မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ကြံ့ဖွံ့အသင်းမှ ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲ

ကျော်ခ
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၀ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) က နာမည်တူဖြင့်ပင် ပါတီအဖြစ် အသွင်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း အသင်းမှ ထိပ်တန်းခေါင်းဆောင်တဦးက ပြောသည်။
ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီဟု အမည်ပြောင်းလိုက်ပြီး အသက် ၂၅ နှစ်အောက် လူငယ်၊ ကျောင်းသားများနှင့် အစိုးရဝန်ထမ်းများကို ထုတ်ပယ်လိုက်ကာ ပါတီဝင်ကဒ်များ လွန်ခဲ့သည့် သီတင်းပတ်မှစတင်ကာ ထုတ်ပေးလျက်ရှိသည်ဟု အဆိုပါ ထိပ်တန်းခေါင်းဆောင်က ဆိုသည်။
“ရွေးကောက်ပွဲဝင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုတင်လုပ်နေပြီ။ အသင်းနေရာမှာ ပါတီဖြစ်သွားမယ်။ လက်ရှိမှာ တိုင်း၊ ခရိုင်အလိုက် ဖွဲ့စည်းပြီးသွားပြီပေါ့နော်။ ပိုင်ဆိုင်မှုတွေလည်း အားလုံး ပြောင်းလဲပြီးသွားပါပြီ။ နိုင်ငံတော်ပိုင် မဖြစ်တော့ပါဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။
ကြံ့ဖွံ့ပါတီကို မှတ်ပုံမတင်ရသေးသော်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထားသည်ဟု သိရသည်။
စစ်အစိုးရက ၎င်း၏ ခြေလှမ်းနှင့်ပတ်သက်၍ သတင်းမထွက်အောင် ကြိုးစားနေစဉ်တွင် မဇ္ဈိမက မေးမြန်းထားသော ကြံ့ဖွံ့အဖွဲ့ဝင် အားလုံးက တညီတညွတ်တည်းပင် ကြံ့ဖွံ့ပါတီအဖြစ် ပြောင်းလဲခြင်းကို အတည်ပြုကြသည်။
ကြံ့ဖွံ့အနေဖြင့် ရွေးကောက်ပွဲ စည်းရုံးရေးအပိုင်းတွင် လမ်း-တံတား တည်ဆောက်ခြင်းတို့ကို ပုံမှန်လုပ်ကိုင်နေသဖြင့် ထူးခြားစွာ လှုံ့ဆော်စည်းရုံးမှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ပါတီသတင်းရပ်ကွက်က ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်း နဝတ စစ်ကောင်စီက ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးစသည့် နအဖ ထိပ်ဆုံး စစ်ခေါင်းဆောင် ၅ ဦးက အသင်း၏ နာယကများ ဖြစ်ကြသည်။
လယ်ယာနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဋ္ဌေးဦးက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ကြံ့ဖွံ့အဖွဲ့တွင် ပြည်နယ်/တိုင်း ၁၇ ဖွဲ့၊ ခရိုင်အဖွဲ့ ၆၆ ဖွဲ့၊ မြို့နယ်အဖွဲ့ ၃၂ဝ ဖွဲ့တို့နှင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ပေါင်း ၂၄ သန်းကျော် ရှိသည်ဟု ၂ဝဝ၇ ခုနှစ်က ထုတ်ပြန်ထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အသက် ၂၅ နှစ်အောက်နှင့် အစိုးရဝန်ထမ်းများကို နိုင်ငံရေးပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ နုတ်ပယ်လိုက်ပြီးသည့် ကြံ့ဖွံ့ပါတီတွင် ပါတီဝင် မည်မျှရှိသည်ကို မသိရသေးပါ။
စစ်ဗိုလ်ချုပ်များနှင့် လက်ရှိ စစ်အစိုးရဝန်ကြီးများအနေဖြင့် ထိုအသင်းကို ကိုယ်စားပြုကာ ရွေးကောက်ပွဲ ဝင်ကြမည်ဟု ပြည်ပအတိုက်အခံ တပ်ပေါင်းစုတခုဖြစ်သော မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB မှ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။
“နအဖတပ်ထဲကလူတွေရွေးကောက်ပွဲဝင်မယ်လေ။သူတို့ကဒီကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုပဲ အခြေခံမှာပေါ့။ လူကြီးတော်တော်များများက စစ်တပ်က ထွက်ပြီး အဲဒီထဲမှာ ဝင်မယ်လို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
စစ်အစိုးရ၏ ဒေါက်တိုင် ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုနှင့်ပတ်သက်၍ သတင်းမထွက်စေရန် နေပြည်တော်က ညွှန်ကြားထားသည်။ ယခင်က ကြံ့ဖွံ့ကို နာမည်သီးသန့်ပြောင်းကာ ရွေးကောက်ပွဲဝင်မည်ဟု မြန်မာ့အရေး လေ့လာသူများအကြား တွက်ဆထားမှုရှိသလို တပါတီထက်ပိုပြီး ဖွဲ့စည်းဖွယ်ရှိသည်ဟုလည်း ခန့်မှန်းထားကြသည်။
လမ်းပြင်၊ သောက်သုံးရေပေးဝေမှု စသော လုပ်ငန်းများ လုပ်ကိုင်နေသလို ရွေးကောက်ပွဲဝင်မည့် ရာထူးလက်ရှိ စစ်ဘက် အရပ်ဘက်များက စည်းရုံးနေခဲ့သော်လည်း ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်မှုနှင့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့မှုများကြောင့် ကြံ့ဖွံ့မှာ နာမည်ပျက်ထွက်သည်။
နေပြည်တော်ရှိ သတင်းရပ်ကွက်တခုက မဇ္ဈိမကို ပြောကြားရာတွင် မကြာမီ ရက်အနည်းငယ်အတွင်း ရွေးကောက်ပွဲဝင်မည့် လက်ရှိဝန်ကြီးများနှင့် စစ်ဘက်အရာရှိများကို ရာထူးမှနုတ်ထွက်ကြောင်း ကြေညာလိမ့်မည်ဟုဆိုသည်။
ဒီပဲယင်းတိုက်ခိုက်မှုမှလွတ်မြောက်လာခဲ့သူဒေါ်အောင်ဆန်းစုကြည်၏ပါတီNLDကတော့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခြင်း မပြုလုပ်ရန် ယနေ့ ဆုံးဖြတ်လိုက်ကြသည်။
ကြံ့ဖွံ့ခေါင်းဆောင်များကလည်းNLD၏အစည်းအဝေးကိုလေ့လာစောင့်ကြည့်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Geen opmerkingen: