မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား

မျိုးဝင်းဇော်/ ၃၁ မတ် ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “နိုင်ငံရေးပါတီတွေဟာလည်း သူတို့ပါတီရဲ့ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်တွေကို ရေးသားထုတ်ဝေရာမှာ လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက ဂျာနယ်တွေ လိုက်နာတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရမှာပါ။ ထူးခြားတာတခုက ပုဂ္ဂလိက ဂျာနယ်တွေလို ထုတ်ဝေခြင်းမပြုခင် လာပြီး တင်ပြစရာ မလိုဘူး။ ကိုယ့်ဘာသာကိုယ် ထုတ်ဝေပြီးမှ မူချောကို လာတင်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မတ်လ (၁၇)ရက်နေ့က ထုတ်ပြန်သည့် စာပေစိစစ်ဗဟိုအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၄၂) မှာ လေ့လာနိုင်ပါတယ်” ဟု ရှင်းပြသည်။
အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုင်ငံရေးပါတီများသည် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်အဖွဲ့ထံ တင်ပြစရာမလိုဘဲ ထုတ်ဝေနိုင်သော်လည်း စည်းကမ်းချက်ပေါင်းများစွာဖြင့် ထိန်းချုပ်ထားပြီး ပါတီ မူဝါဒနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်စာစောင် ထုတ်ဝေမည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် အချက် (၁၁) ချက်ကိုလည်း ပူးတွဲဖော်ပြထားသည်။
အဆိုပါ အချက်များထဲမှာ လက်ရှိ ပုဂ္ဂလိက ဂျာနယ်များ လိုက်နာနေရသည့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်းချက်အားလုံးကို လိုက်နာရန်၊ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ကို လုံးဝ ဝေဖန်ခြင်းမပြုရန်၊ စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်၊ လိုအပ်၍ ထုတ်ပြန်ထားသည့် အမိန့်မှန်သမျှကို ဝေဖန်ခြင်း အလျဉ်းမပြုလုပ်ရန် စသဖြင့် ရေးသားထားပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်း၊ အာမခံကြေးငွေ သိမ်းဆည်းခြင်းအပြင် ပါတီကိုလည်း အရေးယူမည်ဟု ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။
အဆိုပါနိုင်ငံရေးပါတီများ ထုတ်ဝေခွင့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ကို ဖတ်ကြည့်ပါက ဂျာနယ်များကဲ့သို့ စိစစ်ရေး မတင်ရသည်မှလွဲ၍ လုံးဝ လွတ်လပ်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည့်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့က အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေ လုပ်ရပ်တွေကို ဝေဖန်နိုင်ဖို့ ဝေးလို့ ရပ်ကွက်အဆင့်တွေကိုတောင် ဝေဖန်လို့ မရဘူးဆိုတာ ပူးတွဲဖော်ပြချက် စည်းကမ်းချက် အမှတ် (၂) မှာ အတိအလင်း ဖော်ပြထားတယ်။ စည်းကမ်းချက် အမှတ် (၁) မှာဆိုရင်လည်း လိုက်နာဖို့ စာပေစိစစ်က ချမှတ်ထားတဲ့ စည်းကမ်းချက်ပေါင်း (၁ဝဝ) ကျော်နဲ့ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အများကြီး ရှိနေတယ်။ အမှတ် (၅) အချက်ဖြစ်တဲ့ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် အမိန့်များအား ဆန့်ကျင်ခြင်း မပြုရ ဆိုတာဟာလည်း အများကြီးကျယ်ပြန့်တယ်” ဟု ပြောသည်။
ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက ၎င်းတို့အနေဖြင့် ယခု ညွှန်ကြားချက်များအရ မည်သို့မှ လွတ်လပ်စွာ ထုတ်ဝေခွင့် ရှိလာမည်မဟုတ်ကြောင်း ပြောဆိုသည်။
၎င်းက “တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိလာမယ့် ပါတီတွေ အများကြီး၊ ပါတီကိုယ်စားလှယ်လောင်းတွေ အများကြီး၊ ရွေးကောက်ပွဲမတိုင်မီ ကာလက တိုတိုလေး။ ကျနော်တို့က တပတ်မှတကြိမ် ထုတ်ဝေခွင့်ရပြီး စာမျက်နှာ အကန့်အသတ်ကလည်း ရှိနေသေးတော့ ပြည်သူတွေကို ဘယ်လိုမှ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီ ပို့နိုင်မှာ မဟုတ်ဘူး။ ဒီကြားထဲ ခုချိန်ထိ စာပေစိစစ်ရေးက ခပ်ကြမ်းကြမ်း စိစစ်ဖြတ်တောက်နေဆဲပဲ” ဟု ပြောသည်။
စာပေစိစစ်၏ အဆိုပါညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စစ်အစိုးအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာထုတ်ဝေခွင့် ပေးမည်ဆိုသည်ကို ပြည်တွင်းသတင်းအယ်ဒီတာ၊ သတင်းထောက်များအကြား ယုံကြည်သူ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရက ထုတ်သည့် သတင်းစာ (၃) စောင်သာ ရှိပြီး ပုဂ္ဂလိကပိုင် သတင်းစာ လုံးဝထုတ်ဝေခွင့် ပြုမထားကြောင်း သိရသည်။





Geen opmerkingen: