မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ပူးကျင့်ရှင်းထန်

မဇ္ဈိမသတင်းဌာန

တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၉ မိနစ် .

ပူးကျင့်ရှင်းထန်

ဥက္ကဋ္ဌ ၊ ဇိုမီး အမျိုးသား ကွန်ဂရက် (Zomi National Congress)
အမည် ပူးကျင့်ရှင်းထန်
မိဘ ဦးဆုန်းဟန်၊ ဒေါ်ကျင့်ရှန်းနိမ်
မွေးသက္ကရာဇ် ၆. ၄. ၁၉၃၈
အဖွဲ့အမည်နှင့် တာဝန် ဇိုမီး အမျိုးသား ကွန်ဂရက် (Zomi National Congress)
ဥက္ကဋ္ဌ (၁၉၈၉ - လက်ရှိ)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉၈၉ - လက်ရှိ)
(တီးတိန်မြို့ မဲဆန္ဒနယ် အမှတ် - ၁)
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)
အဖွဲ့ဝင် (၂ဝဝ၂ - လက်ရှိ)
တိုင်းရင်းသား လူမျိုးစုများ မဟာမိတ်အဖွဲ့ (UNA)
ပြောရေးဆိုခွင့်ရှိသူ (၂ဝဝ၁ - လက်ရှိ)
မွေးရပ်ဇာတိ စံပီးကျေးရွာ၊ တီးတိန်မြို့၊ ချင်းပြည်နယ်။
မွေးချင်း မွေးချင်း ၆ ဦးအနက် တတိယမြောက်
ဇနီး ဒေါ်ခင်နိုင်
သားသမီး ၈ ဦး
ပညာအရည်အချင်း ၁၉၅၈ ခုနှစ် မန္တလေးမြို့ တိုင်းချစ်ကျောင်းမှ ၁ဝ တန်းအောင်မြင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ၊ အနောက်တိုင်း ရာဇဝင်၊ စီးပွားရေး ဘာသာရပ်များဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။
ထို့ပြင် ၁၉၆၇ ခုနှစ်တွင် B.A (Law) ဘွဲ့ရရှိခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် B.A (LLb) ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ စစ်ကိုင်းတိုင်း ကလေးမြို့တွင် ရှေ့နေအဖြစ် အသက်မွေးဝမ်းကြောင်းခဲ့သည်။
လိပ်စာ အမှတ် ၃၄၊ ၄၂ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်း

ပါဝင်ခဲ့သည့် အဖွဲ့အစည်းများ

ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားများသမဂ္ဂ - ဥက္ကဋ္ဌ (၁၉၆၁ - ၆၂)၊
ကလေးမြို့ ရှေ့နေများကောင်စီ - ဥက္ကဋ္ဌ (၁၉၈ဝ - ၁၉၈၉)၊

နိုင်ငံရေးလောကသို့ ဝင်ရောက်လာပုံ

၁၉၈၉ ခုနှစ်တွင် ZNC သို့ ဝင်ရောက်ခဲ့ရာ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရချိန်မှစ၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

အထိန်းသိမ်းခံ ခုနှစ်

၁၉၇၂ ခုနှစ်မှ ၂ဝဝ၇ ခုနှစ် အောက်တိုဘာလအထိ ၁ဝ ကြိမ် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၂ ခုနှစ်တွင် မဆလ ပါတီမှ အခြေခံဥပဒေ ရေးဆွဲရန်အတွက် အကြံဥာဏ်များ တောင်းခံရာတွင် ပေးပို့ခဲ့သည့် အကြံပြုစာတမ်းကြောင့် ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ အင်းစိန် ဂျီတီအိုင်ကျောင်းဝင်းအတွင်း ၂ နှစ် ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၁၉၇၄ ခုနှစ် မတ်လတွင် မန္တလေးထောင်သို့ ၄ လ ပြောင်းရွေ့အကျဉ်းကျခံခဲ့ရသည်။ ၁၉၉ဝ ခုနှစ်တွင် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် ၁ လ ကျခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် လွှတ်တော် ခေါ်ယူရန် ကြိုးပမ်းမှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်အချို့နှင့်အတူ ရန်ကုန်မြို့ ရဲမွန်စခန်းတွင် ၂ နှစ် ချုပ်နှောင်ခံခဲ့ရသည်။ နောက်ဆုံး အထိန်းသိမ်းခံရမှုအဖြစ် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် အင်းစိန်ထောင်တွင် ၁ လ ထိန်းသိမ်းခံခဲ့ရသည်။

ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းအရင်း

“၂ဝဝ၈ မှာ ရွေးဆွဲထားတဲ့ အခြေခံဥပဒေကို အဲဒီနှစ်မှာပဲ ဆန္ဒခံယူပွဲလုပ်တယ်ဆိုပြီးတော့ အဲဒါကို ပြည်သူလူထု အများစုက အတည်ပြုတယ်ဆိုပြီးတော့ ကြေညာတယ်။ အဲဒါကို ကျနော်ကြည့်တဲ့အခါမှာ ဒီဥပဒေတွေဟာ တဖက်သတ် ဆွဲထားတဲ့ ဥပဒေတွေပဲ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေဖို့အတွက် တဖက်သတ် ရေးထားတဲ့ ဥပဒေဖြစ်တဲ့အပြင် ဥပဒေပုဒ်မ ၄၄၃ အရ ပြဋ္ဌာန်းထားတာက ဒီ အခြေခံဥပဒေက ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစည်းအဝေးထိုင်တာနဲ့ တပြိုင်နက်တည်း ဒီအခြေခံဥပဒေကို တပြည်လုံးမှာ ပြဋ္ဌာန်းပြီးသား ဖြစ်စေရမယ်လို့ ပါတယ်လေ။ ရွေးကောက်ပွဲမှာဝင်ပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာတောင်မှ ဘာမှလုပ်ပိုင်ခွင့် မရှိတော့ဘဲနဲ့ စစ်အစိုးရ သက်ဆိုးရှည်ဖို့ ပြဋ္ဌာန်းထားတဲ့ ဒီအခြေခံဥပဒေကို အတည်ပြုဖို့ပဲ။ အဲဒီတော့ ရွေးကောက်ပွဲဝင်ရင် နိုင်တာ၊ ရှုံးတာ မပြောနဲ့ဦး နိုင်ရင်လည်း ဒါပဲ၊ ရှုံးရင်လည်း ဒါပဲဖြစ်တယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ် လခလောက် ရရင်ရမယ်။ ကျန်တဲ့ ဥစ္စာတော့ ဘာမှရဖို့ မရှိတော့ဘူးဆိုတာ မြင်လို့ ကျနော် (ရွေးကောက်ပွဲ) မဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ”

၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်အပေါ် သဘောထား

သင့်မြတ်တယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတယ်။ ကောင်းလည်းကောင်းတယ်။ မြန်မာပြည်မှာရှိတဲ့ ငြိမ်ဝပ်ပိပြားရေးလို့ခေါ်တဲ့ နဝတ က ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုယ်တိုင် တရားမျှတတယ်လို့ ဝန်ခံတယ်။ တကမ္ဘာလုံးကလည်း တရားမျှတမှုရှိတယ်လို့ ဝန်ခံတယ်။ အဲဒါကြောင့် ကျနော်တို့ကို တရားမျှတစွာ ပြည်သူလူထုက တာဝန်ပေးထားတယ်လို့ပဲ မှတ်ယူပါတယ်။ အမှန်ကတော့ ဘာမှတာဝန်ပေးတာ၊ လုပ်ပေးတာမရှိဘဲ ဖျက်သိမ်းတယ်၊ ပယ်ဖျက်တယ်ဆိုတာမျိုးကတော့ ဥပေဒအရမဟုတ်ဘူးလို့ ယူဆတယ်။

ရွေးကောက်ပွဲ ဥပဒေအပေါ် သုံးသပ်ချက်

“အခြေခံဥပဒေကို လူတချို့လောက်အတွက် ရေးဆွဲထားတဲ့ ဥပဒေဖြစ်တဲ့အတိုင်းပဲ အခုဆွဲထားတဲ့ ရွေးကောက်ပွဲ ဥဒေဟာလည်းပဲ ဒီ ၄၄၃ ဥပဒေကို အခြေခံပြီးတော့ ဆွဲထားတာ ဖြစ်တဲ့အတွက် အခြေခံထားတဲ့ ဥပဒေကလည်း မကောင်းဘူး။ ရွေးကောက်ပွဲ ဥပဒေက ဘယ်လိုများ ဖြစ်သွားသလဲဆိုတော့ အများပြည်သူကို တရားမျှမှုရှိအောင် ရေးဆွဲထားတာ မဟုတ်ဘဲနဲ့ လူတချို့ကို ပစ်မှတ်ထားပြီးတော့ အဲဒီလူတွေ ဝင်ခွင့်မရအောင် လုပ်ထားတဲ့ ဥပဒေ ဖြစ်နေတယ်။ အဲဒါကြောင့် ဒီလူတွေကို ရွေးကောက်ပွဲဝင်ခွင့် မရှိတဲ့လူကို ပါတီထဲထည့်ထားမယ်၊ ထိန်ချန်ထားမယ် ဆိုရင်လည်းပဲ ပါတီတခုလုံးကို ဖျက်သိမ်းမယ့်ပုံမျိုးနဲ့ ရေးထားတဲ့ ဥပဒေဆိုတော့ ဥပဒေဆိုတာမျိုးဟာ လူတိုင်းအပေါ်မှာ တရားမျှတမှုရှိဖို့ ရည်ရွယ်ပြီးတော့ ရေးဆွဲရတာပါ။ ဒါကို အလေးမထားဘဲ ဒီဥပဒေကို လူတဦးတယောက်နဲ့ လူတချို့ကို ဒီထဲမှာ ဝင်လို့မရအောင် တားထားတဲ့ အနေအထားဖြစ်တော့ ဒီရွေးကောက်ပွဲ ဥပဒေဟာလည်းပဲ တရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်။ ဥပဒေထဲမှာ လူတယောက်ကို တကယ်လို့ တခုခု အပြစ်ရှိတယ်ဆိုရင်တောင်မှ ၂ ခါ အပြစ်ပေးလို့ မရဘူး။ တခါဆို တော်လောက်ပြီ။ အခုက ထောင်ကျနေတဲ့လူကို နောက်တခါထပ်ပြီး အပြစ်ပေးမယ့်ပုံမျိုး ဖြစ်နေတော့ တရားမျှတမှု မရှိပါဘူး”

စစ်မှန်သည့် ရွေးကောက်ပွဲဟူသည်

“စစ်မှန်တဲ့ ရွေးကောက်ပွဲဆိုတာမျိုးက တိုင်းပြည်မှာ ပြဿနာပေါင်းစုံကို အားလုံး ပါဝင်ဆွေးနွေးပြီးတော့မှ ဒီလိုလုပ်ရင်တော့ အားလုံး မျှတမယ်။ ကျနော်တို့ ရှေ့ကို ဘယ်လို ဆက်စခန်းသွားကြမလဲလို့ အားလုံး ပါဝင်ဆွေးနွေးပြီးတော့ အခြေခံဥပဒေကို ရေးဆွဲရမယ်။ အဲဒီ အခြေခံဥပဒေကို ကြည့်ပြီးတော့မှ တိုင်းပြည်မှာ ဘယ်သူက ဘယ်ပါတီ ထောင်ချင်သလဲ။ ပါတီထောင်ချင်တဲ့လူ အားလုံးထောင်ပါ။ ဘယ်နှစ်ပါတီ ရှိသလဲ။ ရှိသလောက်ပါတီထဲမှာ ခေါင်းဆောင်တွေ ထွက်လာမယ်။ ရွေးကောက်ပွဲဆိုတာ ရှိသမျှပါတီထဲမှာ ဘယ်ပါတီ ဦးဆောင်ရင် ကောင်းမလဲဆိုတာကို လူထုကို ရွေးခိုင်းရမယ်။ အဲဒီ ပါတီအားလုံး ရွေးတဲ့အထဲမှာ ဘယ်ပုဂ္ဂိုလ်ကတော့ဖြင့် တိုင်းပြည်ကို ဦးဆောင်ရင် တရားမျှတမှုရှိမလဲ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မလဲဆိုတာကို အားလုံးကြည့်ပြီးတော့ ဒီထဲမှာ အကောင်းဆုံး ပုဂ္ဂိုလ်ကို သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် လုပ်ဖို့။ အဲလို ရွေးချယ်တဲ့နေရာမှာ မျှတဖို့အတွက် ရွေးကောက်ပွဲ လုပ်တာပါ။ အခုဟာက အခြေခံဥပဒေ ရေးဆွဲထားတာလည်း မမျှတဘူး၊ တဖက်သတ်။ ရွေးကောက်ပွဲဆိုတာလည်းပဲ မမျှတဘူး တဖက်သတ် ဖြစ်နေတယ်။ ဘာမှ ရစရာ မရှိဘူး။ တိုင်းပြည်အတွက် လူမျိုးအတွက် လုပ်မယ့်အလုပ်တွေကို အားလုံး ပိတ်ပင်ထားပြီးသား ဖြစ်နေတယ်။ လွှတ်တော်အမတ် လခရဖို့ ရွေးကောက်ပွဲ ဝင်တာထက်စာရင် တခြားနေရာက ရှာစားရင် ပိုလို့တောင် ကောင်းလိမ့်ဦးမယ်လို့ မြင်မိတယ်”

၂ဝ၁ဝ ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ အသိအမှတ်ပြုမည့် အခြေအနေပေါ် သုံးသပ်ချက်

“ခုဟာက သူတို့သဘောနဲ့ သူလုပ်နေတာလေ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားလုံးပါဝင်နိုင်မယ့် All Exclusive ဖြစ်ရမှာ။ သူမပါတော့ All Exclusive မဖြစ်ဘူး အဲဒါကြောင့် နိုင်ငံတကာကလည်း လက်ခံမယ် မထင်ပါဘူး”

ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်သည့် အခြေအနေပေါ် သုံးသပ်ချက်

“ကျနော် ကြိုမြင်မိတာကတော့ ဒီအခြေခံဥပဒေထဲမှာ အခုလုပ်တဲ့လူတွေက တိုင်းပြည်အပေါ်၊ လူမျိုးအပေါ် မှားတာရှိရင်လည်းပဲ ဘယ်သူမှ အရေးယူလို့မရအောင် တားမြစ်ထားတဲ့ ဥပဒေတွေ ပါဝင်တယ်။ အဲဒီတော့ ဒီလူတွေအတွက်သာ အကာအကွယ်ပေးပြီးတော့ ကျနော်တို့ တိုင်းရင်းသားတွေ လူမျိုးစုတွေ မြန်မာပြည်က ပြည်သူလူထုတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေ မရှိဘူးဆိုတော့ ဒီဥပဒေအတိုင်း ဆိုရင်တော့ မျှတမှုမရှိဘဲနဲ့ တိုင်းပြည် အနာဂတ်ဟာ အင်မတန်မှ ရင်လေးစရာ ကောင်းပါတယ်။ ရှေ့ရေးကို ပြောဖို့တောင် အတော်လေးကို ခက်ခဲတယ်လို့ မြင်မိတယ်''
''လက်ရှိက စစ်တပ်က အာဏာသိမ်းပြီးတော့ ယနေ့ထက်ထိ ပြည်သူလူထုကို သူတို့က အာဏာပြန်မပေးဘဲ ရယူထားတဲ့ အာဏာတွေပါ။ အဲဒီအရ လုပ်တဲ့ ဟာတွေတောင်မှ တော်တော်လေးကို ဆိုးဝါးတယ်ဆိုတော့ ဒီ ၂ဝ၁ဝ နောက်ပိုင်းမှာ အခြေခံဥပဒေအရ ဖြစ်လာတဲ့ အဖွဲ့တွေ၊ ဖြစ်လာတဲ့ အစိုးရတွေကတော့ အခြေခံက သူတို့အတွက် လုပ်ထားတယ်ဆိုတော့ အခုထက် ပိုဆိုးမယ်လို့ ကျနော်မြင်တယ်”

စစ်အစိုးရအပေါ် အမြင်

“လက်ရှိအစိုးရဟာ ပြည်သူလူထုကို ချစ်တယ်ဆိုရင်၊ တိုင်းပြည်ကို ချစ်တယ်ဆိုရင် ကျောသားရင်သား မခွဲခြားဘဲနဲ့ အားလုံး ပါဝင်ပြီးတော့ အရင်ဆုံး ဆွေးနွေးဖို့လိုတယ်။ ဒါကို လုံးဝ လက်မခံဘဲနဲ့ ငါတကောကောတဲ့ ပုံစံမျိုးနဲ့ သူတို့ကြိုက်သလို လုပ်နေတယ်ဆိုတော့ ပြည်သူလူထုတွေကို သနားညှာတာမှု မရှိဘူး။ တိုင်းပြည်မှာ ဘယ်လိုတွေ ဖြစ်နေပါတယ်ဆိုတာကို သိရဲ့သားနဲ့ ဘာမှ လုပ်တာမရှိဘူးဆိုတော့ အမှန်အတိုင်းပြောရရင် ပြည်သူလူထု အပေါ်ကို လုံးဝညှာတာမှု မရှိတဲ့ အစိုးရဖြစ်တယ်”

၉ဝ ခုနှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပေါ်အမြင်

“ပြည်သူလူထုကနေပြီးတော့ ၁၉၉ဝ ခုနှစ်မှာ တခဲနက် ထောက်ခံပြီးတော့ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး မသေသေးပါဘူး။ အများကြီး ကျန်ပါသေးတယ်။ အဲဒီလူတွေက ပြည်သူကို အားနာတယ်၊ ပြည်သူကို လေးစားတယ်ဆိုရင် အမှန်တော့ ပြည်သူတွေ ပေးအပ်ထားတဲ့တာဝန်ကို ဆောင်ရွက်ဖို့ ကောင်းပါတယ်ဗျာ။ အဲဒါကို မဆောင်ရွက်ဘဲ နေတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ချို့ယွင်းချက်ပေါ့ဗျာ။ ပြည်သူက တိုင်းပြည်ကို ကယ်တင်ဖို့၊ တိုင်းပြည် ကောင်းရာကောင်းကျိုးကို လုပ်ဖို့ဆိုပြီး သူတို့ ယုံယုံကြည်ကြည်နဲ့ ရွေးကောက် တင်မြှောက်ထားတာပါ။ အဲဒီအထဲမှာ ခေါင်းဆောင် ဖြစ်တဲ့လူကိုလည်း တချိန်လုံးလိုလို အကျယ်ချုပ်ချထားတော့ လုပ်သင့်တဲ့အလုပ်တွေကို မလုပ်နိုင်အောင် စစ်အစိုးရက လုပ်ထားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပြည်သူက ပေးအပ်တဲ့တာဝန်ကို မဆောင်ရွက်နိုင်တာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အပြစ်လို့ ဆိုလို့ရပါတယ်”

အခြေခံဥပဒေကို လွှတ်တော်အတွင်းမှနေ၍ တဖြည်းဖြည်းချင်း ပြောင်းလဲသွားမည်ဆိုသည့် အယူအဆအပေါ် သုံးသပ်ချက်

“အဲလို မထင်မိပါဘူး။ အဲလို မဖြစ်အောင် အခြေခံဥပဒေကို ရေးဆွဲထားပြီးသားပါ။ ဥပဒေ စကားနဲ့ ပြောမယ်ဆိုရင် သူတို့က မပျော့ပြောင်းဘူး၊ သိပ်ကို တင်းမာတယ်။ ပြင်လို့ မရလောက်အောင်ကို တင်းမာနေတယ်။ ရသလောက်ယူပြီး တဖြည်းဖြည်းနဲ့ ပြင်သွားမယ် ဆိုတာမျိုးကို မဖြစ်နိုင်အောင် သူတို့က ရေးထားပြီးသားဆိုတာကို ကျနော် ဥပဒေအမြင်နဲ့ မြင်တဲ့အတွက်ကြောင့် ဖြည်းဖြည်းချင်း ပြင်မယ်ဆိုတာမျိုးကို မမျှော်မှန်းပါနဲ့။ အဲလို အနေအထား ဖြစ်နေတယ်။ ဥပဒေဆိုတာမျိုးကတော့ ကမ္ဘာပေါ်မှာ လုံးဝ ပြင်လို့မရတာ မရှိဘူးလို့တော့ ကျနော် ယူဆတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာကျတော့ အဲသလိုဖြစ်တာကို သိပြီးတော့ လုံးဝပြင်လို့မရအောင် လုပ်ထားတာမျိုး ဖြစ်တယ်။ တဖြည်းဖြည်းဆိုတာတော့ ကျနော်တို့ တသက်မှာတော့ ပြင်လို့ရမယ် မထင်ပါဘူး။ နောက် နှစ် ၁ဝဝ လောက် ကြာသွားလို့ ဒီဥပဒေ ရှိသေးတယ်ဆိုရင်တော့ ပြင်လို့ ရနိုင်ကောင်းပါတယ်။ လောလောဆယ်တော့ မဖြစ်နိုင်ဘူးဆိုတာ သိစေချင်တယ်”

ပြောင်းလဲနိုင်သည့် အခွင့်အရေးတခုအဖြစ် ၂ဝ၁ဝ ကို ရှုမြင်သူများအပေါ် သုံးသပ်ချက်

“သူတို့က ဒီလိုမျိုး ယူဆတယ်ဆိုရင်တော့ သူတို့ အယူအဆ မှားတယ်လို့ ပြောရမှာပါ။ အခြေခံဥပေဒကို သေချာမဖတ်လို့နဲ့ တူပါတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေပြင်ဖို့ကို မပြောနဲ့ ဒီဥပဒေ အတည်မဖြစ်ခင်မှာ ဒီအစိုးရ လုပ်ထားသမျှကို ဘယ်တရားရုံးမှာမှ တရားစွဲလို့မရအောင် လုပ်ထားတယ်ဆိုတာ ကျနော်တို့ သိထားတယ်”

ZNC အနေဖြင့် ရှေ့ဆက် လုပ်ဆောင်သွားမည်များ

“ကျနော် ZNC ရဲ့ ဥက္ကဋ္ဌ အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ပါတီက နဂိုတည်းက လူနည်းတယ်ဆိုပြီးတော့ ဖျက်သိမ်းခံခဲ့ရပြီးသားပါ။ ခင်ဗျားတို့ ဖျက်သိမ်းပေမယ့် ပြည်သူလူထုက မဖျက်သိမ်းသေးတော့ ကျနော်တို့က နားလို့မရဘူး။ သူတို့ပေးတဲ့တာဝန် ကျနော် ဆက်ထမ်းဆောင်ရဦးမယ် ဆိုပြီးတော့ ဆက်လုပ်နေတာပါ။ အခု မှတ်ပုံတင်ရမယ့် ရွေးကောက်ပွဲ ဥပဒေအတိုင်း ဆိုလို့ရှိရင် လက်ခံမှာ မဟုတ်ဘူးဆိုတာ ရှင်းနေတော့ ဒီနာမည်ကတော့ ဆက်သုံးလို့ ရမှာမဟုတ်တော့ဘူး။ ကျနော်တို့ ရှိနေသရွေ့ ဇိုမီးအမျိုးသား ကွန်ဂရက် ဆိုတာကတော့ ရှိနေမှာပါ။ ကျနော်က နဂိုကလည်း လွှတ်တော်ကိုယ်စားလှယ်ပါ။ သူတို့ပြောတဲ့အတိုင်း ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတာ မရှိပေမယ့် အဲဒီ ဥပဒေကို ကြည့်တဲ့အခါမှာ ရွေးကောက်ပွဲဝင်မယ့် လူတွေဟာ ၂ဝဝ၈ အခြေခံဥပဒေကို ကာကွယ်စောင့်ထိန်းရမယ်လို့ ခံဝန်ချက်ပါနေတဲ့အတွက် အဲဒါမျိုးတော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဝင်ပြိုင်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး”

Geen opmerkingen: