လွှတ်တော် ပေါ်ပေါက်လာဖို့ လိုအပ်တယ်။ ရွေးကောက်ပွဲ မရှိဘဲ ဒါတွေ မပေါ်ပေါက်နိုင်ဘူး။ အစိုးရအသစ်ပေါ်မှ အစိုးရဟောင်းရဲ့ အာဏာကို လွှဲယူနိုင်မယ်''

Geen opmerkingen: