မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 28 juli 2010

ရွှေတိဂုံ ဘာသာရေးအသင်းများ မှတ်ပုံတင်ရမည်

ဝီရ / ၂၈ ဇူလိုင် ၂၀၁၀
ရွှေတိဂုံစေတီ ရင်ပြင်တော်ရှိ ဘာသာရေးအသင်းဝင်များကို စိစစ်မှုများ ပိုမိုလုပ်ဆောင်လာပြီး အသင်းသားအားလုံး မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူတဦးက “ကိုယ့်အသင်းဝင်တွေကို တာဝန်ယူနိုင်မှု ရှိလာစေဖို့နဲ့ အသင်းဝင်တွေရဲ့ မှတ်တမ်းတွေ ဒီ့ထက် သိခွင့်ရစေဖို့ မှတ်ပုံတင်လုပ်ရတာ ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အသင်းအဖွဲ့အားလုံး မှတ်ပုံတင်ပြုလုပ်ရန် အထက်အာဏာပိုင်တို့၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိပုဂ္ဂိုလ်က ပြောသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင် အသင်းဝင်ပေါင်း (၅၀)အထက်ရှိသည့် ဘာသာရေးအသင်းအဖွဲ့များကိုသာ မှတ်ပုံတင်ခွင့်ပြုသွားမည် ဖြစ်ပြီး အသင်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ယခင်ကထက် ပိုမို၍ တင်ပြရကြောင်း ရွှေတိဂုံစေတီတော် ဘာသာရေးအသင်းတသင်းမှ အစိုးရဝန်ထမ်းတဦးက ပြောသည်။
၎င်းက “အသင်းဝင်တွေဆိုရင် ဓာတ်ပုံ (၂) ပုံ၊ မှတ်ပုံတင်မိတ္ထူ၊ နေရပ်လိပ်စာ၊ ကိုယ်ရေးရာဇဝင် စတာတွေ ဖြည့်ခိုင်းတယ်။ အရင်ကဆို အသင်းနာမည်ပဲ သူတို့မှတ်ထားတာ ရှိတယ်။ အခုဟာက အသင်းဝင်တွေ ဘယ်လောက်ရှိသလဲ အားလုံးတင်ပြရတဲ့သဘော ဖြစ်သွားတာပေါ့။ ဘုရားပေါ်က ဘာသာရေးအသင်းတွေတောင် ဒီလို အချက်အလက်တွေ တောင်းတာ နားမလည်နိုင်ဘူး။ ကုသိုလ်ကောင်းမှု ပြုဖို့ ဖွဲ့တဲ့အသင်းတွေလေ။ တံမြက်စည်းလှည်းဖို့၊ ဝတ်ပြုဆုတောင်းဖို့ ဒီလောက်အထိ စိစစ်စရာမလိုဘူးလို့ ကျမ ထင်တယ်လေ” ဟု ပြောကြားသည်။
ဘုရားပေါ်ရှိ ဘာသာရေးအသင်းတို့၏ အသင်းဝင်များကို ဂေါပကအဖွဲ့ရုံးက ယခင်က သတ်သတ်မှတ်မှတ် မှတ်တမ်းမထားရှိခဲ့၍ အရေးကိစ္စများ ပေါ်ပေါက်လာပါက ဖြေရှင်းရန် ခက်ခဲသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်၌ ဝတ်ပြုဆုတောင်းရန်၊ သန့်ရှင်းရေး ဝေယျာဝစ္စ လုပ်ငန်းများတွင် ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ရန် မြို့နယ်အလိုက်၊ အစိုးရဌာနဆိုင်ရာအလိုက်၊ အဖွဲ့အစည်းအလိုက် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ပေါင်း (၇၀) ကျော်ရှိကြောင်း ဂေါပကအဖွဲ့ရုံးက ပြောသည်။
ဘာသာရေးအသင်းတို့၏ အသင်းဝင်မဟုတ်သူများသည် ဧည့်ကတ်ပြား ရရှိပြီးမှ ဘုရားရင်ပြင်တော်တွင် ဘာသာရေးဆိုင်ရာ ကုသိုလ်ကောင်းမှုများ လုပ်ဆောင်ခွင့်ရှိသည်ဟူ၍ ဂေါပကအဖွဲ့ရုံးမှ အသစ်ထုတ်ပြန်သော စည်းကမ်းချက်တွင် ပါရှိသည်။
ရွှေတိဂုံဘုရားတွင် သန့်ရှင်းရေး ဝေယျာဝစ္စ အပတ်စဉ် ပြုလုပ်နေသည့် တက္ကသိုလ်ကျောင်းသူတဦးက “ပြီးခဲ့တဲ့အပတ်က အသင်းဝင် မဟုတ်ရင် လုပ်ခွင့်မရှိဘူးတဲ့။ အသင်းဝင်တွေဆိုရင် ကတ်ပြားတွေ ထုတ်ပေးထားတယ်တဲ့။ ရွှေတိဂုံဘုရား စောင်းတန်းတွေမှာ တံမြက်စည်းလှည်းဖို့ ကုသိုလ်လုပ်ဖို့တောင် မရှိတော့ဘူးလားဆိုပြီး ကျမတို့က အံ့သြသွားကြတယ်။ တခုခုတော့ လွဲနေတာတော့ အမှန်ပဲလေ” ဟု ပြောသည်။
ဘာသာရေးအသင်းများကဲ့သို့ မှတ်ပုံတင်ထားရှိခြင်း မရှိသော်လည်း တက္ကသိုလ်တက်ရောက်နေသူ ကျောင်းသူ၊ ကျောင်းသားတို့က ဘာသာရပ်အလိုက်၊ အတန်းအလိုက် ရွှေတိဂုံဘုရားသို့ လာရောက်၍ ကောင်းမှုပြုကြသည့် အသင်းအဖွဲ့များလည်း ရှိကြောင်း ယင်းကျောင်းသူက ပြောကြားသည်။
၎င်းက “ကျမတို့ကတော့ မှတ်ပုံတင်မှ၊ အသင်းဝင်ဖြစ်မှ လုပ်လို့ရတယ်လို့ မယူဆပါဘူး။ ကုသိုလ်ပြုတာပဲလေ။ သူတို့က ဘုရားပေါ်မှာ မပေးလုပ်ရင်လည်း ဘုရားအောက်ဘက်ခြမ်းက ဝေယျာဝစ္စ လုပ်လို့ရတာ သွားလုပ်မှာပေါ့” ဟု ပြောကြားသည်။

Geen opmerkingen: