မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 maart 2010

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ

ဇာနည်မာန် Wednesday, March 24, 2010
.စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဥပဒေ ထွက်ပြီးနောက် NLD ရုံးများ ပြန်ဖွင့်ခွင့် ရသော်လည်း သတ်မှတ် ထားသည့် အတိုင်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ မတင်ပါက NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲခံရမည် ဖြစ်သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကျပ်အတည်း ဖြစ်နေသော NLD ပါတီ၏ အဖွဲ့ဝင် တချို့ကို ပြီးခဲ့သည့် ၂၀၀၉ ခု ဧပြီလ အတွင်းက ပါတီ ရုံးချုပ်ရှေ့တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - Getty Images)
NLD ထိပ်ပိုင်း ခေါင်းဆောင် တချို့က ပါတီကို မှတ်ပုံတင် သင့်သည်ဟု ထုတ်ဖော် ပြောကြားမှုများ ရှိခဲ့သည်။ ယမန်နေ့ မတ်လ ၂၃ ရက်တွင် NLD အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံရာ၌ ပါတီ မှတ်ပုံတင်ရေး ကို သဘောမကျဟု ထုတ်ဖော် ပြောကြားကြောင်း သိရသည်။
ပါတီ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးတို့နှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များမှ NLD ပါတီဝင်များ၏ သဘောထား အမြင်များကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း၍ စုစည်း တင်ပြ ထားပါသည်။
ဦးသိန်းလှိုင်
တွဲဖက်အတွင်းရေးမှူး
ရခိုင်ပြည်နယ်
"ဒီကိစ္စက ဗဟို အစည်းအဝေးလုပ်ပြီးမှ၊ ဆုံးဖြတ်ချက်ချပြီးမှ ကျနော်တို့က NLD ရဲ့ သဘောထားလို့ ပြောလို့ရတယ်။ ဒီကြားထဲမှာ လူပုဂ္ဂိုလ်တွေ ပြောနေတာတွေက ကျနော်တို့ အဖွဲ့အစည်းနဲ့ လုံးဝဆိုင်တယ်လို့ ပြောလို့မရဘူး။ သူတို့ရဲ့ သဘောသာဖြစ်တယ်။ ကျနော်တို့ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း အတိုင်းပဲ ခိုင်ခိုင်မာမာရပ်တည်မယ်။ အဲဒီအချက်ကို တစက်မှ မလျှော့နိုင်ဘူး။ ဒီအချက်တွေအတိုင်း မရဘူးဆိုရင် ဒီရွေးကောက်ပွဲကို ဝင်ဖို့ လုံးဝ ဆန္ဒမရှိဘူး"
ဦးပိုက်ကို
စည်းရုံးရေးမှူး
မကွေးတိုင်း၊ ပခုက္ကူခရိုင်
“No registration ပေါ့။ ပါတီခေါင်းဆောင်ကို ထုတ်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ ကျနော်တို့ လက်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်တဲ့ကိစ္စ။ တကယ် ပြည်သူအများ မလိုလားတဲ့၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတခုကို မဆုံးဖြတ်ဖို့ အကြံဉာဏ်ပေးချင်ပါတယ်"
ဦးသောင်းစိန်
ဥက္ကဋ္ဌ
သာယာဝတီ NLD၊ ပဲခူးတိုင်း
"အခုပြုလုပ်မယ့်ရွေးကောက်ပွဲမှာတပ်မတော်ကလေးပုံတပုံပါမယ်ဆိုတာနော်၊အဲဒါကြီးကို ဦးခင်မောင်ဆွေတို့နဲ့ ရန်ကုန်တိုင်းက ဒေါက်တာဝင်းနိုင်တို့ ဒီရွေးကောက်ပွဲကို ဝင်မယ်ဆိုပြီးတော့ စီစဉ်နေတယ်ဗျ။ အဲဒီလို စီစဉ်မယ်ဆိုရင်တော့ စကားလုံး ရိုင်းရိုင်းနဲ့ ပြောရမယ် ဆိုရင်တော့ ခွေးတိုးပေါက်ကဝင်တဲ့ သဘောမျိုးပဲ။ မြို့နယ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ စတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ် သက် ပြီးတော့ ရွေးကောက်ပွဲကို လုံးဝ မဝင်ဖို့ ပါတီမှတ်ပုံတင်ဆိုတာလည်း လုံးဝ မတင်ဖို့ပဲ။ ဒီရွေးကောက်ပွဲ ဥပဒေကို ထုတ် တဲ့ အခါကျတော့လည်း ကန့်သတ်ချက်တွေက အရမ်းတင်းကျပ်လွန်းအားကြီးတော့ ဒီထဲကို မဝင်သင့်ဘူးလို့ဘဲ ကျနော်တို့ကတော့ ယူဆတယ်။ အဖမ်းခံရမယ်ဆိုရင်လည်း ကျနော်တို့ကတော့ အဆင်သင့်ပဲ"
ကိုမျိုးနိုင်
တိုင်းစည်းရုံးရေး အဖွဲ့ဝင်
မန္တလေးတိုင်း NLD
"ကျနော်တို့ဆီကို မန္တလေးတိုင်းထဲက မြို့နယ်တွေ တော်တော်များများက တင်ပြကြတယ်။ သူတို့ ပါတီမှတ်ပုံတင်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ နအဖနဲ့ ပြေပြေလည်လည် ဆွေးနွေးလာတာ နှစ်တွေ ကြာလှပြီ။ တခါမှ အဆင်မပြေခဲ့ဘူး။ ရလည်း မရခဲ့ဘူး။ ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော် အတွင်းကနေ ပြုပြင်ရေး လုပ်မယ် ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို မစဉ်းစားဘူးဆိုတာ ထွက်လာ တော့ ကျနော်တို့နဲ့ နီးစပ်တဲ့ ပြည်သူတွေကလည်း ဒါကို လက်ခံကြတယ်။ ရွေးကောက်ပွဲကို အလိုမရှိဘူးဆိုတဲ့ အသံတွေ တော်တော်များများ ထွက်လာတာ တွေ့ရတယ်။ NLD ဆိုတာက ၈၈ အရေးတော်ပုံကနေ ပေါ်ပေါက်လာတာဖြစ်လို့ လူထုက ပေးတဲ့ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ ကမ္ဘာက သိပြီးသား၊ လေးစားပြီးသား။ အဲဒီ ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ အကျဉ်းကျနေတဲ့ ရဲဘော်ရဲဘက်တွေကိုလည်း လေးစားဖို့လိုတယ်။ NLDဆိုတာ ပြည်သူက တလေးတစားနဲ့ တင်မြှောက်ထားတာမို့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ဖို့လိုတယ်။ ကျနော်တို့အဖို့ကတော့ ပါတီမှတ်ပုံ မတင်ရလို့ ပျက်ပြယ်သွားတယ်ဆိုရင်လည်း နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ဖမ်းတာဆီးတာကတော့ အခုလည်း ပုံစံအမျိုးမျိုးနဲ့ ဖမ်းနေတာပဲဗျာ။ ဘာမှတော့ ပိုထူးသွားမယ်မထင်ပါဘူး"
ဒေါ်ရင်မေ
တွဲဖက် အထွေထွေ အတွင်းရေးမှူး
ဗန်းမော်မြို့နယ် NLD၊ ကချင်ပြည်နယ်
"ရွေးကောက်ပွဲဟာ ကျမတို့အတွက် တရားမျှတမှုရှိမှာ မဟုတ်လို့ ကျမတို့ကတော့ ပါတီ မှတ်ပုံမတင်ဘူး။ ရွှေဂုံတိုင် ကြေညာ စာတမ်း အတိုင်းပဲ သွားမယ်။ ပါတီ မှတ်ပုံမတင်ရလို့ ပါတီ မရှိတော့ဘူးဆိုရင်လည်း ကျမတို့ နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ကျမတို့ကတော့ ဒီအတိုင်း ဆက်လုပ်နေဦးမှာပဲ"
ဦးဟန်ထွန်း
အတွင်းရေးမှူး
စမ်းချောင်းမြို့နယ် NLD ၊ ရန်ကုန်တိုင်း
“ကျနော်တို့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တဲ့ အတွက်ကြောင့် ပါတီမှတ်ပုံတင်ခြင်းကို ကျနော်တို့က လုံးဝ လက်မခံနိုင်ပါဘူးခင်ဗျ။ ပါတီရဲ့ ရည်ရွယ်ချက်တွေနဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကိုပါ မျက်ကွယ်ပြုရာ ရောက်နေတာကြောင့် ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ကျနော်တို့ စမ်းချောင်းမြို့နယ် NLD အနေနဲ့ကတော့ ဦးခင်မောင်ဆွေတို့ပြောတဲ့ ပါတီမှတ်ပုံတင်ခြင်းကိစ္စ သဘောထားနဲ့ ပတ်သက်လို့ လုံးဝ လက်မခံနိုင်ပါဘူး”

Geen opmerkingen: