မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 juli 2010

ဝန်ကြီးများ ရွေးကောက်ခံ နယ်မြေ သတ်မှတ်ပြီးစီး

ခင်ဦးသာ Friday, July 30, 2010
.စစ်အစိုးရ အဖွဲ့တွင် လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးများသည် ရန်ကုန်တိုင်း အပါအ၀င် နယ်မြို့ တချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် USDPပါတီ မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံသွားမည် ဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာတော့ ဘယ်ဝန်ကြီးက ဘယ်မြို့နယ်အမတ် ဆိုတာ အားလုံး သတ်မှတ်ပြီးပါပြီ၊ ဒါပေမယ့် တရားဝင်တော့ စာထုတ် ပြန်တာ မရှိသေးပါဘူး၊ ရွေးကောက်ပွဲရက်နီးမှ တရားဝင် စာထုတ်နိုင်တယ်”ဟု ရန်ကုန်မြို့တော်ဝန်နှင့် နီးစပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)စည်းရုံးရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
သက်ဆိုင်ရာ နယ်မြေဒေသမှ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရန် USDPက သတ်မှတ်ပေးထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆို သည်။
ရန်ကုန်တိုင်းအတွင်း၌ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် က မင်္ဂလာတောင်ညွန့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ က ကွမ်းခြံကုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင် သိမ်း က ကော့မှူး စသည့် မြို့နယ်များတွင် USDP ကိုယ်စားလှယ်များအနေဖြင့် ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရ သည်။
ရန်ကုန် မြို့မှ သတင်းထောက် တဦးက“ရန်ကုန်မှာတော့ မြို့တော်ဝန်ရယ် ၊ ပညာရေး ဒု ၀န်ကြီးရယ် ၊ သက်ဆိုင်ရာ မြို့နယ် ကြံ့ဖွံ့ဝင်တွေ ၊ အာဏာပိုင် အဖွဲ့တွေကပဲ နည်းလမ်းပေါင်းစုံနဲ့ စည်းရုံးနေတာ တွေ့တယ် ၊ ဒါတွေ အားလုံးက ကြံ့ဖွံ့ပါတီဝင်တွေ ပဲလေ၊ တခြား ဘယ်ပါတီတွေ ရှိမှန်းတောင် လူတွေ သိပ်မသိကြသေးဘူး ၊ မဲပေးရင် ဘယ်ပါတီကို ပေးရကောင်းမှန်းလဲ မသိကြ သေးဘူး”ဟု ပြောသည်။
ထို့အပြင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း က မကွေးတိုင်း တောင်သာမြို့နယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်၊ သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင်ငံ က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ဟောင်း ဦးဘုန်းဆွေ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်၊ ကျန်းမာရေး ဒု ၀န်ကြီး ဒေါက်တာမြဦး က ပဲခူးတိုင်း ပေါင်းတည် မြို့နယ် စသည့် ဒေသများတွင် လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဟု ဧရာဝတီမှ စုံစမ်း သိရှိရသည်။
အဆိုပါဝန်ကြီးများအနက် ၀န်ကြီးတချို့မှာ မြို့နယ် အပြောင်းအလဲဖြစ်နိုင်သေးကြောင်းလည်း USDP ပါတီဝင်တဦးက ပြော သည်။
ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးသိန်းဆွေသည်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ ၀င်ရောက် အရွေးခံမည် ဟု ဒေသခံ တချို့က ပြောဆိုနေကြသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။
ပါတီဝင်အဖြစ် အသိအမှတ်ပြု ခံထားရသူသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု နအဖ စစ်အစိုးရ ဦးဆောင်ရေးဆွဲ အတည်ပြုထား သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသော်လည်း ပါတီဝင် ၀န်ကြီးများ အားလုံးသည် နိုင်ငံဝန်ထမ်း ၀န်ကြီး များ ဖြစ်ပြီး ၀န်ထမ်းလစာများကိုယူနေကြကြောင်း၊ ထို လုပ်ဆောင်ချက်မှာ ၄င်းတို့ ရေးဆွဲထားသည့် ဥပဒေကို ကိုယ်တိုင် အသိ အမှတ် မပြုရာရောက်ကြောင်း ရှေ့နေကြီး တဦးကပြောကြားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ( USDA) ၏ အမွေခံဖြစ်သော USDP ပါတီဝင် အင်အားမှာ ၈ သန်းကျော် ရှိကြောင်း USDP ပါတီ အကြီးအကဲ တဦးက ပြောဆိုထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ယနေ့အချိန်အထိပါတီဝင်အင်အားတင်ပြသည်ကို မတွေ့ရှိရသေးပေ။
USDA အသင်းကို ၁၉၉၃ ခုနှစ်တွင် လူမှုရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက် ဟု ဆိုခဲ့သော်လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေးမူဝါဒများကို အကောင်အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။
တနိုင်ငံလုံးရှိ USDAအသင်းဝင်ဦးရေမှာ ၂၄ သန်းကျော်ရှိကြောင်း စစ်အစိုးရသတင်းများတွင် ဖော်ပြခဲ့သည်။
USDP ကို လွန်ခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီး၊ အရာ ရှိကြီး၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သို့ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။
USDPသည်ရွေးကောက်ပွဲကော်မရှင်သို့ပါတီဝင်အင်အားတင်ပြသည်ကိုယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
USDA အား ဇူလိုင် ၆ ရက်မှစ၍ တဆင့်ချင်း ဖျက်သိမ်း၍ အသင်း၏ ပိုင်ဆိုင်မှုများကို USDP ပါတီသို့ တရားဝင် လွှဲပြောင်း ပေး သွားမည်ဟု USDA ပြောရေးဆိုခွင့်ရှိသူက ယခုလအတွင်း သတင်းမီဒီယာ များသို့ ထုတ်ဖေါ် ပြောဆိုထားသည်။
ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်း ၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုနေသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ဖော် ပြောဆို ခြင်း မရှိသေးပေ။

Geen opmerkingen: