မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

ဦးရဲမင်း

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၃ မိနစ် .

ဦးရဲမင်း
(ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ၊ ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
အမည် ဦးရဲမင်း
ရာထူး ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ (၂ဝဝ၅ - လက်ရှိ)
အဖွဲ့အမည် ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
မွေးသက္ကရာဇ် ၁၂. ၁. ၁၉၅၂
မွေးရပ်ဇာတိ လှည်းတန်းရပ်၊ အနှိပ်တော် အုပ်စု၊ နန်းတော်ရှေ့နယ်မြေ၊ မန္တလေးတိုင်း
မိဘများအမည် ဦးမောင်ကို၊ ဒေါ်အေးရ
မွေးချင်း မရှိ
ဇနီးအမည် ဒေါ်နန်းရွှေကြာ
သားသမီး ၃ ဦး (သား တဦး၊ သမီး ၂ ဦး)
လက်ရှိလိပ်စာ လှည်းတန်းရပ်၊ အနှိပ်တော် အုပ်စု၊ နန်းတော်ရှေ့နယ်မြေ၊ မန္တလေးတိုင်း
ပညာအရည်အချင်း မန္တလေးမြို့ စိန့်ပီတာ ခရစ်ယာန် သာသနာပြုကျောင်းမှ ၁၉၇ဝ-၇၁ ခုနှစ်တွင် ၁ဝ တန်းအောင်မြင်ခဲ့။မန္တလေးတက္ကသိုလ်သို့၁၉၇၁ -၇၂ ပညာသင်နှစ်တွင် ဒဿနိကဗေဒ (ပထမနှစ်) တက်ရောက်ပြီးနောက် ကျောင်းထွက်ခဲ့။
နိုင်ငံရေးလောကသို့
ရောက်ရှိလာပုံ ၁၉၈၉ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ဝင်ရောက်ခဲ့။
ပါဝင်ခဲ့ဖူးသည့် အဖွဲ့များ မန္တလေးတိုင်း အနောက်တောင်နယ်မြေ NLD ဥက္ကဋ္ဌ (၁၉၈၉ - ၂ဝဝ၃)။
တိုင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်(၁၉၈၉-၂ဝဝ၃)။၂ဝဝ၃ခုနှစ်တွင်အဖွဲ့ချုပ်နှင့်သဘောထား မတိုက်ဆိုင်သဖြင့်နုတ်ထွက်ခဲ့။
ထိန်းသိမ်းခံခုနှစ် ၁၉၉၅ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ စစ်ထောက်လှမ်းရေး၏ ထိန်းသိမ်းမှု ၅ ကြိမ် ခံရခဲ့။

ဝင်ရောက်ယှဉ်ပြိုင်မည့်

နယ်မြေ မန္တလေးတိုင်း။
ပါတီဝင် ပါတီဝင်အင်အား ၁၅ဝဝဝ နှင့် ၂ဝဝဝဝ ကြား

ပါတီအတွက် ပြင်ဆင်ထားသည့် လက်ရှိ အခြေအနေ

''လက်ရှိပြင်ဆင်မှုအနေအထားကတော့ဗဟိုဦးစီးအဖွဲ့တိုးချဲ့တယ်။ပထမခေါင်းဆောင်၊ဒုတိယ ခေါင်းဆောင်တွေတော့မရွေးရသေးဘူးခင်ဗျ။ဗဟိုအလုပ်အမှုဆောင်၁၅ ဦးတော့အကြမ်းဖျင်း ရွေးချယ်ပြီးသွားပါပြီ။ နောက်တပတ်အတွင်းမှာ ပါတီမှတ်ပုံတင်ဖို့ အစီအစဉ် ရှိပါတယ်''

ရွေးကောက်ပွဲ ဝင်ရသည့် အကြောင်းရင်း

“လောလောဆယ် ပြည်သူတွေမှာ ဒီနေ့ဖြစ်ပေါ်နေတဲ့ဟာတွေကို လမ်းဘေးမှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ကွယ်ရာမှာ စစ်တပ်မကောင်းကြောင်း ထိုင်ပြောတဲ့ အဆင့်ကလွဲလို့ ဘာမှ လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ဝင်တယ်ဆိုတာက လွှတ်တော်မှာ တရားဝင် ကျနော်တို့က ပြောလို့ရတယ်။ ပြင်လို့မရဘူးဆိုတာ မရှိပါဘူး။ လူဆိုတာ ဘာလုပ်လုပ် ပြင်လို့ရပါတယ်။ ကျနော်တို့ ဒီလို လွှတ်တော်ထဲမှာ ပြောမယ်ဆိုရင် ဂုဏ်သိက္ခာလည်း ရှိပါတယ်။ တရားလည်း ဝင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ရွေးကောက်ပွဲ ဝင်ရခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြင်ပမှာ နေလို့ရှိရင် ကျနော့်အမြင် ပြောရမယ်ဆိုလို့ရှိရင် ပိုပြီး ဝေးသထက် ဝေးသွားမှာပါ။ ဒါကြောင့်မို့ NLD ရွေးကောက်ပွဲ မဝင်ဘူးဆိုတော့ ကျနော် စိတ်မကောင်းပါဘူး။ ကျနော့် မိတ်ဆွေတွေ၊ ကျနော့်သူငယ်ချင်းတွေ ပြောတယ်။ အဲဒီလမ်းကြောင်းပေါ်မှာဆိုရင် သိပ်ပြီးတော့ ပြည်သူလူထုအတွက်လည်း မကောင်းဘူး၊ အစိုးရအတွက်လည်း မကောင်းပါဘူး။ အဲဒီတော့ လိုအပ်တဲ့၊ လိုချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းဆိုရင် ရွေးကောက်ပွဲကို မဖြတ်သန်းရင်တော့ မရပါဘူး။ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမှာပါပဲ။ ဘယ်လိုပုံစံနဲ့ဖြစ်ဖြစ် စောင့်ကြည့်မယ်တို့၊ အကဲခတ်မယ်တို့၊ နေပါဦးတို့ ဆိုတာတွေက နောက်ကျနေပြီ။ အဲတော့ ကျနော်တို့က ပထမဆုံး စလှမ်းတဲ့ ခြေလှမ်းကိုပဲ အရင်ဦးအောင် လှမ်းချင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ ဝင်တာပါ”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထား

“’ဒီမိုကရေစီနိုင်ငံပီပီပြင်ပြင်မဖြစ်သေးသော်ငြားလည်းအကြမ်းထည်ပေါ့လေ၊ပေါ်ပေါက်လာမှာပါ။ တဆင့်ချင်းသွားရမှာပါ။ကျနော်တို့နိုင်ငံကဒီမိုကရေစီနိုင်ငံမဟုတ်ဘူး။တပ်မတော်အစိုးရက စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ။သို့သော်လုပ်ပေးဖော်ရတဲ့လူတွေကိုကျေးဇူးတင်ပါတယ်။ဒါဟာအကြမ်းထည်ပေါ့။ နောက်ဆိုရင်တော့ကျနော်တို့လိုချင်တဲ့လမ်းကြောင်းဆီကို ဖြည်းဖြည်းမှန်မှန်နဲ့ ရောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ရွေးကောက်ပွဲပြီးတဲ့အခါအာဏာလွှဲမယ်လို့ယုံကြည်ပါတယ်။မျှော်လင့်ပါတယ်။၂၅ ရာခိုင်နှုန်းသူတို့ယူပြီးပြီပဲ။ကျန်တဲ့၇၅ရာခိုင်နှုန်းကျနော်တို့ကိုပေးပြီးသား။သူတို့တရားဝင်ကိုပြောပါတယ်။ ဒီတခါတော့ အာဏာလွှဲမှာပါ။ ယုံကြည်ပါတယ်။ ယုံကြည်လို့လည်း ရွေးကောက်ပွဲ ဝင်တာပါ”

အာဏာရခဲ့ပါက ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

“ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ဘဝပြဿနာတွေကို ကျနော်တို့က လွှတ်တော်မှာ တင်ပြလို့ရတယ်။ ကျနော်တို့က ပြည်သူထဲမှာနေတော့ ပြည်သူတွေ အခက်အခဲ ဘာရှိတယ်ဆိုတာ လွှတ်တော်မှာ တင်ပြနိုင်တယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တင်ပြလို့ ရတယ်။ ကျနော်တို့က ပြည်သူတွေနဲ့ အမြဲတမ်း ထိတွေ့နေရတော့ ဒီနေ့လူတွေဟာ နိုင်ငံရေး သိပ်စိတ်မဝင်စားကြတော့ဘူး။ စားဝတ်နေရေးက သိပ်ခက်တယ်။ လူတိုင်းဟာ နိုင်ငံရေးကို စိတ်ဝင်စားမှ ဒီတိုင်းပြည်က တိုးတက်မှာ။ ကျနော်တို့က လူတိုင်းပညာတတ်အောင်၊ လူတိုင်း အသိဥာဏ်တွေ ဖွံ့ထွားလာအောင် လုပ်ကြရမယ်။ ဒီအတိုင်း ပစ်ထားလို့ရှိရင် ပိုဆိုးသွားမှာမို့လို့ ပြောစရာရှိတာ ကျနော်တို့ ပြောမယ်။ ပြင်တာ မပြင်တာ၊ လုပ်တာ မလုပ်တာကတော့ တပိုင်းပေါ့ဗျာ။ ကျနော်တို့ ဒီမှာ အခက်အခဲတွေ ရှိတဲ့အကြောင်းကို တရားဝင် တင်ပြလို့ရတာပေါ့”

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်

“ဒီကနေ့ လက်ရှိ ဈေးကွက်စီးပွားရေးစနစ်ကို နိုင်ငံတော်က ဖော်ဆောင်နေတာ ကောင်းပါတယ်။ သို့သော် စစ်အစိုးရ ဖြစ်နေတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော် အစိုးရ၊ စစ်အစိုးရဆိုတော့ ထင်သလောက် သူတို့အကူအညီတွေ ဒီလောက်မပေးကြဘူးလို့ ကျနော် ဒီလိုပဲ မြင်ပါတယ်။ အရပ်သား အစိုးရဖြစ်လာမယ်ဆိုရင် ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာမယ်။ အဲတော့ ပွင့်လင်းလာပြီဆိုလို့ရှိရင် ဟိုးအရင် အနေအထားတွေ ထက်တော့ ပိုကောင်းလာမယ်လို့ ကျနော် ဒီလိုပဲ မြင်ပါတယ်”

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထား

“၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကျနော်ကိုယ်တိုင်ပဲ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဝင်လုပ်ခဲ့ပါတယ်။ ပြည်သူလူထုကြားမှာ လွယ်အိတ်တလုံးနဲ့ ငှက်ပျောသီးထည့်ပြီး ရေဘူးနဲ့ပဲ သွားပြီး အိမ်ပေါက်စေ့ဝင်ခဲ့ပါတယ်။ လူထုက တာဝန်ကျေပါတယ်။ အနိုင်ရတဲ့ ပါတီအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ညင်ညင်သာသာနဲ့ ဆွေးနွေးနိုင်တဲ့ အနေအထားတွေ လိုနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီမိုကရေစီ မရခဲ့တာပါ။ သူတို့လုပ်နေတာတွေ ကျနော်တို့လည်း ပါပါတယ်။ တပ်မတော်ကို ထိပ်တိုက်တွေ့မယ်၊ ရင်ဆိုင်မယ်ဆိုရင် ပိုဆိုးခဲ့တာပဲ။ နောင်ဆိုလည်း အဲလိုလုပ်နေရင် ပိုဆိုးမှာပဲ။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လိုအပ်တဲ့ ကိုယ်လိုချင်တဲ့ဟာကို ကိုယ့်ဘက်ကလည်း လျော့ပြီး၊ သူတို့ဘက်ကလည်း လျော့အောင်ပြော။ ဒီလို မဟုတ်ဘဲ သဘောထားတွေ တင်းမာပြီးတော့ တဖက်နဲ့ တဖက် မလျော့ကြတော့ နောက်ဆုံး ပြည်သူရွေးချယ်တဲ့ အစိုးရက ၉ဝ ပြည့်နှစ် ရွေးကောက်ပွဲက အလဟဿ ဖြစ်ခဲ့ရပါတယ်။ အင်မတန် ကြေကွဲစရာ ကောင်းပါတယ်”

၂ဝဝ၈ အခြေခံ ဥပဒေအပေါ် သဘောထားအမြင်

“တပ်မတော်ကအာဏာပိုင်တွေချုပ်ကိုင်ထားတာကိုကျနော်တို့ကလက်မခံလို့မရဘူး။လက်ခံရမယ်။ တောက်လျှောက်တန်းပေးရင်ကျနော်တို့တိုင်းပြည်အကြောင်းကျနော်တို့ပိုသိပါတယ်။ဒီလိုလုပ်မပေးဘဲနဲ့ ကျနော်တို့ကဥရောပနိုင်ငံတွေလို၊အင်္ဂလန်တို့၊အမေရိကန်တို့လိုတောက်လျှောက်ပေးလို့မရသေးဘူးခင်ဗျ။ တပ်မတော်က ဒီလိုချုပ်ကိုင်ပြီးရင် ဖြည်းဖြည်းချင်း လွှတ်ပေးမှာပါ။ ဒီလိုမချုပ်ကိုင်ရင်လည်း ကျနော်တို့ တိုင်းပြည်က မရဘူးလို့ ရိုးသားစွာ ယုံကြည်ပါတယ်။ အတိတ်ခေတ်ကို ပြန်ကြည့်မယ်ဆိုရင် ဖဆပလ၊ ပထစ ခေတ်တည်းကလည်း ဒီလိုဖြစ်ခဲ့တာပဲ။ အခုတော့ ဘာပဲပြောနေနေ ရတဲ့အခွင့်အရေးလေးကိုယူပြီး ပြောင်းသွားရင်တော့ ရမယ်လို့ ကျနော် ယုံကြည်ပါတယ်”

Geen opmerkingen: