မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ဦးအေးလွင်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၈ မိနစ် .

ဦးအေးလွင်

(ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်)
အမည် ဦးအေးလွင်
မွေးသက္ကရာဇ် ၁၆. ၁၁. ၁၉၆၃
မိဘ ဦးမြသန်း ၊ ဒေါ်ရင်
ပါတီအမည် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (ပါတီ မှတ်ပုံတင်ပြီးဖြစ်)
ရာထူး ဥက္ကဋ္ဌ
မွေးရပ်ဇာတိ မအူကုန်းကျေးရွာ၊ အင်းမတိုက်နယ်၊ သဲကုန်းမြို့နယ်၊ ပြည်ခရိုင်၊ ပဲခူးတိုင်း
မွေးချင်း မောင်နှမ ၅ ဦးအနက် တတိယမြောက်
ပညာအရည်အချင်း အင်းမမြို့ အထက်တန်းကျောင်းမှ ၁၉၈၂ ခုနှစ်တွင် ၁ဝ တန်း အောင်၊ ယင်းနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ် တက်ရောက်ခဲ့သည်။
၁၉၈၈ခုနှစ်တွင်ချည်မျှင်နှင့်အထည်အင်ဂျင်နီယာတတိယနှစ်ကျောင်းသားအဖြစ်သင်ယူနေချိန်ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားနှင့်အရပ်သားအရေးအခင်းဖြစ်ပွားရာမှတဆင့်နိုင်ငံရေးလောကထဲသို့ ဝင်ရောက်ခဲ့သည်။
ထိန်းသိမ်းခံခုနှစ်၁၉၈၈ခုနှစ်မတ်လ၁၅ရက်နေ့မှဇူလိုင်လ၇ရက်နေ့အထိအင်းစိန်ထောင်အနီးရှိ သီးသန့်အကျဉ်းထောင်တွင် ထိန်းသိမ်းခံရ။

အိမ်ထောင် မရှိ

ပါဝင်ခဲ့သည့်အဖွဲ့များမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရေးကော်မတီ - အတွင်းရေးမှူး (သြဂုတ်၊ ၁၉၈၈)
ကျောင်းသားများ ဒီမိုကရေစီ အရေးတော်ပုံပါတီ - ဥက္ကဋ္ဌ (နိုဝင်ဘာ၊ ၁၉၈၈)
၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့ (မြန်မာနိုင်ငံ) - ဥက္ကဋ္ဌ (စက်တင်ဘာ၊ ၂ဝဝ၅)
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် - ဥက္ကဋ္ဌ (၂၃.၇.၂ဝဝ၇ မှ လက်ရှိအထိ)

ပါတီမှ ဝင်ရောက်အရွေးခံမည့် ပြည်နယ်/တိုင်းများ

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်။

ပါတီ အင်အား

စည်းရုံးရေးမှူး ၁ သောင်းခန့် (ခန့်မှန်း)။ ပါတီဝင် တသိန်းခွဲမှ ၂ သိန်းကြား (ခန့်မှန်း)။

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အမြင်

''ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ထိုက်တန်အောင်ကျနော်တို့လုပ်ကိုင်ဆောင်ရွက်သွားဖို့လိုတယ်။ ပြည်သူလူထုကလည်း သူတို့လိုချင်တဲ့ နိုင်ငံရေး အခြေအနေမျိုးကို ခင်းကျင်းပေးနိုင်မယ့် နိုင်ငံရေး အဖွဲ့အစည်းမျိုးကို ပြတ်ပြတ်သားသား လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်သာလျှင် မြန်မာနိုင်ငံဟာ ပိုအခြေအနေကောင်းလာမယ်လို့ သုံးသပ်မိတယ်''

စစ်အစိုးရအပေါ် အမြင်

''တည်ဆဲအစိုးရကတော့ကျနော်တို့ဘက်ကရင့်ကျက်လာရင်သူတို့နောက်ဆုတ်ပေးရမှာပဲလေ။ ပြည်သူလူထုကလည်းနိုင်ငံရေးအရလည်းရင့်ကျက်လာမယ်၊ ကျနော်တို့ နိုင်ငံရေးလောကသားတွေကလည်း နိုင်ငံရေးအရ ပြည်သူလူထုကို ဦးဆောင်ဦးရွက်ပြုနိုင်တယ်၊ ကျနော်တို့လိုချင်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို အားကောင်းမောင်းသန် လုပ်နိုင်ပြီ၊ ပြည်သူလူထုကိုလည်း နိုင်ငံရေးလောကက အထိန်းအကြောင်း လုပ်ပေးနိုင်ပြီဆိုရင် မြန်မာ့နိုင်ငံရေးက တဖြည်းဖြည်း ရင့်ကျက်လာပြီလေ။ အဲဒီကျတော့ တပ်က မလိုအပ်တော့ဘူး။ လုံးဝကို မလိုအပ်တော့ဘူးလေ။ အဲဒီ အခြေအနေကို ရောက်သွားပါလိမ့်မယ်''

ရွေးကောက်ပွဲ ဝင်ရောက်မည့် ကြွေးကြော်သံ

''၈၈တုန်းကတပါတီစနစ်ဖျက်သိမ်းဖို့နဲ့ပါတီစုံစနစ်ဖော်ဆောင်ဖို့ဆိုပြီးကျနော်တို့ကြွေးကြော်ခဲ့တယ်လေ။ အဲဒါကျနော်တို့မပြီးသေးဘူး။အဲဒါကို၂ဝ၁ဝမှာပြီးပြတ်အောင်ဆိုပြီးတော့အဲဒီလမ်းစကို ပြည်သူလူထုနဲ့ အင်တိုက်အားတိုက်လက်တွဲပြီးချီတက်သွားမှာပါ။အဲတော့တပါတီစနစ်ဖျက်သိမ်း၊ပါတီစုံစနစ် ဖော်ဆောင်ဆိုတဲ့ ၈၈ တုန်းက မပြီးပြတ်သေးတဲ့ကိစ္စကို ၂ဝ၁ဝ မှာ ပြီးပြတ်အောင် လုပ်သွားမယ်ဆိုတာ ကျနော်တို့ရဲ့ ကြွေးကြော်သံပါ''

ရွေးချယ်ခံရလျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်ရွယ်ချက်

''ပြည်သူလိုချင်တာအကျိုးစီးပွားဖြစ်တယ်။အဲတော့ဒီ၂ဝ၁ဝမှာအခွင့်အာဏာတွေကိုစစ်တပ်က ပြည်သူ့လက်ထဲကိုလွှဲကိုပေးရမှာလေ။အဲဒီလွှဲပေးလိုက်တဲ့အခွင့်အာဏာတွေကိုကျနော်တို့ကသာသုံးစွဲခွင့် ရမယ်ဆိုရင်ပြည်သူလူထုရဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေဟာထိုက်ထိုက်တန်တန်ဖြစ်လာဖို့ လုပ်ပေးနိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပြည်သူလူထုအတွက် လိုအပ်တဲ့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ၊ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်လာဖို့အတွက် ကျနော်တို့ အာမခံတယ်။ တာဝန်ယူနိုင်တယ်''

နိုင်ငံ၏ စီးပွားရေး မူဝါဒအပေါ် အမြင်

''ကျနော်တို့မြန်မာနိုင်ငံမှာစစ်အစိုးရကအုပ်ချုပ်နေတယ်ဆိုပြီးတော့ပြည်ပကနေစီးပွားရေးပိတ်ဆို့တာတွေ ရှိတယ်လေ။ဒါကဒီမိုကရေစီနဲ့မညီလျော်ဘူးလို့မြင်တယ်။အရပ်သားသမ္မတဦးဆောင်တဲ့ အုပ်ချုပ်ရေးစနစ်လည်းဖြစ်လာမယ်။ရွေးကောက်ပွဲရလဒ်အသက်ဝင်လာမယ့်နိုင်ငံရေး အခင်းအကျင်းတွေ ဖြစ်လာမယ် အဲဒါအတွက် စစ်တပ်က အာဏာလွှဲပေးပြီးတဲ့နောက်ပိုင်း အဲဒါတွေကို ကျော်လွှားနိုင်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အရင်းအနှီးတွေ၊ အတတ်ပညာတွေ၊ နည်းပညာတွေ၊ အတွေ့အကြုံတွေ အဲဒါတွေ ကျနော်တို့နိုင်ငံထဲ ရောက်လာမယ်။ အဲဒီကျရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပွင့်လာပြီး ကျနော်တို့နိုင်ငံ စီးပွားရေး ပိုကောင်းလာမယ်လို့ မျှော်လင့်ထားတယ်''
''ဒီနှစ်ထဲမှာ ပုဂ္ဂလိကလွှဲပြောင်းရေးတွေ လုပ်နေတာနဲ့ ပက်သက်ပြီး ပြောရရင်တော့ Planet Economic လို့ ခေါ်တဲ့ ဗဟိုအစိုးရကနေ ချုပ်ကိုင်ပြီး လုပ်နေတာထက်စာရင် ပုဂ္ဂလိကကို လွှဲပေးတယ်ဆိုတဲ့ သဘောသဘာဝကိုက ဈေးကွက်စီးပွားရေးနဲ့ ပုဂ္ဂလိက စီးပွားရေးဘက်ကို တိမ်းညွှတ်လာတာ ဖြစ်တဲ့အတွက် ကျနော်တို့က ကြိုဆိုရမှာပါ။ အရပ်သား အစိုးရလက်ထက်ကျရင်တော့ ဒါတွေက ပိုပြီးတော့ အားကောင်းမောင်းသန်နဲ့ ပီပြင်လာမယ်လို့ ယုံကြည်ထားပါတယ်''

ရွေးကောက်ပွဲနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်အပေါ် သဘောထား

''စာနယ်ဇင်း လွတ်လပ်ခွင့်ကတော့ လက်ရှိအနေအထားထက်စာရင် အားလုံး ဖွင့်ပေးရမယ်လို့ မြင်တယ်။ ဘာမှကန့်သတ်ထားလို့မရဘူးလေ။ပြည်သူကိုနိုင်ငံရေးသမားကလွတ်လွတ်လပ်လပ်ပြောလို့ ရနေရမယ်ဗျာ။ နိုင်ငံရေးသမားကိုပြည်သူကလွတ်လွတ်လပ်လပ်တွေ့ပြီးတော့သိချင်တာတွေ၊မေးချင်တာတွေကိုမေးခွင့် ရနေရမယ်။နိုင်ငံတကာသတင်းမီဒီယာတွေရဲ့လွတ်လပ်မှုစံနှုန်းနဲ့အညီပေါ့ဗျာ။လုံးဝဖွင့်ပေးရမယ်လို့ မြင်တယ်ခင်ဗျ''



Geen opmerkingen: