မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 31 maart 2010

အမေရိကန်သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာ

ရဲရင့်/ ၃၁ မတ် ၂ဝ၁ဝ
အမေရိကန်နိုင်ငံ အရှေ့တောင်အာရှဒေသ ဒုတိယလုံခြုံရေးတာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီးဝေါ လစ်ဂရေဆန်နှင့် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီးတို့သည် အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချမည့် ဒုက္ခသည်များ၏ အခြေအနေမှန်ကို သိရှိနိုင်ရန် ယနေ့နံနက်ပိုင်းတွင် မယ်လဒုက္ခသည်စခန်းသို့ လာရောက်လေ့လာကြသည်။
အဆိုပါ သံတမန်အဖွဲ့သည် စခန်းအတွင်းရှိ မြန်မာဒုက္ခသည်များ၏အခြေအနေကို သိရှိနိုင်ရန် စခန်းကော်မတီ တာဝန်ရှိသူများ၊ ဒုက္ခသည်များ၊ စခန်းအုပ်ချုပ်ရေးမှူးများ၊ မယ်လဒုက္ခသည် စခန်းတည်ရှိရာ ထာ့ဆောင်ရန်းမြို့နယ် မြို့ပိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မယ်လဒုက္ခသည်စခန်း တာဝန်ခံ မန်းထွန်းထွန်းက “ဒုက္ခသည်တွေကို မေးတော့ ဒုက္ခသည်အများစုက မြန်မာဘက်ကို မပြန်ချင်ကြဘူး။ သင့်တင့်တဲ့ဘ၀တခုကို ထူထောင်နိုင်ဖို့ အခွင့်အလမ်းတွေကိုပဲ လိုချင်တယ်လို့ ပြောကြတယ်။ နောက်ပြီး ကျနော်တို့ကိုကျတော့ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အနေအထားတွေ မေးတယ်။ တဖက်သတ် ဥပဒေရေးဆွဲပြီး နအဖလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝ အယုံအကြည်မရှိတဲ့အကြောင်း ဒုက္ခသည်တွေရဲ့ကိုယ်စား ပြန်ပြောလိုက်ပါတယ်” ဟု ရှင်းပြသည်။
မယ်လဒုက္ခသည်စခန်းမှတဆင့် အမေရိကန်နိုင်ငံသို့ အခြေချခွင့်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က (၆) လခန့် ပိတ်ထားခဲ့ပြီးနောက် ယခုလ (၁၉) ရက်တွင် ပြန်လည်ခွင့်ပြုချက်ပေးပြီး မကြာမီ မယ်လဒုက္ခသည်စခန်းသို့ အမေရိကန်သံတမန်များ လာရောက်ခြင်းဖြစ်သည်။
မယ်လစခန်းမှ ဒုက္ခသည်တဦးက “ဒီအမေရိကန်အဖွဲ့က ကျနော်တို့ကိုမေးတယ်။ မြန်မာပြည်မှာ ရွေးကောက်ပွဲပြီးရင် ဘယ်လိုလာမလဲလို့ မေးတယ်။ ရွေးကောက်ပွဲကြောင့် မြန်မာပြည်ကြီး အေးချမ်းသွားမယ်ဆိုတာကို ဘယ်ဒုက္ခသည်မှ မယုံဘူးဆိုတဲ့အကြောင်း ရှင်းပြလိုက်တယ်” ဟု ပြောသည်။
ဒုက္ခသည်စခန်းများကို အကူအညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းကြီးတခုမှ တာဝန်ရှိသူတဦးက ယခုကဲ့သို့ အမေရိကန်သံတမန်များ လာရောက်ခြင်းသည် စခန်းအခြေအနေကို လာရောက်လေ့လာခြင်းထက် မယ်လဒုက္ခသည်စခန်းမှ တဆင့် ဒုက္ခသည်များ အမေရိကန်သို့ မရိုးသားသည့်နည်းလမ်းများဖြင့် ထွက်ခွာခွင့်ကို ထိန်းချုပ်နိုင်ရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအသီးသီးမှ ဒုက္ခသည်များသည် မရိုးသားသည့် နည်းလမ်းများဖြင့် တတိယနိုင်ငံများသို့ ထွက်ခွာမှုများရှိရာတွင် မယ်လဒုက္ခသည်စခန်းမှ (၉၅) ရာခိုင်နှုန်းရှိသည်ဟု ယူအန်အိပ်ခ်ျစီအာက ပြောကြားသည်။
မယ်လဒုက္ခသည်စခန်းတွင် တရားဝင်ဒုက္ခသည်(၂၈,၀၀၀)ခန့်နှင့်အတူ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသည့် လူသစ် (၂၁,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်ဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း (၂) ခု အပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁၃၀,၀၀၀) ကျော် နေထိုင်လျက်ရှိသည်။





Geen opmerkingen: