မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

အလုပ်ကြမ်းခိုင်းသူကို အရေးယူပေးပါ

သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၅ မိနစ် အယ်ဒီတာ့ထံပေးစာ .
ကျနော်တို့က ရန်ကုန်မြို့တော် စည်ပင်သာယာဌာနက ဝန်ထမ်းတစုပါ။ ကျနော်တို့ ဝန်ထမ်း ၅၂ ယောက်ကို စည်ပင်ကော်မတီ အတွင်းရေးမှူးက အစိုးရပိုင် ဘိလပ်မြေစက်ရုံမှာ အလုပ်ကြမ်းခိုင်းတာကို တင်ပြချင်ပါတယ်။
စည်ပင်ကော်မတီမှာ ဌာန ၁၈ ခု ရှိပါတယ်။ အဲဒီဌာနတွေက ဝန်ထမ်း ၅၂ ယောက်ကို ကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဝင်းက ၁၁/၂/၂၀၁၀ နေ့က ရှမ်းပြည်တောင်ပိုင်း ပြဉ်ညောင်ရွာ ဘိလပ်မြေ စက်ရုံဆီ ခေါ်သွားပါတယ်။ အလုပ်ကြမ်း မခိုင်းဘူး၊ တံမြက်စည်း လှဲရမယ်ဆိုပြီး ခေါ်သွားတာပါ။
ပြီးခဲ့တဲ့လ ၁၁ ရက်နေ့မှာ ရန်ကုန်က ထွက်ပြီး၊ နောက်တရက်မှာ ပြဉ်ညောင် ရောက်ပါတယ်။ ဗိုလ်ကြီးလှမော် (ဒုလက်ထောက်ဌာနမှူး၊ မြို့တော်ဘိလပ်မြေစက်ရုံ) ရဲ့ လက်အောက်မှာ လုပ်ရပါတယ်။ ကျနော်တို့ကို သစ်၊ သဲ၊ ကျောက် သယ်ခိုင်းပြီး စစ်သုံ့ပန်းနဲ့မခြား ခိုင်းတာပါ။ အထက်အမိန့် အဆင့်ဆင့်အရ ခိုင်းရတာလို့ ပြောပါတယ်။
အဲဒီမှာ ကျနော်တို့ထဲက ပန်းဥယျာဉ်ဌာနက ဦးကျော်လင်းဟာ ငှက်ဖျားမိပါတယ်။ စက်ရုံဆေးခန်းမှာပြတော့ ဆရာဝန်က မြို့ပေါ်မှာ ဆေးခန်းဖွင့်နေတာကြောင့် မရှိပါဘူး။ ဆေးခန်းအကူနဲ့ပဲ ပြရတာပါ။ ဖြစ်သလို ဆေးကုရတော့ ကောင်းမလာဘဲ ပိုဆိုးလာပါတယ်။ ရန်ကုန်ကို ဒီလ ၂၁ ရက်နေ့ ပြန်ရောက်တော့ အနောက်ပိုင်း ဆေးရုံမှာ တင်ရပါတယ်။ ဒါပေမဲ့ ၂၃ ရက်နေ့မှာ ဦးကျော်လင်း ဆုံးပါးသွားပါတယ်။ ဒါကို စည်ပင်ကော်မတီက ဘာမှ လှည့်မကြည့်ပါဘူး။
ကျနော်တို့လို လခစား ဝန်ထမ်းတွေကို နေ့စားအလုပ်သမားတွေလို အစားထိုး ခိုင်းတာကို သက်ဆိုင်ရာဌာန တင်ပြပေမယ့် အရေးဆောင်ရွက်ပေးတာမျိုးလည်း မရှိသေးပါဘူး။
ဒီနှစ် တပ်မတော်နေ့ (မတ်လ ၂၇ ရက်နေ့)မှာ စက်ရုံဖွင့်ဖို့ အလျင်အမြန် လုပ်ခိုင်းခဲ့ပါတယ်။ စက်ရုံက မပြီးသေးပါဘူး။ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်သိန်းလင်းက သူ အငြိမ်းစားမယူခင် ဖွင့်လှစ်ပြီး၊ နာမည်ရအောင်လုပ်တဲ့ သဘောပါ။ မကြာခင် အငြိမ်းစားယူပြီး ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကိုယ်စားပြုလို့ ရွေးကောက်ပွဲဝင်မှာပါ။
သူတို့ဟာသူတို့ နိုင်ငံရေးကိစ္စတွေမှာ လုံးချာလိုက်နေချင်နေပါ။ ကျနော်တို့ကို မလှိမ့်တပတ်နဲ့ အလုပ်ကြမ်း ခိုင်းတာရော၊ ဦးကျော်လင်း သေဆုံးမှုအတွက်ပါ စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုတွေ လုပ်စေချင်တာပါပဲ။

အလုပ်ကြမ်းခိုင်းခံရသူ ဝန်ထမ်းတစု

Geen opmerkingen: