မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 juli 2010

အိန္ဒိယ-မြန်မာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်မည်

ဇာနည်မာန် Wednesday, July 28, 2010
.လူ့အခွင့် အရေးနှင့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ဗိုလ်ချုပ်မှူးကြီး၏ အိန္ဒိယ ခရီးစဉ်ကို ဝေဖန် ကန့်ကွက် နေစဉ် အိန္ဒိယ သမ္မတ ပရာတီဘာ ပတေးလ် က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးသည် တမူထူးခြားသော ဆက်ဆံရေးဖြစ် ကြောင်း ပြောဆိုလိုက်သည်။
အိန္ဒိယမြို့တော် နယူးဒေလီသို့ ဇူလိုင်လ ၂၆ ရက်နေ့က ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အဖွဲ့ကို ယမန်နေ့ နံနက်က သမ္မတ အိမ်တော်၌ ကြိုဆိုဧည့်ခံသည့် အခမ်းအနားတွင် သမ္မတက မိမိတို့ နှစ်နိုင်ငံသည် လူမှုရေး၊ ဘာသာရေး နှင့် ပထ၀ီအနေအထား၊ သမိုင်းကြောင်းများအရ များစွာဆက်စပ်မှုများရှိခဲ့ပြီး လက်ရှိအခြေအနေတွင်လည်း သဘောတူညီ မှု စာချွန်လွှာများအရ ပြည်သူများအချင်းချင်း နီးစပ်မှုများ ပိုမိုတိုးမြင့်စေမည်ဟု ပြောဆိုသွားသည်။
မြန်မာနိုင်ငံနှင့် ရင်းနှီးစွာ ဆက်ဆံခြင်းသည် အိန္ဒိယနိုင်ငံအတွက် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးတွင် ပေါင်းကူးဖြစ် ကြောင်းလည်း သမ္မတ က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်ဟု အိန္ဒိယ သတင်းဌာနများက ဖော်ပြသည်။
အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းနှင့် ယမန်နေ့ ညနေခင်းက တွေ့ဆုံဆွေးနွေးမှု အပြီးတွင်လည်း နှစ်နိုင်ငံ ဆက်စပ်နေ သည့် ရာဇ၀တ်မှုများကို ကူညီပူးပေါင်းချေမှုန်းရန်နှင့် သိပ္ပံနှင့် နည်းပညာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယအစိုးရက မြန်မာနိုင်ငံရှိ အခြေခံတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ကူညီရန်၊ သတင်း အချက်အလက်များ ဖလှယ်ရန်၊ ပုဂံရှိ အာနန္ဒာဘုရားအား ပြုပြင်ထိန်းသိမ်းမှုအတွက် လိုအပ်သည်များ ကူညီရန် သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။
မြန်မာစစ်အစိုးရဘက်မှလည်း အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို မြန်မာ့မြေပေါ်တွင် လက်ခံထားမည် မဟုတ်ကြောင်း အာမခံ ပြောဆိုခဲ့ပြီး စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပေါ် ပြန်လှန် သုံးသပ်မှုများပြုခဲ့သည်။
အိန္ဒိယအစိုးရက ညကြည့်မှန်ပြောင်းတပ် ရိုင်ဖယ်သေနတ်များ၊ စစ်သုံးယာဉ်များ၊ မြန်နှုန်းမြင့် ကမ်းရိုးတန်း ကင်းလှည့် မော်တော်များ ပံ့ပိုးရန် သဘောတူညီမှုများလည်း ရှိကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။
ခရီးစဉ်တွင် လိုက်ပါလာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနတို့မှ ၀န်ကြီးများနှင့် အဆင့်မြင့်အရာရှိများကလည်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နည်းပညာများအတွက် ငွေကြေးဆိုင်ရာ နားလည်မှု စာချွန်လွှာများကိုလည်း ချုပ်ဆိုခဲ့ကြသည်။
အိန္ဒိယရှိ EXIM ဘဏ်နှင့် မြန်မာနိုင်ငံမှ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် တို့က မြန်မာ-အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ် နှင့် ဆက်သွယ်သည့် လမ်းဖောက်လုပ်ရန်နှင့် ရထားလမ်းများ ပြုပြင်ဖောက်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ သန်း ၆၀ ချေးငှားရန် သဘောတူ စာချွန်လွှာရေးထိုးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထား သည်။
ထို့အပြင် စိုက်ပျိုးရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကို အိန္ဒိယ အစိုးရမှ ချေးငွေထုတ်ပေးမည်ဟုလည်း အိန္ဒိယ စီးပွားရေးသတင်းများက ဆိုသည်။
အိန္ဒိယ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကိုလည်း မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာနိုင်ငံ တိုးတက်ရေး အတွက် ပါဝင်လုပ်ဆောင်ရန် မြန်မာဘက်မှ ဖိတ်ခေါ် တိုက်တွန်းခဲ့သည်ဟုလည်း သိရသည်။
ယနေ့တွင် အိန္ဒိယနိုင်ငံ၏ အိုင်တီမြို့တော်တခုဖြစ်သော ဟိုက်ဒြာဘတ်သို့ သွားရောက်လေ့လာကြပြီး အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်များ ချုပ်ဆှိုသည်ဟု အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးရုံးမှ အရာရှိတဦးက ပြောသည်။
ဟိုက်ဒြာဘတ်ရှိ အိန္ဒိယ၏ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစု တခုဖြစ်သည့် TaTaတည်ရှိရာသို့လည်း သွားရောက်ကြပြီး TaTaနှင့် မြန်မာနိုင်ငံတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှု စာချုပ်များ ချုပ်ဆိုဖွယ်ရှိသည် ဟုလည်း သိရသည်။
ယမန်နှစ်က TaTaကုမ္ပဏီသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ကုန်ကားထုတ်လုပ်မှုစက်ရုံ ဖွင့်လှစ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်သည်။
ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်သည့် အိန္ဒိယအနေဖြင့် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ကို ကြိုဆိုလက်ခံမှုနှင့် မဟတ္တမ ဂန္ဒီ ဂူသင်္ချိုင်းသို့ သွားရောက်ဂါရ၀ပြုခြင်း တို့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူများ၊ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံ အားပေးသူများက ဝေဖန်ကန့်ကွက်ကြသော်လည်း ယမန်နေ့ နေ့လယ်က ဂူသင်္ချိုင်းသို့ သွားရောက်ခဲ့သည်။
အိန္ဒိယ အစိုးရက ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးအား မဟတ္တမ ဂန္ဒီ၏ ကိုယ်တပိုင်းပုံ ရုပ်တုနှင့် မဟတ္တမ ဂန္ဒီက သူ၏ မြေးဖြစ်သူအား ပြောဆိုဆုံးမခဲ့သည့် ပြစ်မှုကြီး ၇ ရပ်အကြောင်း ပိတ်ဖြူပေါ်တွင် ရိုက်နှိပ်ထားသည့် ကားချပ်ကို လက်ဆောင် အဖြစ် ပေးအပ်ခဲ့သည်။
အဆိုပါ ပိတ်ကားပေါ်တွင် ဂန္ဒီ ပြောဆိုခဲ့သော ပြစ်မှုကြီး ၇ ရပ်ဖြစ်သည့် “ကြိုးပမ်းအားထုတ်မှု မရှိသည့် ကြွယ်ဝချမ်းသာ ခြင်း၊ အသိတရားမရှိသည့် ကြည်နူး သာယာခြင်း၊ ဂုဏ်သိက္ခာကင်းမဲ့သည့် အသိပညာတတ်မြောက်ခြင်း၊ သမာသမတ် မရှိသည့် စီးပွားကူးသန်း ရောင်းဝယ်ခြင်း၊ လူသားချင်းစာနာမှု ကင်းမဲ့သည့် သိပ္ပံပညာ ဆည်းပူး ကျင့်သုံးခြင်း၊ စွန့်လွှတ် အနစ်နာခံခြင်း မရှိသည့် ဘာသာရေး လိုက်စားမှု၊ စည်းမျဉ်း ဥပဒေ မရှိသည့် နိုင်ငံရေး”တို့ကို အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသည်။
အိန္ဒိယမှ အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ထောက်ခံအားပေးသူများက ဂန္ဒီ၏ ဆိုဆုံးမမှုများကို ပေးအပ်သော်လည်း မြန်မာစစ်အစိုးရအနေနှင့် ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောဆိုကြသည်။
အိန္ဒိယ လူငယ်များသမဂ္ဂ (AllIndiaYouthFederation-AIYF)က မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်း ဆန္ဒပြခဲ့ကြပြီး ယနေ့တွင်လည်း ဟိုက်ဒြာဘတ်ရှိ အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များကို သွားရောက် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။
AIYFက မြန်မာပြည်တွင်း ရင်းနှီးမြုပ်နှံမှုပြုလုပ်ခြင်းသည် မြန်မာပြည်သူတို့အတွက် အကျိုးတစုံတရာ ရှိမည် မဟုတ်ဘဲ စစ်အစိုးရကိုသာ ကြွယ်ဝချမ်းသာမှုများပေးလိမ့်မည်ဟု ဝေဖန်သည်။
အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ခရီးစဉ်တလျှောက် ဆန္ဒပြမှုများ၊ သွားရာလမ်းတလျှောက်တွင် ရှုတ်ချသည့် ပိုစတာများ လိုက်လံကပ်ပြီး ကန့်ကွက်ခဲ့ကြသည်။
မြန်မာ့အရေး စိတ်ဝင်စားသည့် အိန္ဒိယ လွှတ်တော် အမတ်များအဖွဲ့ကလည်း သမ္မတနှင့် ၀န်ကြီးချုပ်ထံ စာများပေးပို့ ကန့်ကွက်ခဲ့ကြပြီး အတိုက်အခံ ပါတီတခုဖြစ်သည့် အိန္ဒိယ ကွန်မြူနစ်ပါတီ (CPI)က စစ်အစိုးရကို လက်ခံခြင်းသည် ဒီမိုကရေစီ ကျင့်သုံးသည့် အိန္ဒိယနိုင်ငံကို အရှက်ရစေကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။
ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဖမ်းဆီးအကျဉ်းချခြင်း၊ ဖိနှိပ်မှုများ ပြုလုပ်ခြင်းများသည် အခြေခံအကျဆုံးသော ဒီမိုကရေစီစနစ်ပင် မရှိသည့်အတွက် စစ်အစိုးရ၏ ရွေးကောက်ပွဲအပြီးတွင် ပေါ်ထွက်လာမည့် ရုပ်သေးအစိုးရ လက်ထက်တွင် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး အခြေအနေများသည် ယခင်ထက် ပိုမိုဆိုးဝါးလာမည်ဟု CPI၏ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့ ဒီမိုကရေစီရေးတို့အတွက် နိုင်ငံတကာမှ ဒီမိုကရေစီရေး အားပေးထောက်ခံသူများအနေဖြင့် ပူးပေါင်းတောင်းဆိုကြရန်လည်း တိုက်တွန်းထားသည်။
မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသည့် အိန္ဒိယနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးကို ယခင်က ထောက်ခံအားပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းတွင် အရှေ့မျှော်ဝါဒအရ မြန်မာစစ်အစိုးရနှင့် ပူးပေါင်း၍ နယ်စပ်ဒေသများရှိ ခွဲထွက်ရေးသူပုန် စစ်ဆင်ရေးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု တိုးမြှင့်လုပ်ဆောင်ခြင်းများ၊ စစ်အစိုးရအား လက်နက်နှင့် နည်းပညာထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး၏ ၂၀၀၄ ခုနှစ် အောက်တိုဘာလ အတွင်းက အိန္ဒိယနိုင်ငံသို့ ပထမဆုံး ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံ စီးပွားရေး ကူးသန်း ရောင်းဝယ်မှု စာချုပ်များ ချုပ်ဆိုသကဲ့သို့ စွမ်းအင်နှင့် ပတ်သက်၍ နှစ်နိုင်ငံ နည်းပညာထောက်ပံ့ ကူညီမှုများ ပြုရန်လည်း ဆွေးနွေးခဲ့သည်။
အိန္ဒိယနှင့် မြန်မာစစ်အစိုးရတို့ ဆက်ဆံရေးကို တစတစ တိုးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ထမံသီ ရေကာတာ စီမံကိန်းအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများကို လည်းကောင်း၊ အိန္ဒိယ စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် Essarကုမ္ပဏီကလည်း ကုလားတန် စီမံကိန်းအမည်ဖြင့် ရခိုင်ကမ်းရိုးတန်း စစ်တွေတွင် ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း ဆောက်လုပ်ခွင့်၊ စီမံဆောင်ရွက်ခွင့်၊ အသုံးပြုခွင့်တို့ကိုလည်းကောင်း ရရှိထားခဲ့သည်။

Geen opmerkingen: