မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

“သူသေကိုယ်ရှင် တိုက်ပွဲဝင်” သံချပ်သီချင်းခွေ ထွက်ပြီ

ဇာနည်မာန် Monday, March 29, 2010
.နှစ်စဉ် တင်ဆက်နေကျ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ သင်္ကြန်သံချပ် သီချင်းခွေများတွင် ပင်တိုင် ရေးသား ပေးခဲ့သည့် ကဗျာဆရာ မြတ်ထက် ကျန်းမာရေး ချို့ယွင်းနေ သော်လည်း “သူသေကိုယ်ရှင် တိုက်ပွဲဝင်” အမည်ရှိ သံချပ်အခွေ ယမန်နေ့ ညနေက ထွက်လာပြီဖြစ်သည်။
                                  “သူသေကိုယ်ရှင် တိုက်ပွဲဝင်” သင်္ကြန်သံချပ် သီချင်းခွေ
အဆိုပါ သံချပ်သီချင်း ခွေတွင် လာမည့် ရွေးကောက်ပွဲ အကြောင်း၊ မြန်မာ ပြည်၏ နိုင်ငံရေး အခြေ အနေများ၊ တရား စီရင်ရေး မဏ္ဍိုင် ယိမ်းယိုင် နေခြင်းနှင့် ပြည်သူလူထု၏ အခြေအနေ များကို ထင်ဟပ် ရေးဖွဲ့ထားသည်။
ကဗျာဆရာ မြတ်ထက် ရေးသား ထားသည့် သီချင်း တချို့အပါအဝင် အိန္ဒိယရောက် ၀ါသနာရှင်များ၊ ပန်းချီ ထိန်လင်းနှင့် ကဗျာဆရာ မောင်လွမ်းဏီတို့ ကူညီရေးသားသည့် သီချင်းများဖြင့် ၁၂ ကြိမ်မြောက် ဖြစ်သည့် ယခုနှစ်သံချပ် သီချင်းခွေကို တင်ဆက်ထားသည်ဟု သိရသည်။
အခွေ စီစဉ်သူ ကျောက်မဲ ကျော်ကြီးက “အလုပ်သမား သပိတ်ကိစ္စတွေ၊ ရှေ့နေကိုယ်တိုင် အဖမ်းခံရတဲ့ အဖြစ် အပျက်တွေ၊ တရားဥပဒေမှာ တရားမျှတမှု မရှိတာတွေ၊ အကျပ်အတည်းဖြစ်နေတဲ့ အပစ်ရပ်အဖွဲ့တွေကို ဒီအတိုင်း ငြိမ်ခံနေလို့ မရတော့ဘူး၊ ဒါဟာ နောက်ဆုံး တိုက်ပွဲဖြစ်တယ်၊ လူထု အနေနဲ့လည်း ပါဝင်ပြီး ၀ိုင်းဝန်းတိုက်ခိုက်ကြပါလို့ ကျနော်တို့ ပြောချင်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် “သူသေကိုယ်ရှင် တိုက်ရမည်” ဆိုသော စကားကို နှစ်သက်သောကြောင့် သံချပ် ခေါင်းစဉ်အဖြစ် ရွေးချယ်ရခြင်း ဖြစ်ကြောင်း သူကဆိုသည်။
သံချပ် သီချင်းများကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ ပြည်ပနိုင်ငံ အသီးသီးရောက် ၀ါသနာရှင်များနှင့် သီးလေးသီး အဖွဲ့က သီဆိုပေးထားသည်။
သံချပ် သီချင်းများတွင် စစ်အစိုးရက တဖက်သတ် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြုလုပ်ရန် ကြိုးပမ်းမှုများအား သရော် ရေးဖွဲ့ထားသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရေးစပ်ထားသော သံချပ် သီချင်းတွင် “၉၀ ရလဒ် ပစ်ပယ်တာ ... လူထုတွေကို စော်ကားတာပဲ …။ သမိုင်းတရားခံ တို့အဖြစ်မခံ …၂၀၁၀ သပိတ်မှောက်ကြ …။ ၂၀၁၀ ရွေးကောက်ပွဲ …သူသေကိုယ်ရှင် တိုက်ရမယ့်ပွဲ”ဟူ၍ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ရေးဖွဲ့ထားသည်ကိုလည်း တွေ့ရသည်။
ထို့အတူ ပြည်သူလူထု ခံစားနေရသော ဖိနှိပ်မှုများ၊ မြန်မာပြည်၏ တရားစီရင်ရေး တရားမျှတမှု မရှိပုံများကိုလည်း ရေးဖွဲ့ထားပြီး စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် စည်းစည်းလုံးလုံး လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ကျောက်မဲကျော်ကြီးက “တနှစ်လုံး ဖြစ်ပေါ်နေတဲ့ မြန်မာပြည်ထဲက ကမောက်ကမ အခြေအနေတွေကို ကျနော်တို့ ပြောချင်တာတော့ အများကြီးပေါ့။ ဒီထဲမှာ အကျဉ်းချုံးပြီးတော့ပဲ ရေးထားတယ်။ ဒီတခွေတည်းနဲ့တော့ ဘယ်အားရပါ့မလဲဗျာ” ဟုပြောဆိုသည်။
အဆိုပါ သံချပ် သီချင်းများကို ပြည်တွင်းပြည်ပ ၀ါသနာရှင်များ နားဆင်နိုင်ရန်အတွက် အခမဲ့ ဖြန့်ဝေသွားမည်ဟု သိရသည်။

Geen opmerkingen: