မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 29 maart 2010

ဦးရဲကို

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၂ မိနစ် .

ဦးရဲကို

(ဗဟိုဦးဆောင် အဖွဲ့ဝင်၊ ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
အမည် ဦးရဲကို
ရာထူး ဗဟိုဦးဆောင် ၅ ဦး အဖွဲ့ဝင်
အဖွဲ့အမည် ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
မွေးသက္ကရာဇ် ၂၃. ၇. ၁၉၄၉
မိဘများအမည် ဦးအေးမောင်၊ ဒေါ်အေး
မွေးချင်း မောင်နှမ ၄ ဦးအနက် အကြီးဆုံး
ဇနီးအမည် ဒေါ်ဋ္ဌေးဋ္ဌေး
သားသမီး ၂ ဦး (သားတဦး၊ သမီးတဦး)
လက်ရှိလိပ်စာ အမှတ် ၈/ဗ၊ ၂ ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်း
ပညာအရည်အချင်း ၁၉၆၅ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်း အထကမှ ၁ဝ တန်းအောင်မြင်ခဲ့။ ပထဝီ (ဒုတိယနှစ်)၊ အဝေးသင်။ မန္တလေး တက္ကသိုလ် (၁၉၇၆ - ၇၇)
လက်ရှိ အလုပ်အကိုင် နိုင်ငံရေးသမား။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရဲအုပ်အဖြစ် ၁၉၇ဝ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအုံကြွမှုတွင် ပါဝင်သဖြင့် အငြိမ်းစားပေးခံခဲ့ရ။

နိုင်ငံရေးလောကသို့

ရောက်ရှိလာပုံ၁၉၈၉ခုနှစ်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဝင်ရောက်ခဲ့။မန္တလေးတိုင်း အနောက်တောင်နယ်မြေ နာယက (၁၉၈၉ - ၂ဝဝ၁)။ တိုင်းလူမှုအထောက်အကူပြု အဖွဲ့ဝင် (၁၉၈၉-၂ဝဝ၁)။ ၂ဝဝ၁ ခုနှစ်တွင် အဖွဲ့ချုပ်၏ လုပ်ငန်းစဉ်များကို နှစ်သက်ခြင်း မရှိဟုဆိုကာ နုတ်ထွက်ခဲ့။

ဝင်ရောက်ယှဉ်ပြိုင်မည့်

နယ်မြေ မန္တလေးတိုင်း

ပါတီဝင်အင်အား ဦးရေ ၁၅ဝဝဝ နှင့် ၂ဝဝဝဝ ကြား

ပါတီအတွက် ပြင်ဆင်ထားသည့် လက်ရှိအခြေအနေ

''ပါတီအတွက် ဗဟိုအလုပ်အမှုဆောင်ကို အများသဘောတူ ၁၅ ယောက် ရွေးရမယ်။ ပထမ ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် ရွေးရမယ့် လုပ်ငန်းတွေ၊ ပါတီရန်ပုံငွေ ကောက်ခံရမယ့် အပိုင်းတွေ လုပ်ဖို့ ကျန်ပါသေးတယ်။ အဲဒါအတွက် စည်းဝေးလုပ်ဖို့ ပြင်နေတယ်။ သင်္ကြန်မတိုင်ခင်လောက် ပါတီမှတ်ပုံတင်ဖြစ်မယ် ထင်ပါတယ်''

ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်း

“လူတွေကဒီမိုကရေစီလိုချင်တယ်လို့လည်းပြောတယ်၊စစ်အုပ်ချုပ်ရေးအလိုမရှိလို့လည်းပြောတယ်။ဒါပေမဲ့ စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်အောင်ရွေးကောက်ပွဲကိုသပိတ်မှောက်ရင်ပေရှည်ကုန်မှာပေါ့။ဘာပဲပြောပြော လက်ရှိတပ်မတော်ဟာအမျိုးသားနိုင်ငံရေးမှာအင်အားစုတရပ်အနေနဲ့ကျနော်တို့လက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း တိုင်းပြည်ကောင်းရာကောင်းကျိုး လုပ်နေတဲ့ လူတွေ။ နိုင်ငံရေးသမားတွေကလည်း တိုင်းပြည်ကောင်းကျိုးကို ရှေးရှုနေတဲ့ လူတွေ။ အဲဒါကို အချိုးညီညီ ပေါင်းစပ်ရင်တော့ တိုင်းပြည်တိုးတက်မယ်လို့ ယုံကြည်တဲ့အတွက် ရွေးကောက်ပွဲကိုဝင်ဖို့ စဉ်းစားတာပါ”

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ်အမြင်

“အခုချိန်မှာအယူအဆတွေကတော့အမျိုးမျိုးရှိကြမှာပေါ့လေ။နဂိုကတည်းကကျနော်တို့က ပြတ်သားပြီးသားပါ။ အမျိုးသားညီလာခံကိုလည်း ကျနော်တို့က ထောက်ခံခဲ့တယ်လေ။ မြန်မြန်အကောင်အထည် ဖော်လေ၊ တိုင်းပြည်အကျိုးရှိလေလို့ မြင်ပါတယ်။ ကိုယ်တို့ အရွေးခံရ၊ မခံရတာထက် စစ်မှန်တဲ့ အရည်အချင်း ပြည့်ဝတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာ ရောက်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးရှိမယ့် ဥပဒေတွေ ရေးဆွဲနိုင်ပြီးတော့ ကောင်းတဲ့လုပ်ငန်းတွေ လုပ်မယ်ဆိုရင် တိုင်းပြည်တိုးတက်မယ်လို့ ယုံကြည်ပါတယ်”

ရွေးကောက်ပွဲအပြီး စစ်တပ်က အာဏာလွှဲ၊ မလွှဲအပေါ် အမြင်သဘောထား

“အာဏာလွှဲပေးချင်လို့၊ညင်သာပျော့ပြောင်းတဲ့နည်းနဲ့ပြည်သူ့လက်ထဲကိုထည့်ပေးချင်လို့ ရွေးကောက်ပွဲလုပ်တယ်လို့ မြင်တယ်။ တကယ်လို့ သူတို့လွှဲမပေးချင်ဘူး။ ဆက်အုပ်ချုပ်မယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရကို ယှဉ်ပြီးတော့ အတိုက်အခံလုပ်လို့ ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူးဆိုတာလည်း ဒီကနေ့ နှစ် ၂ဝ နိုင်ငံရေးကာလက သက်သေပြခဲ့ပါပြီ။ နောက်တခါ မြန်မာ့နိုင်ငံရေးမှာလည်း ၁၉၄၈ ခုနှစ် ကတည်းက ဒီနေ့အထိ လက်နက်နိုင်ကိုင်လမ်းစဉ်နဲ့ တိုက်ပွဲဝင်တဲ့လူတွေလည်းပဲ ဒီနေ့အထိ ကျနော်တို့က အစိုးရကို ဖားပြောတာ မဟုတ်ပါဘူး။ အင်အားစုတွေသာ ပြုန်းတီးကုန်တယ်။ တပ်မတော်ရဲ့ ရပ်တည်ချက်က ခိုင်မာသထက် ခိုင်မာလာတာကို တွေ့ရပါတယ်။ အဲတော့ ကျနော်တို့က အမျိုးသားနိုင်ငံရေး အင်အားစု တရပ်အနေနဲ့ လက်ခံပြီးတော့ အချိုးကျကျ တယောက်နဲ့ တယောက် ပေါင်းစပ်မယ်ဆိုရင် နားလည်မှုကိုယ်စီ ရှိလာပြီးတော့ တိုင်းပြည်တိုးတက်မယ်လို့ ယုံကြည်ပါတယ်”

စစ်အစိုးရဖော်ဆောင်နေသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအပေါ် သဘောထား

“အများကြီးထောက်ခံတယ်၊ရာနှုန်းပြည့်ထောက်ခံတယ်။ယဉ်ကျေးမှုတွေထွန်းကားတဲ့မန္တလေး ရွှေမြို့တော်ကြီးမှာကျနော်နေပါတယ်။ဒါပေမဲ့အရပ်ထဲမှာဘာပွဲပဲလုပ်လုပ်ဘုန်းကြီး၊ပြည်သူ့စစ်၊မီးသတ်တွေ ထိန်းရပါတယ်။ အထိန်းအကွပ်မပါဘဲ မရဘူးဗျ။ မြန်မာလူမျိုးကလည်း ထို့အတူပဲ ဒီမိုကရေစီဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသလို လမ်းပေါ်တက် ဆေးရိုးလှမ်းချင်တဲ့ အကျင့်စရိုက်တွေက မဖြတ်နိုင်ကြဘူး။ စည်းနဲ့ကမ်းနဲ့ ဒီမိုကရေစီကို ထိန်းကွပ်ပေးမှသာ လိုချင်ရာကို တည့်တည့်မတ်မတ် ရောက်မယ်လို့ ကျနော် ယုံကြည်လို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကို ထောက်ခံတာပါ။ အနီးစပ်ဆုံး ဥပမာပေးရရင် အိမ်နီးချင်း နိုင်ငံတခုမှာ အနီဝတ်က ဆန္ဒပြလိုက်၊ အဝါဝတ်က ဆန္ဒပြလိုက်နဲ့ တိုင်းပြည်တည်ငြိမ်မှုကို ဘယ်လောက် ထိပါးစေသလဲ။ တိုးတက်မှုကို ဘယ်လောက် ထိခိုက်စေသလဲ။ ဖဆပလ ခေတ်တလျှောက်လုံးမှာ ဝန်ကြီးချုပ်အိမ်ကို သူတောင်းစားက တက်ဝိုင်းတာတို့၊ ဝိုင်းဆန္ဒပြတာတို့ ဒီလိုဒီမိုကရေစီကို လွှတ်ပေးခဲ့လို့ ဒီမိုကရေစီ အဟောသိကံ ဖြစ်ခဲ့တာတွေကို အမှတ်ရမယ် ထင်ပါတယ်။ ဒီလို အနိဋ္ဌာရုံတွေကို သဘောပေါက်ရင် မြန်မာပြည်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဘာကြောင့်လိုအပ်တယ် ဆိုတာကို သဘောပေါက်ပြီးသား ဖြစ်ပါလိမ်မယ်”

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

“ကျနော်တို့လည်းအန်အယ်ဒီနဲ့အတူရွေးကောက်ပွဲကြီးနိုင်အောင်လုပ်ပြီးတော့အရေးအခင်းကနေ ဒီမိုကရေစီ လိုချင်လို့၊ တပါတီစနစ်ကို မလိုချင်လို့ မိမိရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခံပြီး ပါခဲ့တဲ့လူတွေ ဖြစ်ပါတယ်။ မြန်မာပြည်သမိုင်းမှာ ခေတ်အဆက်ဆက် ကတိမတည်ခဲ့ပါဘူး။ ၈၈ သြဂုတ်လ ၂ဝ ရက် နောက်ပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်က ရွှေတိဂုံဘုရားခြေရင်းမှာ ဟောပြောပွဲလုပ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြန်မာ့နိုင်ငံရေးမှာ သူမပါပါဘူး၊ တပ်မတော်နဲ့ ပြည်သူကြားမှာ သူက ဖျန်ဖြေရေးသမားပဲ လုပ်မှာလို့ တိတိလင်းလင်း သူကြေညာခဲ့တာပဲ။ အဲဒီနောက်ပိုင်းကျတော့မှ စိတ်တွေပြောင်းပြီး နိုင်ငံရေးထဲမှာ သူဝင်ပါလို့ ဒီနေ့ဇာတ်လမ်းတွေက ဒီလောက်ရှည်နေတာပေါ့။ နအဖကို ကတိမတည်ဘူးလို့ ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် စကတိမတည်တာပဲ။ မြန်မာပြည်မှာလည်း ရွေးကောက်ပွဲနိုင်တယ် ဆိုပြီးတော့ အာဏာလွှဲလိုက်ရင် ၉ဝ ခုနှစ်က လွှဲလိုက်ရင် ဒီနေ့ တိုင်းပြည်အခြေအနေက ကျွမ်းထိုးမှောက်ခုန် ဖြစ်ကုန်ပြီ။ အဲတော့ ကျနော်ဆိုလိုတာက ကျနော်တို့ အန်အယ်ဒီအပါအဝင် ထိုစဉ်က အင်အားစုတွေထဲမှာ တူညီတဲ့ဝါဒ၊ သဘောတရား ဘာတခုမှ မရှိဘူး။ အစိုးရကို မုန်းတာနဲ့ သူပါကိုယ်ပါ အရေးအခင်းထဲ ဝင်ပါလာတဲ့ လူတွေဆိုတော့ ဘယ်လိုမှ ညီညွတ်မှု မရနိုင်ဘူး။ အဲတော့ ဒီလိုလူတွေ အုပ်ချုပ်ရင် တိုင်းပြည်က ညစ်သထက် ညစ်ကုန်မယ်။ ဒါကြောင့် နာမည်ပျက်ခံပြီး တတ်မတော်က မလွှဲဘူးလို့ မြင်တယ်”

အာဏာရလာခဲ့ပါက ပြည်သူ့အတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

''ဒီကနေ့ကျနော်တို့တိုင်းပြည်မှာအမျိုးသားရေးကိစ္စတွေ အများကြီး ရှိပါတယ်။ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ၊ ဒါတွေကို စနစ်တကျ အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို လွှတ်တော်ထဲမှာ ဆွဲဖို့တွေ ဒါတွေအများကြီး ကျန်တာပေါ့ဗျာ။ ဒီနေ့ စတိုးဆိုင်မှာ လုပ်နေတဲ့ ကောင်မလေးတွေ မနက် ၇ နာရီကနေ ညနေ ၉ နာရီ အလုပ်လုပ်နေကြရတယ်။ သူတို့ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ကျနော်တို့ ရေးဆွဲရမှာပေါ့။ မြင်သာတာတွေကတော့ လမ်းတွေ၊ တံတားတွေအစရှိတဲ့ အခြေခံ အဆောက်အဦးတွေ တိုးတက်သလိုပဲ ကျန်တဲ့ ဥပဒေအပိုင်းတွေ၊ ယဉ်ကျေးမှုအပိုင်းတွေ ဒါတွေကို ကျနော်တို့ အမျိုးသားနိုင်ငံရေး အင်အားစုတွေက တပ်မတော်နဲ့ ပေါင်းပြီးတော့ ဆက်ပြီးတော့ တည်ဆောက်ကြရဦးမှာပေါ့ဗျာ”

မီဒီယာ လွတ်လပ်ခွင့် မရသေးသည့်အပေါ် အမြင်သဘောထား

“မေးတာကသိပ်ကိုကျယ်ဝန်းနေပါတယ်။ကျနော်တို့ကလည်းဒီနေ့နိုင်ငံတော်နဲ့ယုံကြည်မှု တည်ဆောက်ပြီးတော့ တယောက်နဲ့ တယောက် အပြုသဘော ပူးပေါင်းဖို့လုပ်နေတဲ့ ကာလမှာ ဒါတွေကို ပြောဖို့ စောပါသေးတယ်။ မဝေဖန်လိုပါဘူးဗျာ။ နားလည်ပေးပါ”

ဖြည့်စွက်ပြောကြားချက်

“ကျနော်တို့ဝံသာနုNLDအပါအဝင် ဒီမှာရှိတဲ့ အမျိုးသားနိုင်ငံရေး အင်အားစုတွေဟာ ခင်ဗျားတို့ ထင်သလို တဖက်သတ် အစိုးရကိုချည်းပဲ မျက်စိမှိတ်ထောက်ခံတာ မဟုတ်ဘဲနဲ့ မိမိရဲ့ ဖြတ်သန်းလာတဲ့ အရင်းအနှီး၊ အတွေ့အကြုံတွေအပေါ်အခြေခံပြီးလုပ်သင့်လုပ်ထိုက်လို့လုပ်နေတယ်ဆိုတာလေးကိုနားလည်ပေးဖို့ မှာချင်ပါတယ်”

Geen opmerkingen: