မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 maart 2010

တပ်မတော်သားများအတွက် ပြည်သူသာ အမိ အဖ ဖြစ်စေလို

မြင့်မောင်
သောကြာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၉ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉၆၂ နှစ်ကတည်းက စစ်တပ်ကြီးစိုးလာခဲ့သော မြန်မာနိုင်ငံတွင် မနက်ဖြန်ဆိုလျှင် ၆၅ နှစ်မြောက် တပ်မတော်နေ့ ကျရောက်တော့မည်ဖြစ်ပြီး နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။
လက်ရှိ စစ်အစိုးရလက်အောက်တွင် တပ်မတော်နေ့ အခမ်းအနားသည် နိုင်ငံ၏ အကြီးကျယ်ဆုံး၊ ငွေကုန်ကြေးကျ အများဆုံး အခမ်းအနား ဖြစ်လာနေသည်။
မကြာသေးခင်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ စစ်သားဘဝကို မြတ်နိုးသူ၊ မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး၏ ယနေ့ တပ်မတော်အပေါ် သုံးသပ်ချက်များကို ဖတ်ရှုရမည်ဖြစ်သည်။

မေး။မတ်လ၂၇ရက်နေ့ကဖက်ဆစ်တော်လှန်ရေးနေ့လား၊တပ်မတော်နေ့လားဆိုတာ တချက်လောက်ရှင်းပြပေးပါ။တပ်မှူးဟောင်းတယောက်အနေနဲ့ဘယ်လိုခံယူထားလဲဆိုတာ သိချင်လို့ပါ။

''စပြီးတော့ဖြစ်လာတာကဖက်ဆစ်တော်လှန်ရေးနေ့ပါ။ဟိုတုန်းကတပ်တွေဖွဲ့ကာစကတော့ မထင်ရှားသေးဘူးပေါ့။ နောက်ပိုင်းကျမှ တဖြည်းဖြည်းနဲ့ တပ်ထဲမှာ ဖက်ဆစ်တော်လှန်ရေးဆိုပြီးတော့ ကျင်းပလာတယ်။ အဲဒီတုန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်းရေးနေ့ တပ်တွေထွက်တဲ့ အသွင်သဏ္ဍာန်ကို ဆောင်ပြီးတော့ကာ၊ မီးဒုတ်တွေဘာတွေနဲ့ စစ်ကြောင်းတွေက လှည့်ပြီးတော့ကာ ရွှေတိဂုံ အနောက်ဘက်မှာ ရှိတဲ့ ကျူးကျော်အိမ်တွေကို ဖျက်ပြီးတော့၊ မြို့တော်ဝန် ဗိုလ်မှူးကြီးထွန်းစိန်က အဲဒီနေရာကို ရှင်းပြီးတော့ အဲဒီနေရာကို တော်လှန်ရေးပန်းခြံဆိုပြီး လုပ်တယ်။ ဟိုတုန်းက တော်လှန်ရေးပန်းခြံက ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောပြီးတဲ့နောက်၊ အဲဒီကနေပြီးတော့ စပြီးချီတက်တာကို အမှတ်အသားအနေနဲ့၊ ဂုဏ်ပြုတဲ့အနေနဲ့ စစ်ကြောင်းတွေက မြို့ထဲကနေ တော်လှန်ရေး တိုင်းတွေ၊ ပြည်နယ်တွေက တပ်တွေလို နာမည်တပ်ပြီးတော့၊ စစ်ကြောင်းတွေလုပ်ပြီး ချီတက်လာကြတယ်။ နောက်နှစ်မှာကျ မီးဒုတ်တွေ မပါတော့ဘူးပေါ့။ မီးဒုတ်တွေပါရင် မီးအန္တရာယ် ရှိတယ်ဆိုပြီးတော့ မပါတော့ဘဲ နောက်ပိုင်းမှာ စစ်ရေးပြ အခမ်းအနားတွေ ဖြစ်ပေါ်လာတယ်။ အဲဒီတုန်းက ဖက်ဆစ်တော်လှန်းရေးပေါ့။ အဲဒီဟာနဲ့ ပတ်သက်ပြီး နောက်ပိုင်းကျတော့ ဖက်ဆစ်တော်လှန်ရေးနေ မဟုတ်တော့ဘူးပေါ့။ ဒီဟာကို ၂၇ ရက်နေ့က စစ်သည်တွေ ချီတာကို အကြောင်းပြုပြီး တပ်မတော်နေ့လို့ ပြောင်းလိုက်တယ်။ အဲဒီကျလို့ရှိရင် တပ်ထဲမှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပပြီး၊ တပ်မတော်နေ့ဆိုပြီး လုပ်လာတာတွေ ရှိတယ်''
''ကျနော်မှတ်မိသေးတယ်၊တော်လှန်ရေးကောင်စီတက်လာတဲ့အချိန်မှာတပ်မတော်သားတွေဆီ ဆန္ဒတွေဘာတွေမေးတော့ကာကျနော့်အနေနဲ့ဆန္ဒပြုခဲ့တာတွေရှိတယ်။အဲဒါဘာလဲဆိုတော့ တပ်မတော်နေ့ အခမ်းအနားလုပ်တာကတော့လုပ်ပါ။တပ်မတော်နေ့ဆိုတာကရှိရမှာပဲ။ တပ်မတော်သားတွေ ဂုဏ်ပြုတဲ့နေ့။ သို့သော်အဲဒီနေ့ဟာတပ်မတော်ထဲမှာအခမ်းအနားကျင်းပတာလောက်ပဲကောင်းတယ်။တကယ့် နေ့ထူးနေ့မြတ်က လွတ်လပ်ရေးနေ့။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးနေ့ဟာ အထွဋ်အမြတ်နေ့ ဖြစ်တယ်။ အထွဋ်အမြတ်နေ့မှာ တပ်မတော်သားတွေအနေနဲ့ စစ်ရေးပြ အခမ်းအနားလည်း လုပ်၊ ပြည်သူပြည်သားတွေ ဘက်ကလည်းပဲ၊ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ ပြည်သူနဲ့ တပ်မတော် အတူတကွ ချီတက်တဲ့ အခမ်းအနားတွေ လုပ်ပါဆိုပြီးတော့ အကြံဥာဏ်တွေလည်း ကျနော်တို့ ပေးခဲ့ဖူးတယ်''
''အဲဒါကမထိရောက်ဘဲနောက်ပိုင်းမှာတပ်မတော်နေ့ဆိုပြီးဒီနေ့အထိလုပ်လာတာပဲ။အဲဒီနေ့မှာ အခမ်းအနား ကျင်းပပြီး တပ်ထဲမှာရှိတဲ့ စစ်သည်တော်များ အားလုံးအတွက် စစ်သွေးစစ်မာန်၊ ဇာတိသွေးဇာတိမာန် တက်ကြွဖို့ အခမ်းအနား လုပ်တာပါ။ ဟိုတုန်းက အကြံပေးခဲ့ဖူးတာက လွတ်လပ်ရေးနေ့မှာပဲ အဓိက ထားပြီးတော့ကာ တပ်မတော်သားတွေ အားလုံး ပါဝင်ဆင်နွှဲဖို့ ပြောခဲ့ပေမယ့်၊ တချို့က တပ်မတော်နေ့လို့ သတ်မှတ်ပါ။အဲဒီနေ့မှာတပ်ထဲမှာသူတို့ဘာသာသူတို့ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ်ပွဲတွေလုပ်လို့ရှိရင် ဖြစ်နိုင်ပါတယ်ဆိုပြီး သဘောတူညီမှုတွေ ရှိခဲ့ဖူးတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ရေးပြအခန်းအနားတွေနဲ့ပဲလုပ်လာခဲ့တာ အခုထိပဲ။ အခုကျ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်မှာ အကြီးကျယ်ဆုံးလုပ်တဲ့သဘောရှိတဲ့အတွက်စစ်ရေးပြ အခမ်းအနားကို အကြောင်းပြုပြီး လုပ်လာတဲ့အတွက် တပ်မတော်နေ့ဆိုပြီး တွင်ကျယ်လာတာပါပဲ''
''တကယ်စင်စစ်က မတ်လ ၂၇ ရက်နေ့က ဖက်ဆစ်တော်လှန်နေ့ကို အားလုံး ချီတက်ပြီး ထွက်ကြတဲ့ အတွက်ကြောင့်မို့၊ ထွက်တဲ့တပ်တွေကလည်း သူတို့ဟာသူတို့ အမှတ်တရအနေနဲ့ ကျင်းပတဲ့ အတွက်ကြောင့်မို့လို့ ဖက်ဆစ်တော်လှန်ရေးနေ့ပါ။ ဖက်ဆစ်တော်လှန်နေ့က အမည်နာမအနေနဲ့က အမှန်အကန်ပါပဲ။ သို့သော် စစ်သည်တော်သားများ အားလုံးအနေနဲ့ တပ်မှူးအကြီး အငယ်တွေအနေနဲ့ အားလုံး အဆင့်ဆင့်က အစဉ်အလာလိုဖြစ်ပြီး ပြောဆိုလုပ်ကိုင်လာတာကတော့ ဒီနေ့အချိန်ထိ အခမ်းအနားတွေကို အကြီးအကျယ် လုပ်ပြီးတော့ တပ်မတော်နေ့ဆိုပြီး ဖြစ်လာတာပေါ့''

မေး။ဖက်ဆစ်တော်လှန်ရေးခေတ်နောက်ပိုင်းကာလတပ်မတော်သားတွေနဲ့လက်ရှိ တပ်မတော်သားတွေဘယ်လိုကွာခြားတာမျိုးတွေ ရှိလဲခင်ဗျ။

“သိပ်ပြီးတော့ ကွာခြားတာပေါ့ကွာ၊ ဟိုတုန်းက တပ်မတော်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က အင်မတန် ကောင်းမြတ်တဲ့ စံနမူနာကောင်းတွေ ပြသွားခဲ့တယ်။ သူ ဖက်ဆစ်တော်လှန်ရေး ပြီးတဲ့အခါကျ တပ်ကို ပြန်ဖွဲ့တဲ့အခါမှာ ဂန္ဓီစာချုပ်အရ တပ်ကို ပြန်ဖွဲ့စည်းတယ်။ အရာရှိတွေနဲ့ ပတ်သက်လို့ ရွေးချယ်ခန့်ထားပြီး နောက်ပိုင်းမှာ သူကိုယ်တိုင်က တပ်မတော်ထဲမှာ မနေတော့ဘဲနဲ့ နိုင်ငံရေး အဖွဲ့အစည်းဖြစ်တဲ့ ဖဆပလ ပါတီ အဖွဲကြီးထဲမှာ သွားပြီးတော့ ဗမာ့လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ကြိုးပမ်းတဲ့ ဥစ္စာက တပ်မတော်နဲ့ နိုင်ငံရေး (နိုင်ငံရေးဆိုတာက ပါတီ နိုင်ငံရေးကို ပြောတာပေါ့လေ)၊ နိုင်ငံရေးဆိုတာက ပြည်သူလူထုအားလုံးနဲ့ တပ်မတော်သားတွေက နိုင်ငံရေးရဲ့ ဇာတ်ကောင်တွေ ဖြစ်တယ်။ နိုင်ငံရေးရဲ့ သတ္တဝါတွေဖြစ်တော့ နိုင်ငံရေးဆိုတာက ရှိရမှာပဲ၊ ကင်းမှာ မဟုတ်ဘူး”
“သို့သော်လည်း တပ်မတော်ဟာ ပါတီနိုင်ငံရေးနဲ့ တပ်မတော် ကင်းကင်းရှင်းရှင်း နေရမယ်ဆိုတာကို ဗိုလ်ချုပ် အောင်ဆန်းက ပြခဲ့တယ်လေ။ ဒီအစဉ်အလာကို ထိန်းဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် အသက်စွန့်ပြီး နောက်ပိုင်းမှာလည်း တပ်မတော်ကို ဆက်လက်တာဝန်ယူတဲ့ ပုဂ္ဂိုလ် အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း ခေတ်ပေါ့ဗျာ။ အဲဒီအခါမှာလည်းပဲ ဒီအရှိန်အဝါနဲ့ ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ညီလာခံတခုကို ပထမဆုံးအကြိမ် ကျင်းပတယ်။ တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်းကို ရေးခဲ့တယ်။ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို တို့တတွေက အသက်ပေးပြီး ကာကွယ်ကြရမယ်။ အဲဒီဟာကို ကာကွယ်ဖို့ အကြောင်းချင်းရာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတယ်''
''အဲဒီမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် ကာကွယ်ရေး ဦးစီချုပ် စာတမ်းတစောင်ကို ဖတ်ပြတယ်။ အဲဒီဖတ်ပြတဲ့ စာတမ်းက ဘာလဲဆိုတော့ -တို့တပ်မတော်အနေနဲ့ ပြည်သူလူထုတွေရဲ့ ဆန္ဒကို ရှေ့ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ အခုရှိနေတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို အသက်ပေးပြီး တို့တတွေ ကာကွယ်ကြရမယ်။ နောင်သောအခါမှာ အခြေခံဥပဒေအပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ နိုင်ငံတော် တည်ဆောက်ရေး တို့တတွေ လုံးပမ်းကြရမယ်။ ဒါကြောင့်မို့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာပါတဲ့ ဥပဒေအချက်အလက်တွေကို ဖောက်ဖျက်ကျူးလွန်တာရှိသော် ငါကိုယ်တိုင် မထောက်မညှာ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမယ်။ ဒါကြောင့်မို့ ဒါကို မင်းတို့အားလုံး ဆွေးနွေးပြီးရင် ဒီဟာကို လက်မှတ်ထိုးကြပါ ဆိုတဲ့အတွက် ဒီဟာကို ၁၉၄၇ ခုနှစ် နိုင်ငံတော် အခြေခံဥပဒကို ကျနော်တို့ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် ထောက်ခံအားပေးပြီး လက်မှတ်ထိုးခဲ့တယ်။ အဲဒါက ဗမာ့တပ်မတော်ရဲ့ ပဋိဥာဉ်စာတမ်း ထုတ်ခဲ့တာ''
''ပထမဦးဆုံး ရွေးကောက်ပွဲတုန်းက ပါတီနိုင်ငံရေးနဲ့ ပတ်သက်လို့ ကင်းကင်းရှင်းရှင်း ဖြစ်အောင်ဆိုပြီးတော့ ရွေးကောက်ပွဲတို့ဘာတို့ လုပ်တဲ့အခါမှာလည်း ပါတီပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စစ်သည်စစ်သားများက ပါဝင်မှု မရှိဘဲနဲ့၊ မိမိတပ်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် ပစ္စည်းများကို မပတ်သက်ဘဲနဲ့၊ နောက်ပြီး သွားရောက်ပြီးတော့ သူတို့အတွက် ပြောပေးခြင်း၊ ဟောပေးခြင်း၊ ဆော်သြပေးခြင်း၊ လိုက်လံပြီး ကူညီဆောင်ရွက်ပေးခြင်း စသဖြင့် ပါဝင်ဆက်နွယ်ပြီးတော့ လုပ်လို့မရအောင် ကင်းကင်းရှင်းရှင်း ဖြစ်အောင် အမိန့်တွေ ထုတ်ထားတဲ့အတွက် တိတိကျကျပဲ လိုက်နာခဲ့ကြရတယ်''
''အခုကျတော့တဖြည်းဖြည်းပတ်သက်ပြီးသံယောဇဉ်တွေက ရှိခဲ့တာကိုး။ သံယောဇဉ်ရှိတဲ့အပေါ် မူတည်ပြီး၊ လိုက်နာပြီးတော့ ဆောင်ရွက်ပေးခြင်းအားဖြင့်နောက်ဆုံးတပ်က နိုင်ငံရေးထဲမှာ တဖြည်းဖြည်း အထူးသဖြင့် ပါတီနိုင်ငံရေးထဲမှာ တပါတီ၊ တဖွဲ့၊ လူတဦး အကျိုးစီးပွား အကျိုးငှာ အသုံးချခံလိုက်ရတဲ့ ဘဝကို ရောက်သွားတဲ့ဟာမျိုး ဖြစ်ခဲ့တာပေါ့။ အခုတော့ ဒီအခြေအနေအတိုင်းပဲ ဖြစ်သွားတာပေါ့လေ။ နိုင်ငံတော်မှာ နဂိုမူလက ဆောင်ပုဒ်က ရှိပြီးသား “ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖ” ၊ “ပြည်သူသာလျှင် မိမိတို့၏ အင်အားစု” ဖြစ်တယ်။ ဒီပြည်သူတွေမှာလည်း တပ်မတော်သားတွေ ပါဝင်ခဲ့တာပဲ။ အဓိကဖြစ်တဲ့၊ မိဘတွေဖြစ်တဲ့ ပြည်သူတွေဟာ တကယ်ပဲ တပ်မတော်သားတွေရဲ့ အမိအဖ ဖြစ်ရမယ်ဆိုတာ တပ်မတော်သားတွေရဲ့ ဦးနှောက်ထဲမှာ ကိန်းအောင်းအောင် လုပ်ခဲ့တာပဲ''
''အခုဒီလိုမဟုတ်တော့ဘူး၊တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ၊ အားလုံးက ဘယ်လို အတွေးအခေါ် ဖြစ်သွားလဲဆိုတော့ညောင်ညိုပင်ကြီးရဲ့ အရိပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့ အရိပ်ပဲလေ။ ဒါပေမဲ့ အဲဒီ အရိပ်ကြီးကို ဝင်ရောက်ပြီးတော့ လာတဲ့ တပ်မတော်က သူတို့အနေနဲ့လည်း သူတို့ကိုယ် သူတို့၊ သူတို့အရိပ်လို့ ထင်ပြီးတော့ ဒီအရိပ်အာဝါသအောက်မှာ နေရတာကို မေ့လျော့နေပြီး သူတို့ဟာသူတို့ သီးခြားရပ်တည်တဲ့ အရိပ်ဖြစ်တယ်ဆိုတဲ့အနေနဲ့ လုပ်ကိုင်သွားနေတဲ့ သဘောတွေကတော့ မှန်ကန်လှတယ်တော့ မဟုတ်ဘူး။ အဲဒီဟာရဲ့ သဘောကတော့ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံး တွေ့မြင်နေရတဲ့ အတိုင်းပါပဲ။ အဲဒီလို ဖြစ်သွားတဲ့ သဘောရှိနေတော့ တကယ်စစ်မှန်တဲ့ အရင်တုန်းက တွေးခေါ်ခဲ့တဲ့၊ ပြည်သူတို့ရဲ့ ကြားထဲမှာ ပြည်သူ့ဆန္ဒနဲ့အညီ နေထိုင်သွားရမယ်ဆိုတဲ့ ဟာကိုတော့ ပြန်ရောက်လာအောင် လုံပမ်းကြိုးစားဖို့ အကုန်လုံးမှာ တာဝန်ရှိကြတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်''

မေး။တပ်မတော်သားတွေလိုက်နာရမယ့်စစ်သည်တော်များကျင့်ဝတ်ကိုဒီကနေ့ခေတ် စစ်သည်တော်တွေလိုက်နာဆောင်ရွက်မှု ရှိမရှိနဲ့ပတ်သက်ပြီး ပြောပြပါဦးခင်ဗျ။

“အဓိကတပ်မတော်သားတွေက''ပြည်သူတွေအပေါ်မှာရေလိုလလိုကျင့်ရမယ်''ဆိုတဲ့ဟာက တပ်မတော်သားတွေကပြည်သူလူထုအပေါ်မှာအေးမြတဲ့သဘောပေးရမှာ ရှိတယ်။ သို့သော်လည်းပဲ နိုင်ငံတော်နဲ့ပတ်သက်လို့ ဖြစ်လာတဲ့ ''ရန်သူအပေါ်မှာတော့ နေလိုမီးလို ကျင့်ရမယ်''ဆိုတာတွေ ရှိတယ်။ ပြည်သူလူထုဟာ ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲ။ အမိအဖတွေက ကိုယ့်ရဲ့ ရန်သူမှ မဟုတ်ဘဲနဲ့ သေသေချာချာ အမြင်ကောင်းတွေ မြင်ပြီးတော့ သွားဖို့တော့ လိုတာပေါ့’'
''ဟိုအရင်တုန်းကစစ်သည်တော်ကျင့်ဝတ်၆ဝဆိုပြီးရေးထားတာရှိတယ်။ ရဲဘော်တယောက်ချင်း ကျင့်ရမယ့် ကျင့်ဝတ်၊ ရဲဘော် အချင်းချင်းအပေါ် ကျင့်ရမယ့် ကျင့်ဝတ်၊ ပြည်သူပြည်သားတွေအပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်၊ ရန်သူပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်ဆိုတာတွေ ရှိတယ်။ ဒါတွေက ၆ဝ ရှိခဲ့တာပဲ။ ဒီနောက်ပိုင်းကျတော့ကာ ဆိုရှယ်လစ်နိုင်ငံ တည်ထောင်မယ် ဆိုတော့ကာ တချို့အချက်အလက်တွေကို ဖြည့်ပြီးတော့ ရေးတာတွေလည်း ရှိတယ်။ တချို့နေရာတွေမှာလည်း ထပ်ဖြည့်တာတွေ ရှိတယ်။ ဆိုတော့ကာ စစ်သည်တော် ကျင့်ဝတ်က အရင်တုန်းက စစ်သည်တော် ၆ဝ မဟုတ်တော့ဘဲ တော်တော်များများ ဖြစ်ကုန်ကြမယ် ထင်ပါတယ်။ ဒီကြားထဲမှာလည်း ကြွေးကြော်သံတွေကလည်း အများကြီး ရှိတယ်။ အားမာန် ၁ဝ ချက်၊ ခွန်အား ၁ဝ ချက်တို့ ဘာတို့ဆိုတဲ့ ကြွေးကြော်သံတွေက တော်တော်ကို များတယ်။ နှစ်လည်း ကြာလာပြီဖြစ်တဲ့အတွက် တော်တော်များများ အသေးစိတ် မသိတော့ဘူး''
''အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဟာတွေကတော့ ပြည်သူတွေနဲ့ တသားတည်း၊ ပြည်သူတွေသည် အမိ၊ ပြည်သူတွေသည် အဖ ဖြစ်တဲ့အတွက် မိဘသဖွယ် ထားရတဲ့ ပြည်သူတွေအပေါ်မှာ သားကောင်းတယောက် စိတ်ဓာတ်မျိုးနဲ့ လုပ်ကိုင်ဖို့ဆိုတဲ့ အဓိကဟာကို ရေးထားတဲ့ ကိစ္စဖြစ်တယ်။ အခုဟာက အဲဒီလို မဟုတ်တော့ဘူး။ တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖဆိုတာတွေကို တချို့နေရာမှာ ကြားတယ်။ အပေါ်ကနေပြီးတော့ တပ်မှူးကြီးများက လုပ်ဆောင်ပေးနေတဲ့အတွက် စစ်သည်တော်များက အောက်မှာ စားရသောက်ရနေရ ဖွံ့ဖြိုးနိုင်ပြီးတော့ အပြင်က လူထုနဲ့ မတူဘဲနဲ့ ပိုပြီးတော့ စားရသောက်ရ ပြည့်စုံအောင် စားရသောက်ရ ဖြစ်တဲ့အတွက် အထက်အဆင့်ဆင့်သော ဗိုလ်ကြီးတွေအပေါ်မှာ အင်မတန် အားကိုးစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုသုံးစွဲလာတာတွေ ရှိလာတယ်။ အဲဒီ အတွေးအခေါ်တွေကတော့ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်။ ဒါက အရင်တုန်းက ထားရှိခဲ့တဲ့ သဘောသဘာဝတွေနဲ့ ပြောင်းပြန်ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်လာပါတယ်''

မေး။တပ်မတော်သားတွေအတွက်ရသင့်ရထိုက်၊ခံစားသင့်ခံစားထိုက်တဲ့အခွင့်အရေးတွေကို တပ်မတော်တွင်းမှာ ဘယ်လို ဆောင်ရွက်ပေးတာမျိုးတွေ ရှိခဲ့ပါသလဲ။

''တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းကောင်းအနေနဲ့ဝန်ထမ်းကောင်းအဖြစ် တာဝန်ထမ်းဆောင်ရမှာပေါ့။ ကျွမ်းကျင်တဲ့သူတွေက ကျွမ်းကျင်သလို၊ စစ်သည်တော်လည်း စစ်သည်တော်အလျောက်၊ ဝန်ထမ်းဆိုရင်လည်း ဝန်ထမ်းကောင်းအလျောက်ပေါ့။ တပ်မတော်သားတွေအနေနဲ့ ဝန်ထမ်းကောင်းပဲ။ သူလည်း ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးကို ဆောင့်ရွက်ရမှာပေါ့။ အလားတူပဲ ဟို .. ထိပ်ပိုင်းရောက်နေတဲ့ သူတွေကလည်း၊ နိုင်ငံတော် ကာကွယ်ရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ အတိုင်းအတာ ကြီးမားတဲ့အတွက် ကာကွယ်စောင့်ရှောက်မှာ ဖြစ်တာပဲ။ အဲဒီလို ကာကွယ်စောင့်ရှောက်တဲ့အတွက် သူကျွမ်းကျင်တဲ့ ကာယ၊ ဥာဏ၊ ဝီရိယအားအတွက် နိုင်ငံတော်ကရတဲ့ အခွန်အတုတ်တွေထဲက သူတို့အတွက် လုံလောက်တဲ့၊ နေနိုင်ထိုင်နိုင်တဲ့ အခြေအနေဖြစ်အောင် ထိုက်သင့်အားလျှော်စွာ နေနိုင်ထိုင်နိုင်အောင် နိုင်ငံတော်က ထောက်ပံ့ကူညီပေးဖို့ လိုတယ်။ စစ်သည်တော်တွေနဲ့ ပတ်သက်တဲ့ ဇနီးသားမယား မိသားစုလည်း သူတို့ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်တဲ့အတွက် ထိုက်သင့်အားလျော်စွာ ခံစားစံစားနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ဘဏ္ဍာငွေကနေ အချိုးကျ ပေးထားတာ ရှိတယ်။ စစ်မြေပြင်မှာ ထိမှု၊ ခိုက်မှု၊ ရှမှု အားလုံးကိုလည်း သူတို့ကို ထိုက်ထိုက်တန်တန် လုံးဝ ခံစားဖို့အတွက် ဆောင်ရွက်ပေးထားတာပဲ”
''ထိုက်သင့်အားလျော်စွာ သုံးဆောင်ပြီးရင် နောက်ဆုံး တပ်မတော်က အနားယူပြီး အပြင်ရောက်တဲ့ အခါမှာလည်း သူတို့ရဲ့ နေထိုင်စားရေး သောက်ရေး၊ ရှင်သန်ရေးအတွက်ကိုလည်းပဲ တိုင်းပြည်ကနေ ပြန်လည် ထောက်ပံ့နိုင်တဲ့ အစီအမံကောင်းတွေ ရှိထားတာပဲ။ အဲဒီ ရှိထားတဲ့ အတိုင်းအတာအလျောက်မှာပဲ ခံစားစံစား သွားတာက အမှန်ပဲ။ ဒီလိုမှ မဟုတ်ဘဲ၊ မိမိ ရသင့်ရထိုက်တာ မဟုတ်ဘဲ ပိုလျှံပြီးတော့ ကိုယ်ကျိုးအတွက်၊ တဦးတယောက်အတွက်၊ မိသားစုအတွက် ရှိသင့်ရှိထိုက်တဲ့ အထောက်အပံ့နဲ့ ပိုပြီးတော့ လောဘတက်ပြီး ယူဆောင်နေတာ ဖြစ်လာရင်တော့ အင်မတန်မှ မကောင်းတဲ့ အယူအဆ၊ အလေ့အထ၊ အကျင့်အကြံတခု ဖြစ်လာမယ်။ ဖြစ်လာတယ်ဆိုရင် တိုင်းပြည်ရဲ့ ဘဏ္ဍာတော်တွေ သုံးရစွဲရတဲ့အပိုင်းမှာ သူတို့ကို ပိုမိုပြီး အများအစားပေးပြီးတော့ လူမှုရေးဖြစ်တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ တခြားရရှိတဲ့ အခွင့်အရေးက နည်းပါးပြီးတော့ အထောက်အပံ့ နည်းလာမယ်။ အားအင်နည်းလာလို့ရှိရင် နောင်တပ်မတော်မှာ တာဝန်ထမ်းဆောင်ရမယ့် အင်အားကို ပြန်ဖြည့်ဖို့ အတိုင်းအတာကျရင် အားအင်ချိနဲ့တာ ဖြစ်လာမယ့် အတိုင်းအတာ ဖြစ်တယ်''
''အဲဒါကိုမြင်ပြီးတော့အရှည်ကိုစဉ်းစားတဲ့အနေနဲ့တပ်မတော်မှာဝင်လာပြီးရင်သူတို့အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကူညီထောက်ပံ့ပေးပြီး သူတို့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ စစ်ဘက်မှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း၊ နောက်ပြီး စစ်ဘက်မှာ အနားယူချိန်အတွင်း ဒါတွေကို ကောင်းကောင်းမွန်မွန် သတ်မှတ်ထားတဲ့ အတွင်းမှာသာလျှင် ဖြည့်ဆည်းအောင် ဆောင်ရွက်ကြဖို့ လိုတယ်။ သူတို့ အပြင်ရောက်တဲ့ အခါမှာလည်း နိုင်ငံတော်အတွင်းမှာရှိတဲ့ အစားအသောက်၊ ကုန်ပစ္စည်းဈေးနှုန်း စတဲ့ ဒါတွေကလည်းပဲ အားလုံး ညီမျှအောင် ဆောင်ရွက်ပေးမှု လုပ်ဆောင်မယ်ဆိုရင်တော့ ဒီပြဿနာတွေက ပြေလည်စရာတွေ ရှိတာပေါ့”

မေး။တပ်မတော်သားအတွင်းမှာအထက်အောက်ကွာဟမှုတွေများလာတဲ့အပေါ်ဘယ်လို မြင်ပါသလဲ။

''အတိုင်းအတာတခုထိခွဲခြားသတ်မှတ်ပေးထားတွေရှိတာပေါ့။ သို့သော်လည်းပဲ အရာရှိရယ်လို့ ဖြစ်လာရင် အပေါ်ပိုင်း၊ ထိပ်ပိုင်းကိုး။ အခု အခြေအနေကို ကြည့်ရတာက အခွင့်ထူးခံချင်တဲ့ အနေအထား ရှိလာတာတွေ များတယ်။ သို့သော်လည်းပဲ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှုနဲ့ တပ်မတော်သားတခုလုံး ညီညီညာညာ ဖြစ်ရမယ်ဆိုလို့ရှိရင်တော့ သူ့ဟာသူ ပေးထားတဲ့ အခွင့်အရေးကောင်းတွေ မျှမျှတတ အချိုးအစားနဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတဲ့ စစ်သည်တော်နဲ့ အထက်ဆုံးမှာ ရှိနေတဲ့ စစ်သည်တော်များ ရတဲ့ လစာနဲ့တကွ ရရှိမှု နှုန်းထားက သိပ်ပြီးတော့ ကွာခြားမှုမျိုး မဖြစ်သင့်ဘူးဆိုတာကိုတော့ အရင်တုန်းက အတွေးအခေါ် ရှိခဲ့ဖူးတာပေါ့။ အဲဒီလို ဖြစ်ဖို့တော့ ကြိုးစားဖို့ လိုတာပေါ့''

မေး။တပ်သားအဆင့်မှာရှိတဲ့မိသားစုတွေကရတဲ့လစာနဲ့မလောက်ငလို့ တခြားလုပ်ငန်းတွေ လုပ်နေရတယ်။ တပ်မတော်သား ဇနီးသည်တချို့ ခန္ဓာကိုယ်ရောင်းစားရတဲ့ အဖြစ်မျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အရာရှိတွေရဲ့ မိသားစုဝင်တွေကျ ချမ်းသာနေကြတယ်။ အဲဒီလို တပ်တွင်းမှာ ကွာခြားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ဘယ်လို ထိန်းသိမ်းကာကွယ်သင့်တယ်လို့ ထင်လဲခင်ဗျ။

''အခုဟာက ပြောဆိုသံတွေ ကြားလည်း ကြားနေရတယ်။ မြင်လည်း မြင်နေရတယ်။ တွေ့လည်း တွေ့နေရတယ်။ ကွာခြားတာတွေ ရှိနေတယ်။ အမှန်က ဘယ်လိုဖြစ်ရမလဲဆိုတော့ အပြင်မှာ ပင်စင်ယူသွားပြီးလို့ရှိရင်၊ အငြိမ်းစား ယူသွားပြီးလို့ရှိရင် သူတို့ဟာသူတို့ ထိုက်သင့်အားလျော်စွာ ရပ်တည်နိုင်အောင် ဆိုလို့ရှိရင် အပြင် စီးပွားရေး အနေအထားက ကောင်းဖို့လိုတယ်။ စီးပွားရေး အနေအထားက အားလုံး မျှမျှတတ စားနိုင်တဲ့ အနေအထား ဖြစ်ဖို့လိုတယ်။ အခုဟာက ဒီလိုမဟုတ်တော့ဘဲနဲ့ အပြင်မှာ စားရေးသောက်ရေးနဲ့ ပတ်သက်ပြီး အင်မတန် ကျပ်တည်းနေတဲ့ ဟာကို အကြောင်းပြုပြီးတော့ကာ အောက်ခြေ အောက်လက်မှာရှိတဲ့ ဝင်ငွေနဲ့ မလုံလောက်လို့၊ မညီမျှလို့၊ မမျှတလို့တွေ ရှိနေတယ်။ ဒါပေမဲ့ အစိုးရက လစာတွေကို တိုးပြီးပေးတာက ၄ နှစ် တခါလောက် လုပ်တယ်။ သို့သော် အဲဒီလို လုပ်ပင်လုပ်ငြားသော်လည်းပဲ မပြည့်မီဘူး''
''ဘာဖြစ်လို့လဲဆိုတော့အပြင်မှာကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့အစစအရာရာရော၊စီးပွားရေး အခြေအနေအရရော ပိုမိုကောင်းမွန်လာတဲ့ အခြေအနေအထားမှာ မရှိတဲ့အတွက်ကြောင့် ဒီလိုပြဿနာတွေက တောက်လျောက် ဖြစ်နေမှာပဲ။ အထက်ပိုင်းရောက်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီဟာကိုကြည့်ပြီးတော့-တို့ အပြင်ကို ရောက်ခဲ့လို့ရှိရင် တို့ လက်ရှိနေရတဲ့ အခြေအနေကနေ ပိုမိုဆုတ်ယုတ်ပြီး နေရမလားဆိုပြီး၊ အကုန်လုံးကိုတော့ မဆိုလိုဘူး၊ တချို့ပုဂ္ဂိုလ်တွေက လုံးပမ်းရင်းနဲ့ ချမ်းသာတဲ့အပိုင်းက သိပ်ပြီး ချမ်းသာ၊ မချမ်းသာတဲ့ အပိုင်းက မချမ်းသာ၊ သိပ်ပြီး ဒုက္ခရောက်တဲ့ အပိုင်းက ဒုက္ခရောက်၊ အဲဒီလိုပဲ မညီမညာ ဖြစ်ကုန်တဲ့အပိုင်း ဖြစ်တယ်။ အပြင်မှာ စီးပွားရေးကိစ္စနဲ့ ပတ်သက်တဲ့ အရာအားလုံး၊ စစ်သည်တော်တွေ ရရှိမယ့် အခွင့်အရေးတွေ အားလုံး၊ တတ်နိုင်သမျှ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမယ်ဆိုရင် ဒီကွာဟမှုက တဖြည်းဖြည်း အခြေအနေကောင်းကို ဦးတည်သွားလိမ့်မယ်လို့တော့ ထင်တာပေါ့။ ဒါပေမဲ့ ဒီပုံစံအတိုင်းက ဒီလမ်းကို မမြင်သေးဘူးဆိုတဲ့ သဘောရှိတယ်''

မေး။တပ်မှူးဟောင်းတယောက်အနေနဲ့တပ်မတော်သားတွေနဲ့ပြည်သူတွေကိုဘယ်လို ပြောပြချင်တာတွေ ရှိပါသလဲ။

''စစ်မှူးထမ်းလုပ်တယ်ဆိုတာ အင်မတန်ကို တိုင်းပြည်အတွက်၊ တိုင်းသူပြည်သားတွေအတွက် အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ မူတွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာ ဖြစ်တယ်။ မွန်မြတ်တဲ့ အလုပ်လုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ မွန်မြတ်တဲ့ အလုပ်လုပ်တာပဲ ကောင်းတယ်။ ဒီလိုမျိုး မဟုတ်ဘဲနဲ့၊ စစ်သည်တော်များ လုပ်ရမယ့် အပိုင်းတွေမှာ ဒီလိုအခြေအနေမျိုး မဟုတ်ဘဲနဲ့ ကျန်တဲ့ တခြားကိစ္စအဝဝတွေမှာ စိတ်ပါဝင်စားမှု ရှိလို့ရှိရင် မူလ ရည်ရွယ်ချက်တွေကတော့ အထမြောက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာမျိုး ဖြစ်လာတာပေါ့။ အဲဒါကြောင့် စစ်သည်လုပ်ငန်းကို မိမိကြိုက်နှစ်သက်လို့ လုပ်တာဖြစ်တဲ့အတွက်၊ ကြိုက်နှစ်သက်တဲ့ လုပ်ငန်းအောင်မြင်အောင် သီးခြားဝန်ထမ်းကောင်းဖြစ်ဖို့၊ လုပ်ဖို့တော့ လိုတာပေါ့။ အဲဒီလို မဟုတ်ဘဲနဲ့ လာတယ်ဆိုကတည်းက ရည်ရွယ်ချက်ကိုက မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတယ်ဆိုရင် မကောင်းဘူး''
''ဒီဝန်ထမ်းလုပ်ငန်းဟာ တခြားတခြားသော အဖွဲ့အစည်းတွေနဲ့ မတူဘဲနဲ့ ထူးခြားတဲ့ အဖွဲ့အစည်းဖြစ်လို့ ထူးခြားတဲ့ အခွင့်အရေးတွေ ရှိငြားသော်လည်းပဲ ကိုယ်ရသင့်ရထိုက်တဲ့ အတိုင်းအတာ ရပြီးတော့၊ အနစ်နာခံပြီးတော့ လုပ်ဆောင်သင့်တယ်။ တပ်ထဲမှာ ဝင်ကတည်းက ဆင်းရဲမယ်၊ အနစ်နာခံမယ်၊ ဒါတွေက နဂိုမူလအရ လုပ်ငန်းသဘောသဘာဝ ပါလာပြီးသားဖြစ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီး အနစ်နာခံမယ်၊ ကိုယ်ကျိုးစွန့်မယ်ဆိုတဲ့ စသဖြင့် ဟာတွေက ပြန်လည်ပြီး ရှိလာဖို့အတွက် လုပ်ကိုင်သွားကြဖို့ လိုတယ်။ အဲဒီကျမှာသာလျှင် တဖြည်းဖြည်း အားကိုးရာ ဖြစ်မယ်။ အခုကြည့်ရတာက လူအင်အားတွေ သိပ်ပြီး တိုးပြုနေတာထက် အရည်အချင်း အင်အား ထပ်တိုးဖို့လိုတဲ့ သဘောသဘာဝတော့ ရှိတယ်''



Geen opmerkingen: