မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

တရားခံက တပ်မတော်

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၃ မိနစ် .
၆၅ နှစ်မြောက် တပ်မတော်နေ့ အကြိုတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှသည် ၁၉၉ဝ ခုနှစ် အစောပိုင်း ကာလများထိအောင် အဓိက နိုင်ငံရေးပြိုင်ဘက် အင်အားစုများဖြစ်သော ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့၏ အမြင်များကိုလည်း စုစည်းတင်ပြထားရာ ယခု အင်တာဗျူးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်း၏ တပ်မတော်အပေါ် အမြင်ကို ဆက်သွယ်မေးမြန်း တင်ပြထားသည်။

မေး။ မနက်ဖြန်မှာ မြန်မာအစိုးရက တပ်မတော်နေ့ဆိုတဲ့ အမည်နဲ့ ကျင်းပမှာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အနေနဲ့ ဒီကိစ္စအပေါ် ဘယ်လို တုံ့ပြန်ပြောဆိုချင်လဲခင်ဗျ။

''မတ်လ၂၇ရက်နေ့ဟာဖက်ဆစ်တော်လှန်းရေးနေ့ဆိုတာလူတိုင်းသိကြပါတယ်။အဲဒါကို စစ်အစိုးရတွေကနေစပြီးတော့၊ ဗိုလ်နေဝင်း လက်ထက်ကနေ စပြီးတော့သူ့တို့ တပ်မတော်နေ့အဖြစ် လုယူထားတာဖြစ်တယ်။တကယ်ကျတော့ ဒီတပ်မတော်ဟာဖက်ဆစ်ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်နဲ့၊ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်နဲ့ဆိုလို့ရှိရင် အများကြီး ကွာသွားပြီ။ အဲဒီတုန်းက မျိုးဆက်တွေနဲ့လည်း အများကြီး ကွာသွားပြီ။ အစဉ်အလာတွေလည်း လုံးလုံးစွန့်လွှတ်လိုက်ပြီလို့လည်း ပြောလို့ရပါတယ်''
''မောင်ပိုင်စီးပြီးတော့ ပြည်သူလူထု အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ကို ပြည်သူတွေအပေါ်မှာ သတ်ဖြတ်နေတဲ့၊ ညှဉ်းဆဲနေတဲ့ တပ်မတော်ကို ဂုဏ်ပြုတဲ့နေ့အဖြစ် ပြောင်းလဲလိုက်တာဟာ မြန်မာပြည်သူလူထုတွေနဲ့ ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့တဲ့ တပ်မတော်သားတွေ၊ ပြည်သူတွေကို စော်ကားလိုက်တာလို့ ကျနော် ပြောချင်ပါတယ်။ ဒီဟာလိုပဲ တခြားသမိုင်းနဲ့ ပတ်သက်ပြီးတော့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစ၊ နအဖ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) က သူတို့ ကပြောင်းကပြန် လုပ်ထားခဲ့တဲ့ ဟာတွေက အများကြီး ရှိတယ်။ တနေ့ကျရင် အားလုံး လှန်ပစ်ရမယ်။ အားလုံး တည့်မတ်ယူရမယ်လို့တော့ ကျနော် မြင်ပါတယ်''

မေး။ တပ်မတော်ကို စပြီး သန္ဓေတည်ခဲ့တဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေနဲ့ ဒီကနေ့ တပ်မတော်ရဲ့ အခြေအနေဟာ ဘယ်လိုကွာဟချက်တွေ၊ ကွာခြားချက်တွေ ဖြစ်နေတယ်လို့ ပြောနိုင်မလဲခင်ဗျ။

''အရင်တုန်းကတပ်မတော်ကပြည်သူလူထုကိုကယ်တင်ဖို့အတွက်၊ပြည်သူလူထုကိုဖိနှိပ်တဲ့ ဖက်ဆစ်နယ်ချဲ့ကို မောင်းထုတ်ဖို့အတွက်၊ လိုအပ်ရင် ချေမှုန်းပစ်ဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုဟာက အဲဒါနဲ့ ပြောင်းပြန်။ နယ်ချဲ့ဖက်ဆစ်ကို တိုက်တာလည်း မရှိ၊ ကိုယ့်ပြည်သူလူထုကို နှိပ်စက်နေတဲ့ တပ်မတော် ဖြစ်နေပါတယ်။ အရင်တုန်းက တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုကြီးက သွေးစည်းညီညွတ်ခဲ့ကြတယ်။ တိုင်းပြည် စည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ အခုကျတော့ တပ်မတော်ရဲ့နောက်မှာ ပြည်သူလူထုက မရှိတော့ဘူး။ ဒီတပ်မတော်လည်း ပြည်သူလူထု သွေးစည်းညီညွတ်မှုကို ဖျက်ဆီးနေတဲ့၊ သွေးခွဲပေးနေတဲ့ တပ်မတော် ဖြစ်နေပါတယ်''

မေး။ တပ်မတော်ဟာ နိုင်ငံတော်အာဏာကို ဒီကနေ့ ထိန်းသိမ်းထားရတဲ့ အဖြစ်ဟာ ဘယ်လိုလုပ်ပြီး ပေါ်ပေါက်လာတာလဲခင်ဗျ။ နိုင်ငံရေးနောက်ခံလေး ပြောပြစေချင်ပါတယ်။

“ဒီတပ်မတော်ဟာ ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) ထဲက ဆိုရှယ်လစ်တွေကို တပ်ထဲမှာရှိတဲ့ ဗိုလ်နေဝင်းတို့ အုပ်စုတို့ကနေပြီးတော့ ပြည်တွင်းစစ်ကို မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ တောထဲကို မောင်းပို့လိုက်တဲ့ အခါကျတော့၊ ဒီကနေ့ ကျောင်းသားတွေ တောခိုရတဲ့ အဖြစ်မျိုးရောက်အောင်၊ ဒီလမ်း ရောက်အောင် တမင်တွန်းပို့လိုက်တာ ဖြစ်တယ်။ ဖြစ်လာတဲ့အခါ ပြည်တွင်းစစ်ဆိုတော့ ပြည်သူတွေကြားထဲမှာ ပစ်ရတဲ့အတွက် တပ်မတော်ဟာ ပြည်သူတွေကို နှိမ်နှင်းတာတွေ ဖြစ်လာတယ်။ အဲဒီလိုနဲ့ ဖဆပလ အစိုးရလက်ထက်မှာ စစ်တပ်နဲ့ စစ်အုပ်စု၊ ဆိုလိုတာကတော့ ဆိုရှယ်လစ် စစ်ဗိုလ်အုပ်စုရဲ့ အင်အားက တဖြည်းဖြည်း တန်ခိုးထွားလာတယ်။ သူတို့က လက်နက်ကိုင်ထားတာ ဖြစ်နေတော့ ကျန်တဲ့ ဖဆပလ ထဲက ခေါင်းဆောင်တွေဟာ တဖြည်းဖြည်းနဲ့ သူတို့ကို မယှဉ်နိုင်ဘူးဖြစ်လာတယ်။ စစ်အုပ်စုက တဖြည်းဖြည်းနဲ့ အင်အားကြီးလာပြီး ၁၉၅၈ ခုနှစ်မှာ ပထမဆုံး အာဏာသိမ်းတာ လုပ်လာခဲ့တယ်။ အဲဒီကစပြီးတော့ သူတို့က အာဏာရဲ့ အရသာကို သိသွားပြီးတော့ ချက်ချင်းပဲ ၁၉၆ဝ ခုနှစ်မှာ အာဏာပြန်အပ်ပေးတယ်။ ဘာမှ မကြာဘူး တနှစ်၊ ၂ နှစ်အတွင်းဖြစ်တဲ့ ၁၉၆၂ ခုနှစ်မှာ အာဏာပြန်သိမ်းယူခဲ့တာ ဒီနေ့အထိပဲ။ အာဏာကို သူတို့က အုပ်စီးမယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဖြစ်တဲ့ ဘဏ္ဍာအရင်းအမြစ်၊ သဘာဝ သယံဇာတ အရင်းအမြစ် အားလုံးကို သူတို့ပဲ ခံစားမယ်။ သူတို့ပဲ အဓိက ခွဲဝေသုံးစွဲမယ်ဆိုတဲ့ ပေါ်လစီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်''

မေး။ နိုင်ငံတကာမှာတော့ တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍအတွက်ပဲ တပ်မတော်ကို ထားချင်ကြပါတယ်။ အဲဒီအမြင်တွေနဲ့ မြန်မာပြည်ရဲ့ အနေအထားကရော ကိုက်ညီမှု ရှိပါရဲ့လားဗျ။

“တပ်မတော်ဆိုတာက လက်နက်ကိုင်ထားတဲ့ သူတွေဟာ နိုင်ငံရေး အဆောက်အအုံနဲ့ ကင်းအောင်နေတာ ကောင်းပါတယ်။ အဲဒီ ၂ ခု ရောထွေးသွားလို့ရှိရင် ဘယ်တိုင်းပြည်မဆို ဒုက္ခရောက်တတ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဒုက္ခရောက်တတ်ပါတယ်။ ဒါမျိုးတွေက တချို့တိုင်းပြည်တွေမှာ တွေ့တတ်ပါတယ်။ ဒါမျိုးတွေက ကြာရှည်မရှိပါဘူး။ ကာလတိုတခု ဖြစ်တယ်။ ဗမာပြည်မှာသာ ကမ္ဘာ့သမိုင်း စံချိန်တင်လောက်တဲ့ ရာစုနှစ်တဝက် ကျိုးတော့မယ်။ တပ်မတော်ရဲ့ အာဏာသိမ်းခဲ့တဲ့ သက်တမ်း နောက်နှစ်ဆို ကျိုးတော့မယ်။ ဒါမျိုးက မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာ။ တိုင်းပြည်နာဖို့၊ လူထုနာဖို့၊ အိမ်နီးနားချင်းနိုင်ငံတွေ နစ်နာတဲ့အဖြစ်လည်း ရောက်ပါတယ်''

မေး။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ စစ်တပ်က နိုင်ငံတော် အာဏာကို ဆက်ထိန်းထားရအောင်လို့ ရေးဆွဲထားတာလို့ ပြောကြပါတယ်။ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

“ဟုတ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ စစ်တပ်က အာဏာကို ထိန်းထားတာက အလွယ်တကူ မဟုတ်ဘူး။ သူက တရားဝင် ဖြစ်သွားမယ်။ ဆွေစဉ်မျိုးဆက်နဲ့ ဖြစ်နိုင်လို့ရှိရင် ကမ္ဘာတိုင် ထိန်းသွားဖို့လုပ်တာ ဖြစ်ပါတယ်။ သူတို့ ဒီဟာကို လုပ်တဲ့ဟာက သာမန် မဟုတ်ဘူး။ ပြင်ဆင်ပြီးလို့။ ပြင်ဆင်တာက ဗိုလ်ခင်ညွန့် လက်ထက်ကတည်းက လမ်းပြမြေပုံချပြီး ပြင်ဆင်လာတာက အကြာကြီးပဲ။ အနှစ် ၂၀ နီးပါး ပြင်ဆင်ပြီးတော့ လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ ဒီလိုလုပ်တဲ့ဟာက သူတို့ ပိုင်ပြီဆိုပြီး လုပ်တာဖြစ်တယ်။ သူတို့ အားနည်းလို့ နောက်ဆုတ်တာ မဟုတ်ဘူး။ (တချို့က အဲဒီလို လျှောက်ပြောနေတာရှိလို့)။ သူတို့အားနည်းလို့ နောက်ဆုတ်လိုက်တာ မဟုတ်ဘူး။ သူတို့ ပြင်ဆင်ပြီးလို့ အပြတ်လုပ်တာ ဖြစ်တယ်။ အပြတ်လုပ်တာက အဓိကကျတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုလုံးကို အညွန့်ချိုးဖို့၊ နိုင်ငံရေးအညွန့်ချိုးဖို့ ကြိုးစားတာ ဖြစ်တယ်။ ဒီ ၂ ခု အညွန့်ကျိုးလို့ရှိရင် ဗမာပြည် ပြည်သူလူထုကြီးရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ပွဲတွေလည်း အညွန့်ကျိုးသွားမယ် ဆိုတာကို မျှော်လင့်ပြီးတော့၊ ယူဆပြီးတော့ စီမံကိန်းကျကျ လုပ်လာတာ ဖြစ်တယ်'

မေး။ တပ်တော်ရဲ့ အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေကို ဘာများ မှာကြားချင်ပါသလဲ။

“တပ်မတော် ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်တွင်းမှာရှိတဲ့၊ ရိုးသားတဲ့၊ ပြည်သူလူထုအပေါ်မှာ သံယောဇဉ်ရှိတဲ့ အဆင့်အသီးသီးက တပ်မှူးတပ်သား အားလုံးကို ပြောချင်တာကတော့ ဒီနေ့ ဗမာပြည်ကြီးဟာ သူတို့လည်း သိတယ်၊ သူတို့လည်း မြင်နေတယ်၊ အင်မတန်ကိုမှ အခြေအနေ ဆိုးနေပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲရုံတင်မက ဂုဏ်သိက္ခာလည်း ကျနေပါပြီ။ အဲဒါအတွက် တရားခံက တပ်မတော်လို့ လုံးလုံးလျားလျား ဖြစ်နေပါတယ်။ အဲဒီအခြေအနေကနေ ပြန်လည်ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်''



Geen opmerkingen: