မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 maart 2010

ပွဲစားကုမ္ပဏီ လိမ်၍ အလုပ်သမားများ ဒုက္ခဖြစ်

ဘစောတင် Thursday, March 25, 2010
.ယာယီ နိုင်ငံကူး လက်မှတ် ပွဲစားကုမ္ပဏီ၏ လိမ်လည် မှုကြောင့် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်သမား လက်မှတ် (ဘတ်) သက်တမ်း ကျော်၍ သက်ဆိုင်ရာသို့ တိုင်ကြားရန် ဒုက္ခရောက်လျက် ရှိကြောင်း သိရသည်။
ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့၊ Bang Nong အရပ်မှ Aphai Phanok အမည်ရှိ ကုမ္ပဏီက ယာယီ နိုင်ငံ ကူး လက်မှတ် ပြုလုပ်ပေးမည် ဆိုပြီး လူတရာကျော်ထံမှ ဘတ် ငါးသိန်းကျော် လိမ်လည်သွားခြင်း ဖြစ်သည်။ ပတ်စ်ပို့ ပြုလုပ်ရေးနှင့် ပတ်သက်၍ လိမ်လည်သည်ဟု ကြားသိရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
အလိမ်ခံရသူ ကိုဝင်းက “ကျနော်တို့ အခု ဒုက္ခအရမ်းရောက်နေပြီ၊ ဘတ်လည်း သေပြီ။ ပိုက်ဆံလည်း ဆုံးပြီ။ အခု ပုလိပ်မြင်လည်း ကြောက်ရ၊ စစ်သားမြင်လည်း ကြောက်ရနဲ့။ ဘာလုပ်ရမှန်း မသိတော့ဘူး။ ဘယ်သူ့ကို တိုင်ရမယ်လည်း မသိတော့ဘူး”ဟု ပြောပြသည်။
ရနောင်းမြို့ မြန်မာစာသင်ကျောင်းမှ ဆရာမ ဒေါ်အိအိကလည်း“ကျမမိတ်ဆွေ ဦးစံထွန်းနဲ့ အခြား လေးယောက် လည်း ဒီကုမ္ပဏီမှာပဲ လုပ်ထားတာ။ ဦးစံထွန်းကတော့ စိတ်မချလို့ အလုပ်သမား လက်မှတ် သက်တမ်း တိုးထားလိုက်တာ တော်သေးတာပေါ့။ ကျန်သူတွေကတော့ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်နေတယ်”ဟု ဆိုသည်။
ယင်းကုမ္ပဏီသည် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် စဖွင့်ပြီး ၂၀၁၀ ဖေဖော်ဝါရီလကုန်ခါနီးတွင် ရုံးခေတ္တ ပိတ် မည်ဟု ဆိုကာ တိမ်းရှောင်သွားကြောင်း ထိုကုမ္ပဏီတွင် ဝန်ထမ်းအဖြစ် သုံးလခွဲခန့် လုပ်ကိုင်ခဲ့သူ မပိုင်ပိုင်က ဆိုသည်။
“ကျမတို့ ဒီအလုပ်မှာ သုံးလကျော်ကျော် လုပ်ခဲ့တယ်။ နောက်ဆုံးလစာတော့ ပေးမသွားဘူး။ အခုတော့ ဘယ်လို မှ ဆက်သွယ်လို့လည်း မရတော့ဘူး။ ဖုန်းတွေ ဘာတွေလည်း ပိတ်ထားလိုက်ပြီ။ သူတို့က ယာယီ ပတ်စ်ပို့ လုပ်မယ့်သူတွေဆီက ဘတ် ၄၈၀၀ ယူတာလည်း ရှိတယ်၊ ၅၈၀၀ ယူတာလည်း ရှိတယ်။ ဒါကြောင့် ကျမသိသလောက်တော့ မြန်မာအလုပ်သမား တရာကျော်ဆီက ပိုက်ဆံတွေ ပါသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမား လက်မှတ်ရှိသူကို လုပ်ခ ၄၈၀၀နှင့် နေထိုင်ခွင့် လက်မှတ်သာရှိသူကို ဘတ် ၅၈၀၀ ယူခြင်းဖြစ် သည်။
“ရနောင်းမှာ အခုလို ကိစ္စရပ် ဖြစ်ပေါ်နေတယ်လို့ ကြားတော့ ကျနော်တို့ စုံစမ်းကြည့်တဲ့ အခါ ဒီ ယာယီ ပတ်စ်ပို့ လုပ်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီက လူတွေကို အဆက်အသွယ်လုပ်လို့ မရတော့ဘူး၊ အခုလို ရုံးတွေ ပိတ်ပြီး အဆက်အသွယ် ဖြတ်တာဆိုတော့ ဒါဟာ အလုပ်သမားတွေဆီက ငွေကို လိမ်ယူပြီး ထွက် ပြေး ပြီဆိုတာကို အတည်ပြုလို့ ရပါတယ်”ဟု ဖန်ငအခြေစိုက် အလုပ်သမားရေးရာများကူညီဆောင်ရွက် ပေးနေသော အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန(GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
အသက်အာမခံထားပါက လုပ်ငန်းခွင် သေဆုံးမှု ဖြစ်ပေါ်လျှင် လျော်ကြေးငွေ ဘတ်တသိန်း ရရှိမည်ဟု အာမခံကြောင်း၊ ကုမ္ပဏီတွင် လာအပ်ပါက မြန်မာဘက်ကမ်းသို့ သွားစရာပင် မလိုဘဲ ပတ်စ်ပို့ ရနိုင် ကြောင်း နှင့် အလုပ်သမားလက်မှတ် မရှိသူများပင် လာလျှောက်၍ ရကြောင်း ပြောသဖြင့် ယုံကြည်သူများက လာရောက် အပ်ကြခြင်း ဖြစ်သည်ဟု လူ တရာကျော် အလိမ်ခံရခြင်းနှင့် ပတ်သက်၍ ဝန်ထမ်း ဖြစ်ဖူးသူ မပိုင်ပိုင်က ရှင်းပြသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ခြင်းကို ၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်လုပ်ပေးနေခဲ့သည်။
ယင်းသို့ ပြုလုပ်ရာတွင် အလုပ်ရှင်သူဌေးများ ကိုယ်စား ကုမ္ပဏီများ၊ ပွဲစားများကို လုပ်ပိုင်ခွင့် ပေးထားခဲ့ သည်။ ထို့ကြောင့် အမှန်တကယ် ကုန်ကျစရိတ်ထက် သုံးဆခန့် ပိုမို ကုန်ကျသည်။
ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းအစိုးရ၏ မူဝါဒများ မရှင်းလင်း၍သာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ဝေဖန်သည်။
“ထိုင်းနဲ့ မြန်မာတို့ သဘောတူညီမှု လုပ်ထားတဲ့ အထဲမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ မပါဝင်ဘူး။ ထိုင်းအလုပ်ရှင် က အလုပ်သမားတွေကိစ္စကို ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကြောင့် ပွဲစား ကုမ္ပဏီတွေက ဆောင်ရွက်ခွင့် ရလာတယ်။ ဒီလို ကုမ္ပဏီတွေ ပါဝင်ခွင့်ရလာတော့ ခုလို လိမ်တာတွေ ဖြစ် လာ တော့တာပေါ့”ဟု ဦးမြင့်ဝေက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမား အခွင့် အရေး ဆောင်ရွက်သည့် အဖွဲ့များက ခန့်မှန်းကြသည်။

Geen opmerkingen: