မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 23 juli 2010

မန္တလေးမှဗုဒ္ဓဂါယာသို့တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမည်

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၀၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူရာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့မှ တိုက်ရိုက် ပျံသန်းမည့် လေကြောင်းလိုင်းတခု မကြာခင် စတင်တော့မည် ဖြစ်သည်။
မဟာတိုးဘုရားဖူးအဖွဲ့နှင့်AirBaganလေကြောင်းလိုင်းတို့ပူးတွဲစီစဉ်သည့်မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်ခရီးစဉ်ကိုလာမည့်အောက်တိုဘာလ၆ရက်နေ့မှစတင်၍ဘုရားဖူးရာသီဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအတွင်း နှစ်စဉ် ပြေးဆွဲသွားမည်ဖြစ်သည်။
                                               ဗုဒ္ဓဂါယာမှ မဟာဗောဓိစေတီ
“အထက်မြန်မာပြည်မှာပထမဆုံးပါ။ရန်ကုန်မှာတော့အများကြီးရှိတယ်။မဟာတိုးနဲ့AirBagan ပူးပေါင်းလုပ်တာပါ။ မန္တလေးကနေ တိုက်ရိုက်ပျံသန်းမှာပါ။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လည်း ရပြီးသားပါ”ဟု ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ မဟာတိုး ဘုရားဖူးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက မဇ္ဈိမကို ပြောသည်။
“အထက်မြန်မာပြည်က လူတွေ သွားရလာရ အဆင်ပြေအောင် စီစဉ်တာပါ။၊ သူတို့က ရန်ကုန်ကို ဆင်းလာတော့ အများကြီး အခက်အခဲ ရှိတယ်။ ဘုရားဖူးသူတွေ သက်သာအောင်၊ ကုန်ကျစရိတ်နည်းဖို့ အဓိကထား လုပ်တာပါ။ ခရီးစဉ်ရဲ့ သွားအပြန်၊ စားစရိတ် စတဲ့ ကုန်ကျစရိတ်တွေကို တာဝန်ယူတယ်” ဟု မဟာတိုး ဘုရားဖူးအဖွဲ့မှ မန်နေဂျာ ဦးခင်စိုးက မဇ္ဈိမကို ပြောသည်။
ခရီးသည် ဦးရေ၁ဝဝဝင်ဆန့်သည့် AirBagan လေကြောင်းလိုင်းပိုင်Forker100လေယာဉ်ဖြင့်၁၄ ရက်ခရီးစဉ်အဖြစ် ပျံသန်းမည်ဖြစ်ကာ ဝန်ဆောင်မှုမှာ ကျပ် ၉ သိန်းခွဲခန့် ဖြစ်သည်။
ဗုဒ္ဓဂါယာဘုရားဖူး သွားရောက်လေ့ရှိသူ မန္တလေးမြို့ခံ ဦးမောင်ခိုင်က “သူတို့ လုပ်ဆောင်မှုက တအားကောင်းတယ်။ အရင်နှစ်ကဆို ရန်ကုန်သွားရတယ်။ အခုတော့ ကိုယ့်မြို့မှာရှိတော့ ပိုအဆင်ပြေတာပေါ့။ အစစအရာရာ ကုန်ကျစရိတ် သက်သာမယ်။ ဒီလုပ်ဆောင်မှုက ရှိသင့်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဤခရီးစဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိAirBagan လေကြောင်းလိုင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျတဦးက အောက်တိုဘာလတွင် စတင်ပြေးမည်ဟု ပြောဆိုသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။
သူက “မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်ပြေးဆွဲမယ်ဆိုတာ ဟုတ်ပါတယ်။ အောက်တိုဘာလမှာ စမှာပါ။ အသေးစိတ်တော့ ပြောပြလို့ မရဘူး။ ပြောရေးဆိုခွင့်ရှိသူတွေက မရှိဘူး” ဟု ပြောသည်။
ခရီးစဉ်တွင် ဗုဒ္ဓသံဝေဇနိယ ၄ ဌာနဖြစ်သည့် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ၊ တရားဦးဟောရာ ဗာရာဏသီ (သရန)၊ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံနှင့် နီပေါနိုင်ငံရှိ ဖွားတော်မူရာ လုံမ္ဗနီဒေသအပြင် သင်္ကဿနဂိုရ်၊ တာ့ခ်ျမဟာနှင့် မြို့တော် နယူးဒေလီသို့ပါ ပို့ဆောင်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပြည်ပဘုရားဖူး ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်း ၂ဝ ခန့်ရှိရာ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူနှင့် မလေးရှား နိုင်ငံများသို့ ပို့ဆောင်ပေးနေသည်။ ၈ ရက်မှ ၁၂ ရက်ကြာ ခရီးစဉ်များအတွက် ကျပ် ၈ သိန်းနှင့် ၁၄ ရက် ခရီးစဉ်အတွက် ကျပ် ၉ သိန်းခွဲ ကုန်ကျသည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)



Geen opmerkingen: